သုံးရလွယ်ကူစေသည့် Link များ

ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဖို့ နောက်ဆုံးအဆင့် စီစဉ်မှုတွေ လုပ်နေမယ်လို့ သံသယရှိသူ ၃ ဦးကို ဗုဒ္ဓဟူးနေ့ ဆက်တိုက် စီးနင်းမှုတွေ အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ လန်ဒန်ရဲတွေက ပြောပါတယ်။ သူတို့ဟာ စနေနေ့ကဖြစ်ပွါးခဲ့တဲ့ လန်ဒန် တံတားတိုက်ခိုက်မှု ပုံစံမျိုး လုပ်ဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။

အခု ဖမ်းမိသူ တွေဟာ အသက် ၃၀ ဝန်းကျင်ရှိပြီး လန်ဒန်တံတားနဲ့ Borough ဈေးတဝိုက်မှာ ၈ ဦး သေဆုံးပြီး ၄၈ ဦးကို ဒဏ်ရာရစေတဲ့ Van ကားနဲ့ရော ဓါးနဲ့ပါ တိုက်ခိုက်ခဲ့သူ တွေနဲ့တော့ ဆက်နွယ်မှု မရှိဘူးလို့လည်း ရဲတွေက ပြောပါတယ်။

ဒီတိုက်ခိုက်သူတွေကို စနေနေ့က လက်နက်အပြည့်နဲ့ ရဲတွေ ပစ်ခတ်ကြတာကို ဒေသခံ တဦးရိုက်ထားတဲ့ ဗွီဒီယို အသစ် ထွက်လာချိန်မှာပဲ အခုလို အကြမ်းဖက်ဖို့ ကြံစည် သူ နောက်ထပ် ၃ ဦးကို ဖမ်းမိကြောင်း သတင်းတွေ ထွက်လာခဲ့တာပါ။ ဒီအထဲမှာ ရဲအရာရှိတွေ ကားထဲက ထွက်လာပြီး ၈ မိနစ်လောက်အတွင်းမှာပဲ ပစ်ခတ်ကြရင်း အကြမ်းဖက်သမား ၃ ဦးစလုံးကို အသေဖမ်းမိခဲ့တာကို ပြသထားတာပါ။

Times သတင်းစာပါ နောက်ဗီဒီယို တခုမှာတော့ လန်ဒန်တံတား တိုက်ခိုက်သူ ၃ ဦးဖြစ်တဲ့ Khuram Shazad Butt, Rachid Redouane နဲ့ Youssef Zaghba တို့ကို သူတို့ မကြာမကြာတွေ့ဆုံလေ့ရှိတဲ့ လန်ဒန် အရှေ့ပိုင်းကမွတ်စလင်များအတွက်သာ သီးသန့်ဖွင့်ထားတဲ့ Ummah Fitness Center အားကစားရုံ အပြင်ဘက်မှာ တိုက်ခိုက်မှု မလုပ်ခင် ၅ ရက်က သူတို့ ဖက်လှဲတကင်း ရယ်မောနေ တာကို ပြသထားပါတယ်။ အဲဒီနေရာဟာ Butt ရဲ့ နေအိမ်နားမှာ ရှိပြီး သူဟာအဲဒီမှာ သူ့မိန်းမနဲ့ ကလေးငယ် ၂ ယောက်နဲ့ အတူ နေထိုင်တာပါ။

အဲဒီအားကစားရုံဟာ လူ ၅၂ ဦးသေဆုံးပြီး ၇၀၀ ကျော် ဒဏ်ရာရခဲ့တဲ့ ပထမဆုံး လန်ဒန်မှာ အသေခံဗုံးခွဲ အတိုက်ခိုက်ခံရတဲ့ ၂၀၀၅ ခုနှစ် - လန်ဒန်မြေအောက်ရထားလမ်း ဗုံးခွဲမှုမှာ ပါဝင်သူတွေကို လေ့ကျင့်သင်ကြားရာမှာ ကူညီခဲ့တယ်လို့ စွပ်စွဲ ခံခဲ့ရသူ ပိုင်ဆိုင်တဲ့ အားကစားရုံဖြစ်ပါတယ်။

XS
SM
MD
LG