သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှား IS ခြိမ်းခြောက်မှု မြန်မာအစိုးရ စုံစမ်းနေ


မလေးရှားနိုင်ငံက Negri Sembilian ရဲစခန်းကို IS ခြိမ်းခြောက်ရေးသားပို့လိုက်တဲ့စာထဲမှာ မလေးရှားဝန်ကြီးချုပ်နဲ့ ဝန်ကြီးအချို့အပါအဝင် ဒေါ်အောင်ဆန်းစုကြည် အမည်ကိုလည်း ထည့်သွင်းထားပြီး အသက်အန္တရာယ်ခြိမ်းခြောက်ထားတယ်လို့ မလေးရှား သတင်း တွေမှာ ဖော်ပြပါတယ်။ (Photo- Myanmar State Counsellor FB )
မလေးရှားနိုင်ငံက Negri Sembilian ရဲစခန်းကို IS ခြိမ်းခြောက်ရေးသားပို့လိုက်တဲ့စာထဲမှာ မလေးရှားဝန်ကြီးချုပ်နဲ့ ဝန်ကြီးအချို့အပါအဝင် ဒေါ်အောင်ဆန်းစုကြည် အမည်ကိုလည်း ထည့်သွင်းထားပြီး အသက်အန္တရာယ်ခြိမ်းခြောက်ထားတယ်လို့ မလေးရှား သတင်း တွေမှာ ဖော်ပြပါတယ်။ (Photo- Myanmar State Counsellor FB )

မလေးရှားနိုင်ငံက Negri Sembilian ရဲစခန်းကို IS အဖွဲ့ဆိုပြီး ခြိမ်းခြောက်ရေးသားပို့လိုက်တဲ့စာထဲမှာ မလေးရှားဝန်ကြီးချုပ်နဲ့ ဝန်ကြီးအချို့အပါအဝင် မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် အမည်ကိုလည်း ထည့်သွင်းထားပြီး အသက်အန္တရာယ်ခြိမ်းခြောက်ထားတယ်လို့ မလေးရှား သတင်း တွေမှာ ဖော်ပြပါတယ်။ မြန်မာတာဝန်ရှိသူတွေဘက်ကတော့ ဒါကို အသေးစိတ်သိရအောင် စုံစမ်းနေပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် နိုင်ငံတော်အဆင့်လုံခြုံရေးအဖြစ် ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မလေးရှား နိုင်ငံ ပြည်နယ်တခုဖြစ်တဲ့ Negri Sembilan မှာရှိတဲ့ ရဲဌာနအချို့ကို IS အကြမ်းဖက်အဖွဲ့ကဆိုပြီး ပေးပို့လိုက်တဲ့ စာထဲမှာ မလေးရှား ဝန်ကြီးချုပ်နဲ့ ဝန်ကြီး တစ်ချို့အပါအဝင် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို ဓာတ်ပုံနဲ့ ဖော်ပြပြီး အသက် အန္တရာယ်ခြိမ်းခြောက်ထားပါတယ်။ စာမျက်နှာ နှစ်မျက်နှာပါတဲ့ ဒီစာဟာ IS အကြမ်းဖက်အဖွဲ့က ပေးပို့တဲ့ တကယ့်စာ မဟုတ်မဟုတ် ဆိုတာတွေကို မလေးရှားရဲက စုံစမ်းစစ်ဆေးနေတယ်လို့ မလေးရှားသတင်းတွေမှာ ဖော်ပြပါတယ်။

ဒါနဲ့ ပတ်သတ်လို့ မလေးရှား အာဏာပိုင်တွေဘက်က မြန်မာအစိုးရ တာဝန်ရှိသူတွေထံကို တရားဝင် အကြောင်းကြားစာ မပေးပို့သေးပေမယ့်လို့ ဒီသတင်းနဲ့ ပတ်သတ်လို့ တိကျခိုင်မာမှု ရှိမရှိ စတင် စုံစမ်းဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ဆီမှာလည်း လုံခြုံရေးဆိုင်ရာပေါ့နော် ဆိုလိုတာက အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ဟာတွေကို အလေးထားပြီးဆောင်ရွက်တယ်။အဲဒါကြောင့် ဒီသတင်းအပေါ်မှာ မလေးရှားနဲ့ သူတို့ရဲ့သတင်းကိုလည်း လေ့လာနေတာတွေရှိတယ်။ လုံခြုံရေးအဖွဲ့အစည်းတွေလည်း သူတို့လုပ်စရာရှိတာတွေကို လုပ်ဆောင်နေပါတယ်။

မေး။ ။ ဟုတ်ကဲ့ ဘယ်လိုပုံစံမျိုးနဲ့ ဒီစာကို ဟုတ်မဟုတ်ဆိုတာ အတည်ပြုတာတွေရှိနေပါသလဲခင်ဗျ။

ဖြေ။ ။ အခုလောလောဆယ်ပြောနေတာက မလေးရှားက တာဝန်ရှိတဲ့ လုံခြုံရေးအဖွဲ့အစည်းတွေ ပြောတာကိုက ဒါက မလေးရှားမှာရှိတဲ့ အဲဒီဒေသရဲစခန်းကိုပို့တဲ့ အဲဒီဒေသမှာရှိတဲ့ ISIS ဒီလောက်မရှိဘူး။ သို့သော်အဲဒီမှာရှိတဲ့အစွန်းရောက်တွေ လူတွေ တိုးပွားလာအောင် စွဲဆောင်စည်းရုံးလုပ်တဲ့သဘောထားလို့ သူတို့က အခုအချိန်အထိ သူတို့ သုံးသပ်ထားတယ်။ သို့သော်ကျနော်တို့က ဒါကတော့ လေ့လာသုံးသပ်စဲပါ။”

လက်ရှိအချိန်ထိတော့ ဒီစာဟာ ဘယ်လောက်ထိ ခိုင်မာ တိကျမှု ရှိလဲဆိုတာကိုတော့ မလေးရှား အာဏာပိုင်တွေ ဖက်ကကော မြန်မာအစိုးရဖက်ကပါ တရားဝင် ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးပါဘူး။ မြန်မာနိုင်ငံ အစိုးရဖက်ကတော့ အခုလိုမျိုး ဖြစ်ရပ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အလေးထား ဆောင်ရွက်သွားမယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

“အကြမ်းဖက်တိုက်ခိုက်မှုလုပ်မယ်ဆိုတဲ့ သတင်းအချက်အလက် အကြမ်းဖက်ခြိမ်းခြောက်ချက် ဒါတွေနဲ့ ပတ်သက်ပြီးတော့ ထွက်ပေါ်လာတယ်ဆိုရင် ကျနော်တို့ အစိုးရတွေ သက်ဆိုင်ရာအဖွဲ့အစည်းတွေ တာဝန်ရှိသူတွေအနေနဲ့ လျှော့တွက်လို့မရဘူး။ တချိန်တည်းမှာလည်း အရမ်းစိုးရိမ်စရာမလိုဘူး။ လုပ်သင့်လုပ်ထိုက်တာ အလေးထားပြီးတော့လုပ်ရမယ်။ ကျနော်တို့ နိုင်ငံတော်အတိုပင်ခံပုဂ္ဂိုလ် ဒီလိုမျိုး by name နဲ့ ပေါ့နော် နံမည်တပ်ပြီတော့ ခြိမ်းခြောက်တဲ့အခါမှာ ကျနော်တို့က လုံခြုံရေးအရ ဆောင်ရွက်ရတာရှိတယ်။ အရေကြီးပုဂ္ဂိုလ်အတွက်ဆိုရင် ကျနော်တို့က အနီးကပ်လုံခြုံရေးရှိတယ်။ အတွင်းစည်း လုံခြုံရေးရှိတယ်၊ အပြင်စည်း လုံခြုံရေးရှိတယ်။ သွားတဲ့လမ်းကြောင်းတလျှောက် လမ်းကြောင်းလုံခြုံရေးရှိတယ်။ နောက်အချိန်ကာလ သာမန်အချိန်တွေမှာမှ ခြိမ်းခြောက်မှုရှိတဲ့အခါလုပ်ဆောင်ရတဲ့ လုံခြုံရေးပုံစံတွေရှိတယ်။ နောက် ခုနလို ထောက်လှမ်းရေးသတင်းအချက်အလက်အရဖြစ်စေ၊ သတင်းပေးမူဖြစ်စေ ဒါမျိုးကြားတဲ့အခါမှာ လုပ်ဆောင်ရတဲ့ လုံခြုံရေး ရယူဆောင်ရွက်ရတာတွေရှိတယ်။ နောက်အရေးပေါ်ပေါ့နော် အဲဒီလိုမျိုးတိုက်ခိုက်မူတွေ confirm အတည်ပြုတာတွေဖြစ်လာပြီဆိုတဲ့ အနေအထားမှာ ကျနော်တို့ ဖြစ်တော့မယ်ဆိုတဲ့အနေအထားမှာ ဆောင်ရွက်ရတဲ့ လုံခြုံရေးအခြေအနေရှိတယ်။ နောက်ဆုံးကတော့ ဖြစ်လာပြီ ဖြစ်သွားပြီ ဆိုတဲ့အချိန်မှာ လုပ်ဆောင်ရတဲ့ လုံခြုံရေးအခြေအနေရှိတယ်။ ဒီခြိမ်းခြောက်မှု ပေါ်ထွက်လာတဲ့အတွက် ဖိဖိစီးစီးဆောင်ရွက်သွားမယ်ပေါ့နော်။ ခြိမ်းခြောက်မှုမရှိတဲ့ အနေအထားမျိုးတော့ ကျနော်တို့ သဘောထားလို့မရဘူး။”

မလေးရှားနိုင်ငံ Negri Sembilanပြည်နယ်ထဲမှာ IS စစ်သွေးကြွ အဖွဲ့ဝင်တွေ ၇၀၀ ရှိတယ်ဆိုပြီး ဒီစာထဲမှာ အခို်င်အမာပြောဆိုထားပေမယ့်လို့ မလေးရှား အာဏာပိုင်တွေဖက်ကတော့ ဒါနဲ့ ပက်သတ်လို့ မမှန်ကန်ကြောင်း ငြင်းချက်ထုတ်ထားပါတယ်။

ပြီးတော့ ဒီစာ ပေးပို့တဲ့သူဟာ မလေးရှားနိုင်ငံတွင်းက IS စစ်သွေးကြွတွေရဲ့ လွမ်းမိုးမှုမှုကို ကြွားလုံးထုတ်ချင်တဲ့ သဘောနဲ့ အခုလိုမျိုး ကြိုးစား အားထုတ်တာ ဖြစ်နိုင်တယ်လို့ မလေးရှား ရဲတပ်ဖွဲ့က ယုံကြည်နေပါတယ်။ အညိုရောင် စာအိတ် တစ်အိတ်နဲ့ ထည့်ထားတဲ့ ခြိမ်းခြောက်စာနဲ့ ဓာတ်ပုံတွေကို လက်ရှိအချိန်မှာ မလေးရှား မူခင်းအဖွဲ့က ကိုင်တွယ်နေပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဒီ ခြိမ်းခြောက်စာထဲမှာ မြန်မာနိုင်ငံ ခေါင်းဆောင် တစ်ဦး ပါဝင်နေတယ်ဆိုတာကိုတော့ မလေးရှား ရဲအရာရှိ တဦးက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ခြိမ်းခြောက်စာထဲမှာ မြန်မာခေါင်းဆောင်တဦးပါဝင်တယ်လို့ဆိုပေမယ့် ဘယ်သူဘယ်ဝါ ဆိုတာကိုတော့ အဲဒီ ရဲအရာရှိက အသေးစိတ်ပြောထားတာမရှိပါဘူး။”

နိုင်ငံတော်အတိုပင်ခံပုဂ္ဂိုလ်လည်းဖြစ် မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို မလေးရှားနိုင်ငံကို လာရောက်လည်ပတ်ဖို့ မလေးရှားဝန်ကြီးချုပ်က တရားဝင် ဖိတ်ကြားထားပြီး၊ ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း ဒါကို လက်ခံထားပါတယ်။ ဒါပေမယ့်လို့ ဘယ်အချိန်အခါ သွားရောက်မယ်ဆိုတာကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG