သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မ ၉၉ ဗိုလ်မှူးတဦး CDM ပါဝင်ပြီး လွတ်မြောက်နယ်မြေ တိမ်းရှောင်


ဗိုလ်မှူးဟိန်းသော်ဦး။
ဗိုလ်မှူးဟိန်းသော်ဦး။

(Zawgyi / Unicode)

မန္တလေးတိုင်း၊ မိတ္ထီလာအခြေစိုက် တပ်မ ၉၉ က ဦးစီးအရာရှိ (ဒုတိယတန်း) (စစ်ရေး/စစ်ထောက်) တာဝန်ယူထားတဲ့ ဗိုလ်မှူးတယောက်ဟာ အကြမ်းမဖက် အာခံတဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်လာပြီးနောက် လွတ်မြောက်နယ်မြေကို တိမ်းရှောင်လာခဲ့ပါတယ်။ စစ်တပ်တွင်းမှာ ပြည်သူလူထုနဲ့ ပူးပေါင်းလိုတဲ့ အရာရှိတွေ အများအပြား ရှိနေသေးတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကောင်စီက အာဏာသိမ်းလိုက်ပြီးတဲ့နောက် အရပ်သားနဲ့ ကျောင်းသားပြည်သူ ၇၀၀ ကျော်ကို သတ်ဖြတ်မှုတွေ လုပ်ခဲ့တာကြောင့် စစ်တပ်ရဲ့ဖိနှိပ်မှု၊ ရက်စက်မှု၊ လူမဆန်မှုတွေအပေါ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရတာပါ။ ဒီလိုဖြစ်နေတဲ့အပေါ်မှာ တပ်တွင်းမှာလည်း တပ်က ထွက်ချင်သူတွေကို ဖိနှိပ်မှုတွေ ဆက်တိုက်လုပ်လာတယ်လို့ တိမ်းရှောင်နေရတဲ့ ဗိုလ်မှူးဟိန်းသော်ဦးက ပြောပါတယ်။

“လူမှုအသိုင်းအဝိုင်းက ပွင့်လင်းလာတာတွေရှိတယ်။ ဖုန်းတွေနဲ့ ဆိုရှယ်မီဒီယာ ပွင့်လင်းလာတဲ့အချိန်မှာ ဖိနှိပ်ခံရတာတွေ မခံစားနိုင်တဲ့ ပညာတတ်တဲ့လူတွေ ပိုများလာတာပေါ့။ များတော့ ဒါကို ငါတို့ မဖြစ်ဖြစ်အောင် ဖောက်ထွက်မယ်ဆိုတဲ့လူတွေ နဂိုတည်းကလည်း ဒီဘက်ကို စွန့်ခွာပြီးတော့ တခြားမှာ ရှောင်ရတာတွေ ရှိတယ်။ အဲလိုရှိလာပြီး အရာရှိပိုင်းတွေ ပြေးတာတွေ များလာတဲ့အတွက် အရာရှိတယောက် ထွက်ပြေးတယ်ဆိုရင် စစ်မှုထမ်း စည်းမျဉ်းအရ ထောင် ၃ နှစ်ချတာပေ့ါ။ စစ်ပြေးအဖြစ် ကြေညာပြီး ခွင့်မဲ့ဖြစ်တာ ၂၁ ရက်ပြည့်လို့ ကျော်လာပြီဆိုရင် စစ်ပြေးအဖြစ် ကြေညာပြီး အရာရှိဆို ဘာမှ ခြွင်းချက်မရှိ ထောင် ၃ နှစ်ချတယ်။ အဲဒီကနေ ထောင် ၃ နှစ်ချလို့ မကြောက်လို့ ထပ်ထွက်ပြေးကြတော့ ၅ နှစ်ချတယ်။ အဲဒီ ၅ နှစ်လည်း မရတော့ ၇ နှစ်ထိချမယ် ဆိုပြီးတော့ နောက်ကျရင် စစ်ပြေးမှုကို ထောင် ၇ နှစ်အပြင် ကျနော်တို့ တပ်မတော်မှာ ပုဒ်မ ၆၅ လို့ခေါ်တဲ့၊ အမြင်ကတ်ပုဒ်မလို့လည်း ခေါ်ကြတာပေါ့၊ စစ်စည်းကမ်းကို တိကျစွာ မလိုက်နာမှုဆိုပြီး ဒါနဲ့ပါ အရေးယူမယ်ဆိုတော့၊ ပုဒ်မ ၆၅ သည် ထောင်နှစ်ကြီးချလို့ရတယ်။ ထောင်နှစ်ကြီးကို ကြိုက်သလောက်ချလို့ရတဲ့ ပြစ်မှုမျိုးနဲ့ နှစ်ခုတွဲပြီးတော့ စစ်ပြေးမှုရော ပုဒ်မ ၆၅ နဲ့ရော ချမယ်တို့ဘာတို့ ဖြစ်လာတာပေါ့။”

အသက် ၃၅ ခန့်ရှိတဲ့ ဗိုလ်မှူးဟိန်းသော်ဦးဟာ စစ်တပ်တွင်းမှာ နှစ်ပေါင်း ၁၆ နှစ်လောက် နေထိုင်ခဲ့တဲ့အတွက် တပ်တွင်းဖိနှိပ်မှုတွေကို ကောင်းကောင်းသိခဲ့ပြီး အခုလို လူငယ်တွေ အရပ်သားတွေကို ပစ်ခတ်တာတွေကို လက်မခံနိုင်ကြောင်း၊ အဲဒီအတွက် CDM စစ်သား ဖြစ်ခဲ့ရကြောင်း၊ လက်ရှိ တိုက်ပွဲဝင်နေတဲ့ မျိုးဆက်သစ် Gen Z တွေရဲ့ ဇွဲလုံ့လကိုလည်း အသိအမှတ်ပြုပြီး လက်နက်ချင်း မမျှသေးတဲ့အတွက် သေချာပြင်ဆင်ပြီးမှ တိုက်ပွဲဝင်စေချင်တယ်လို့လည်း ပြောပါတယ်။

“တိုင်းပြည်အတွက် တော်တော်ရဲရင့်တဲ့ ညီငယ်တွေလို့ပဲ မြင်တာပေါ့။ တိုင်းပြည်အတွက် သူတို့မှာ စွန့်လွှတ်စွန့်စားမှု အပြည့်ရှိတယ်။ တော်တော်လည်း ရဲရင့်တဲ့ ညီငယ်တွေပါ။ ဒါပေမယ့် သူတို့ကို ပြောချင်တာက ညီလေးတွေ အနေနဲ့ ကိုယ့်ရဲ့ဦးနှောက်ကို တော်တော်သုံးစေချင်တယ်။ ဘာလို့ပြောရလဲဆိုရင် လက်နက်ချင်း မမျှသေးဘူး။ ကိုယ့်ဘာသာ နည်းနည်းလေး လေ့ကျင့်မှုတွေရော ကျန်တဲ့အရာတွေရော လုပ်ဖို့လိုနေတာပေါ့။ ဒါပေမယ့် စိတ်ဓာတ်တွေတော့ လျှော့လိုက်လို့ မရဘူး။ စိတ်ဓာတ်တွေ မြှင့်တင်ပြီး ဒီအားတွေကြောင့် ကိုယ်လိုချင်တာကို ရအောင် တောင်းဆိုရဲတဲ့ သတ္တိတွေကြောင့် ဒီနေ့ ဒီလိုမျိုး စပြီး ထူးခြားမှုတွေတော့ ရလာမှာပါ။ ပြီးရင် သူတို့လိုချင်တာ ဖြစ်ကို ဖြစ်လာမယ်လို့လည်း ယုံကြည်ထားပါတယ်။ ညီလေးတွေကို ကိုယ့်အသက်ကို ရှာကြံပြီး မွေးကြ။ တယောက်ချင်းစီက တိုင်းပြည်အတွက် ရတနာတွေချည်းပဲ။”

မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဧပြီလ ၂၄ ရက်က လုပ်ခဲ့တဲ့ အာဆီယံ ဆုံးဖြတ်ချက်ကိုလည်း လက်မခံနိုင်ကြောင်း၊ အာဆီယံဟာ သူတို့နိုင်ငံတွေရဲ့ အမျိုးသား အကျိုးစီးပွားကိုသာ တလျှောက်လုံး ကြည့်ခဲ့ကြောင်းကိုလည်း ပြောသွားပါတယ်။

“အာဆီယံပဲဖြစ်ဖြစ် ဘယ်နိုင်ငံပဲဖြစ်ဖြစ် သူ့ရဲ့ အမျိုးသားအကျိုးစီးပွားကို အရင်စဉ်းစားမှာပဲ။ သူတို့ရဲ့ အမျိုးသားအကျိုးစီးပွားကို စဉ်းစားပြီးတော့မှ အလုပ်လုပ်ကြတယ်။ ဒါကြောင့်လည်း ပြည်သူက ဘာတွေပြောပြော ပြည်သူက ရွေးချယ်ထားတဲ့ အစိုးရကို လက်မခံဘဲနဲ့ ဒီလိုမျိုးဖြစ်လာတာကို သူတို့ တွေ့တယ်။ တွေ့ပြီးတော့ ထွက်လာတဲ့ ရလဒ်ကလည်း ဒီအကြမ်းဖက်တဲ့ အုပ်စုတွေက ပြင်ပါဆိုတော့ ဒီလောက် တကမ္ဘာလုံးလည်း သိနေတာပဲ။ အာဆီယံကလည်း မြန်မာနိုင်ငံ ဝုန်းဆို ထောင်တက်လာရင် သူတို့ကို ကျော်မှာ ကြောက်တယ်။ ကိုယ့်ထက်ကောင်းမှာ မနာလိုတဲ့လူတွေ အဖွဲ့အစည်းတွေကလည်း ရှိနေတာပဲ၊ ကိုယ့်ရဲ့ ခြံစည်းရိုး ပတ်ပတ်လည်မှာကို ရှိနေတာပဲ။”

လုံခြုံတဲ့နေရာကို တိမ်းရှောင်လာတဲ့ ဗိုလ်မှူးဟိန်းသော်ဦးနဲ့အတူ နောက်ထပ် စစ်တပ်ထဲက ထွက်လာတဲ့ တပ်မှူးတွေလည်း ရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရအောက်မှာ ပြည်သူအကျိုးအတွက် တတ်စွမ်းသရွေ့ ဆက်လုပ်သွားမယ်လို့လည်း ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)










XS
SM
MD
LG