Zawgyi
မြန်မာနယ်စပ် မဲဆောက်မှာ လက်နက် (၆၀)ခန့် ထိုင်းရဲ ဖမ်းဆီးသိမ်းဆည်း
ထိုင်း၊ လာအိုနဲ့မြန်မာနိုင်ငံတွေကိုနယ်စပ်ဖြတ်ကျော်ပြီး လက်နက်ပို့ဆောင်ရောင်းချနေတဲ့မှောင်ခိုဂိုဏ်းတွေကို နှိမ်နှင်းနေတဲ့ ရဲတပ်ဖွဲ့ကထိုင်းနိုင်ငံသားတဦးနဲ့ လက်နက်တွေကို မဲဆောက်မြို့မှာ ဖမ်းမိခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့နယ်စပ်ဖြစ်တဲ့ မဲဆောက်မြို့က နေအိမ်တလုံးကို ဖမ်းဝရမ်းနဲ့ဝင်ရောက်ရှာဖွေရာမှာ သေနတ်မျိုးစုံ အလက် ၆၀ နီးပါးဖမ်းမိတဲ့အကြောင်း ထိုင်းအခြေစိုက် ဗီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ပါတယ်။
မြန်မာနိုင်ငံနဲ့ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့က၊ အင်ထရာခီရိလမ်း၊ ဘန့်နိုင်ဖန်ရပ်ကွက်ထဲက ထိုင်းလူမျိုးပိုင်နေ အိမ်တအိမ်ကို နိုဝင်ဘာလ ၅ ရက်၊ စနေနေ့က မြို့တာဝန်ရှိသူတွေအတူရဲနဲ့ စစ်တပ်ပူးပေါင်းဝင်ရောက်ရှာဖွေရာမှာ လက်နက် ၅၉ လက်နဲ့အတူ ထိုင်းနိုင်ငံသားတဦးကို ဖမ်းမိခဲ့ပါတယ်။ ရှာဖွေရေးကို မဲဆောက်မြို့ပိုင် Somchai Trithipchatsakul နိုင်စုန်ချိုင် ကိုယ်တိုင်ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ တိုင်ကြားတဲ့အတွက် နယ်မြေရဲတပ်ဖွဲ့နဲ့ထိုင်း စစ်တပ်ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်ရှာဖွေခဲ့ကြတာပါ။ ဖမ်းမိတဲ့သေနတ်တွေဟာ တရားဝင်လိုင်စင်ရှိတဲ့ သေနတ်တွေဖြစ်တယ်လို့ ပိုင်ရှင်ဖြစ်တဲ့ ထိုင်းနိုင်ငံသားကထွက်ဆိုခဲ့ပေမယ့် လက်နက်အားလုံးကို ရဲစခန်းပို့ပြီး အသေးစိတ်စစ်ဆေးမယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ လက်နက်မှောင်ခိုဂိုဏ်းတွေကို ဖော်ထုတ် ဖမ်းဆီးနေတာ ဖြစ်တယ်လို့ ထိုင်းရဲချုပ် Torsak Sukwimol သော်ဆပ် စွတ်ဝိမွန်က သတင်းထောက်တွေကို ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။
“ကျနော်တို့အနေနဲ့လက်နက်မှောင်ခိုဂိုဏ်းတွေကို စုံးစမ်းဖေါ်ထုတ်ဖမ်းဆီးနေပါတယ် စုံစမ်းစစ်ဆေးရေးအဖွဲ့တွေရဲ့ ဖေါ်ထုတ်ချက်တွေကိုတော့ အစိုးရတာဝန်ရှိသူတွေထံ တင်ပြလုပ်ဆောင်သွားမှာပါ” ဆိုပြီးထိုင်းဘာသာနဲ့ပြောသွား ပါတယ်၊
ထိုင်းနိုင်ငံမှာ လက်နက်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်လို့ တရားဝင်လိုင်စင်နဲ့ ဝယ်ယူခွင့်တွေကိုချပေးထားပါတယ်။ ဒါပေမယ့် လက်နက်မှောင်ခိုဂိုဏ်းတွေကတော့ တရားဝင်လက်နက်ဝယ်ယူခွင့် လိုင်စင်တခုကိုပဲ မိတ္တူပွားပြီး သေနတ်မျိုးစုံ ဝယ်ယူနေတာတွေ့ရတယ်လို့ရဲတပ်ဖွဲ့က ပြောပါတယ်။
သေနတ်ဝယ်ယူခွင့်လိုင်စင်တခုကို မိတ္တူ ၅၀၀ လောက်အထိပွားပြီး ပြည်နယ်တွေမှာ လက်နက်မှောင်ခိုသမားတွေက လက်နက်တွေ ဝယ်ယူနေတယ်လို့ ရဲတပ်ဖွဲ ွှရဲ့ ထုတ်ပြန်ချက်တွေမှာဖော်ပြပါတယ်။ ဒီလက်နက်မှောင်ခိုဂိုဏ်းတွေဟာ ထိုင်းမြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ မဲဆောက်မြို့နဲ့မယ်ဆိုင်မြို့တွေကတဆင့် မြန်မာပြည်ဘက်ကို ရောင်းချနေတာတွေ ကိုလည်းစစ်ဆေးတွေ့နေရတယ်လို့ ထိုင်းအာဏာပိုင်တွေကိုကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ် ၊ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာတော့ လက်နက်မှောင်ခိုသမားတွေဆီက လက်နက်တွေဖမ်းမိတာတွေလည်း ရှိသလို ပိုင်ရှင်မဲ့လက်နက်တွေဖမ်းမိတာတွေရှိနေပါတယ်ရှင်။
Unicode