(Zawgyi / Unicode)
မလေးရှားနိုင်ငံက ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေပေါ် တာဝန်ရှိသူတွေရဲ့ ပြုမူဆက်ဆံပုံနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် ရွှေ့ပြောင်းလုပ်သားတဦးကို မလေးရှားအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်ပါတယ်။
ပြည်ပ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် မလေးရှားအစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး Al Jazeera ရုပ်သံဌာနက ရိုက်ကူးတဲ့ မှတ်တမ်းတင်ရုပ်သံ အစီအစဉ်ထဲမှာ ဘင်္ဂလားဒေ့ရှ် အလုပ်သမား Mohammad Rayhan Kabir က ဝေဖန်ပြောဆိုခဲ့ပြီးတဲ့နောက် မလေးရှားအစိုးရဘက်က အခုလို တုံ့ပြန် လုပ်ဆောင်တာပါ။
မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Khairu Dzaimee Daud က ၂၅ နှစ်အရွယ် Rayhan ကို သောကြာနေ့ နှောင်းပိုင်းက ပြန်ပို့လိုက်ပြီလို့ အတည်ပြုပေးပေမယ့် ဘာကြောင့် ပြန်ပို့တာလဲ ဆိုတာကိုတော့ မဖြေခဲ့ဘူးလို့ ရိုက်တာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
Rayhan ဟာ သောကြာနေ့ညက ကွာလာလမ်ပူမြို့တော် နိုင်ငံတကာ လေယာဉ်ကွင်းကို လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ ရောက်လာခဲ့ပြီး သတင်းထောက်တွေကို လက်ဝှေ့ယမ်း လက်မထောင်ပြခဲ့တယ်လို့ မလေးရှားအစိုးရပိုင် Bernama သတင်းက ပြောပါတယ်။
COVID-19 ကမ္ဘာ့ကပ်ရောဂါဆိုက်ချိန် မလေးရှားအစိုးရအနေနဲ့ အထောက်အထားမရှိတဲ့ ပြည်ပလုပ်သားတွေအပေါ် မတရားပြုမူမှုတွေအကြောင်း ဇူလိုင် ၃ ရက်နေ့က ထုတ်လွှင့်တဲ့ Al Jazeera ရုပ်သံမှတ်တမ်း အစီအစဉ်မှာ ပြောခဲ့အပြီး Rayhan ကို မလေးအစိုးရက နိုင်ငံထဲဝင်ခွင့် ပိတ်ပင်တဲ့ နာမည်ပျက်စာရင်း သွင်းပြီးတော့ ဖမ်းဆီးခဲ့တာပါ။
ဒီရုပ်သံမှတ်တမ်း အစီအစဉ်ကို ထုတ်လွှင့်ခဲ့ပြီးတဲ့နောက် မလေးရှား အာဏာပိုင်တွေဟာ Al Jazeera သတင်းဌာနက သတင်းထောက်တွေကို စစ်ဆေးမေးမြန်းခဲ့သလို ရုံးတွေကိုလည်း ဝင်ရှာခဲ့ပါတယ်။ ဒီလုပ်ရပ်ကြောင့် မလေးရှားအစိုးရဟာ သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်ပြောဆိုခဲ့ပါတယ်။
---------------------
(Unicode)