သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား နောက်ထပ် ၁၇၀ နီးပါး မလေးရှားကနေ ပြန်ခွင့်ရ


ထိန်းသိမ်းရေးစခန်းထဲကနေ နေရပ် ပြန်ပို့ခံရတဲ့မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ- မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဇန်နဝါရီလ ၆၊ ၂၀၂၁)
ထိန်းသိမ်းရေးစခန်းထဲကနေ နေရပ် ပြန်ပို့ခံရတဲ့မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ- မြန်မာလူမှုကူညီရေးအသင်း (မလေးရှား) - ဇန်နဝါရီလ ၆၊ ၂၀၂၁)

[Zawgyi/Unicode]

ကိုဗစ်ကပ်ဘေးကာလ မလေးရှားနိုင်ငံမှာ ထိန်းသိမ်းခံထားရသူတွေ အပါအဝင် မြန်မာနိုင်ငံသား နောက်ထပ် ၁၇၀ နီးပါး နေရပ်ပြန်ခွင့်ရခဲ့ကြတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကိုဗစ်ကပ်ရောဂါကာလ မလေးရှားနိုင်ငံမှာ သောင်တင်နေသူတွေနဲ့ ထိန်းသိမ်းခံထားရသူ မြန်မာနိုင်ငံသားတွေကို သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့နေရာမှာ နောက်ထပ်အယောက် ၁၇၀ နီးပါးကို နေရပ်ပြန်ပို့ခဲ့တာပါ။ မနေ့တုန်းက နေရပ်ပြန်ခွင့်ရခဲ့သူတွေထဲမှာတော့ တရားဝင် နေထိုင်ခွင့် အထောက်အထားမရှိသူတွေနဲ့ လူဝင်မှုကြီးကြပ်ရေး စခန်းတွေမှာ ထိန်းသိမ်းခံခဲ့ရသူတွေ ၇၀ ကျော်လောက်ပါဝင်ခဲ့ကြောင်း မလေးရှားနိုင်ငံအခြေစိုက် မြန်မာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

“အကြောင်းအမျိုးမျိုးကြောင့် မလေးရှားနိုင်ငံက ဖမ်းဆီးထိန်းသိမ်ရေးစခန်းမှာ ဖမ်းဆီးခံထားရတဲ့အမျိုးသမီး ၁၀ ဦး၊ အမျိုးသား ၅၀ နဲ့ လသားအရွယ်ကလေးငယ်တဦးကို ပြန်သွားပါတယ်။ ကလေးအပါအဝင်ဆိုရင် ၆၁ ဦးဖြစ်ပါတယ်။ သူတို့က ထိန်းသိမ်းစခန်းထဲကအနည်းဆုံး ၆ လကနေ ၁၃ လ (တနှစ်ကျော်)ထိ နေထိုင်ခဲ့ရသူတွေဖြစ်ပါတယ်။

ဒီကြားထဲမှာ အထောက်အထားမဲ့ ကျန်းမာရေးမကောင်းတဲ့သူ လူ ၁၀ ဦးကျော်ကိုလည်း မြန်မာသံရုံးနဲ့ မလေးရှားနိုင်ငံလဝကနဲ့ မြန်မာသံရုံးအကူညီနဲ့ ပြန်ပို့ကြပါတယ်။ အထောက်အထားမဲ့တွေဆိုတာကတော့ လေဖြတ်တဲ့သူတွေ၊ ကိုယ်ဝန်ဆောင်ရောဂါသယ်တွေ၊ ကျောက်ကပ်ဝေဒနာရှင်တွေ၊ သွေးကင်ဆာသမားတွေ ဒီလိုလူတွေပြန်သွားကြပါတယ်။”

နေရပ်ပြန်ခွင့်ရသူတွေထဲက တချို့ဟာ မလေးရှားနိုင်ငံကို ထိုင်းနယ်စပ်ကတဆင့် တရားမဝင် ဝင်ရောက်လာသူတွေဖြစ်ကြပြီး ကပ်ရောဂါကာလ အထောက်အထားမဲ့ နေထိုင်သူတွေကို အာဏာပိုင်တွေ စစ်ဆေးရာမှာ ဖမ်းဆီးခံခဲ့ရတာပါ။

ကပ်ရောဂါကာလမှာ မလေးရှားနိုင်ငံက ထိန်းသိမ်းရေးစခန်း ၁၃ ခုမှာရှိတဲ့ မြန်မာ ၁,၀၀၀ ကျော်ကို နိုဝင်ဘာကစ နေရပ်ပြန်ခွင့်ပြုခဲ့တာပါ။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက်အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားမှာ ကိုဗစ်ကပ်ရောဂါကာလအတွင်း စားဝတ်နေရေးနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် နေရပ်ပြန်ဖို့ မြန်မာသံရုံးမှာ စာရင်းပေးသွင်းထားသူ ၁၀,၀၀၀ ကျော်ရှိနေပါတယ်။ ဒီလူတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို ဦးစားပေးပြီးနေရပ်ပြန်ပို့နေတာပါ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၅၀၀ ကျော်နဲ့ ကူးစက်သူ ၁၂၀,၀၀၀ ကျော်ရှိနေတဲ့ မလေးရှားနိုင်ငံမှာ ဒီရက်ပိုင်းအတွင်း နောက်ထပ် ကူးစက်မှုတွေကြောင့် သောင်းဂဏန်းလောက်ထိ တိုးလာနေချိန်မှာပဲ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်နေကြတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG