သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးနဲ့ မြန်မာ လေကြောင်းပျံသန်းမှု ရပ်ဆိုင်း


(Zawgyi/Unicode)

မြန်မာလူမျိုး ၅သိန်းထက်မနည်း အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၉၀၀ လောက်ရှိသွားပြီမို့ ဗလီဝတ်ပြုဆုတောင်းပွဲတက်ခဲ့သူ ထဲမှာ ပါဝင်တဲ့ရိုဟင်ဂျာ ၂၀၀၀ ထက်မနည်းကိုရှာဖွေ ဆေးစစ်မှုများပြုလုပ်နေသလို မလေးရှားနိုင်ငံကနေ မြန်မာနိုင်ငံကို ထွက်တဲ့လေကြောင်းလိုင်းတွေကိုလည်း မတ်လ ၁၉ရက်ကစပြီး ပိတ်ပစ်လိုက်ပါပြီ ။ အကြောင်းစုံကို မအေးအေးမာက တင်ပြထားပါတယ်။




မလေးရှားနိုင်ငံမှာ ဖေဖေါ်ဝါရီလ ၂၇ ကနေ မတ်လ ၁ ရက် နေ့အထိ ကွာလန်လမ်ပူမြို့ Sri Petaling mosque ဗလီမှာ ကျင်းပခဲ့တဲ့ အစ္စလာမ် ဘာသာရေး ဆုတောင်းပွဲ တက်ရောက်လာသူ ၁၆၀၀၀ ကျော်ထဲက ၅၁၃ ဦးဟာ ကူးဆက်မြန်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် Covid-19 ရောဂါ ကူးစက်နေတာ စစ်ဆေး တွေ့ရှိသွားခဲ့ ပြီး နောက် မလေးရှားအာဏာပိုင်တွေဟာ ဘာသာရေး ပွဲတက်ရောက်ခဲ့သူတွေ အားလုံး အရေးပေါ် ဆေးစစ်မှုတွေ ပြုလုပ်နေပါတယ်။

ဒီထဲမှာ မြန်မာပြည်၊ ရခိုင်ပြည်နယ်ဘက်ကနေ လာရောက် နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ၂၀၀၀ ကိုလည်း ရောဂါပိုး စိစစ်မှုတွေ စီစဉ်လုပ်ဆောင်နေကြောင်း ထိုင်းနိုင်ငံ Nation သတင်းတွေမှာဖော်ပြပါတယ် ။မလေးရှားနိုင်ငံ မြန်မာသံရုံးကိုယ်စားပြုပြီး မလေးရှားနိုင်ငံ မြန်မာတွေအကူအညီပေးနေတဲ့ ကိုသီဟမောင်မောင်ကတော့ မတ်လ ၁၉ ရက်နေ့ကလေကြောင်းလိုင်းတွေ ပိတ်ပစ်လိုက်တဲ့အကြောင်း အခုလိုပြောပြပါတယ်။

“ ဒီနေ့ သတင်းမှာ လူ ၉၀၀ ဖြစ်သွားပြီ။ မနေ့က ထိတော့ ၇၉၀ ဒီနေ့ ၁၁၀ထပ်တိုးတယ် ဆိုတော့ ၉၀၀ဖြစ်သွားတယ်။ ဒီအခြေအနေအရ လေကြောင်းလိုင်းတွေလည်း ပိတ်လိုက်ပြီး အထွက်လည်း ဒီနိုင်ငံကနေ ပေးမထွက်တော့ဘူး။ အခု မြန်မာနိုင်ငံကိုပြန်နေတဲ့ လေကြောင်းလိုင်း ၃ ခုပေါ့ မလေးရှားလေကြောင်းလိုင်းရယ် ၊ Air Asia ရယ် ၊ မာလင်ဒိုလေကြောင်းလိုင်းရယ် အဲဒါတွေပိတ်ပစ်လိုက်တယ် ။ ကျန်တဲ့လေကြောင်းလိုင်း တွေလည်း ပိတ်ပစ်တယ်။ အရင်တုန်းက အဝင်သာလက်မခံတာ ထွက်မယ့်သူတွေကို လက်ခံထားတယ်ဆိုပေမဲ့ ဒီနေ့ မနက် ၆နာရီ ၄၅ ထွက်မယ့် Air Asia လေကြောင်းလိုင်းက နေ စပြီး ပြန်မယ့် သူတွေ လေဆိပ်သွားတဲ့လူတွေကိုလည်း စပြီး ပိတ်လိုက်တာပေါ့။”

မလေးရှားနိုင်ငံ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ နေရာဖြစ်တဲ့ ဗလီတက်တဲ့ နေရာမှာပါဝင်တဲ့ ရိုဟင်ဂျာ ၂၀၀၀ထက်မနည်း ကိုလည်း စစ်ဆေးတာ၊ လိုက်လံရှာဖွေတာ၊ ဆေးစစ်တာတွေ လုပ်လာတာနဲ့ ပတ်သက်လို့ မေးကြည့်တဲ့ အခါမှာတော့

“ဗလီတက်တာတော့ ရိုဟင်ဂျာတွေ များသောအားဖြင့်က တက်တာပေါ့ ။ မူဆလင်ဘာသာဝင်တွေဆိုတော့ အဲဒီထဲမှာ သူတို့ ပါသွားတယ်၊ မပါဘူးဆိုတာကျနော်တို့က အတိအကျမသိဘူး ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်တွေတုန်းက သူတို့ အစည်းအဝေးတွေလုပ်တယ်။ လူတသောင်းကျော်လုပ်တာ အဲဒီမှာ ရိုဟင်ဂျာတွေပါသွားတယ် မပါဘူးဆိုတာ အတိအကျမသိဘူး ဒါပေမယ့် သူတို့ကိုစစ်တယ်ဆိုတာကလည်း သံသယရှိလို့အစည်းအဝေးမှာပါသွားလို့သာစစ်တာဖြစ်မယ်”

အခုဆိုရင် မလေးရှားနိုင်ငံမှာ စားသောက်ဆိုင်တွေက ခုံတွေမှာ ထိုင်စားတာတွေတောင် မလုပ်ခိုင်းတော့ဘူးလို့ ဆိုပါတယ်။

“အခုက ဒါနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး ဆောင်ရွက်နေနတဲ့ အနေအထားတွေ တွေ့ရတယ်။ မလေးရှားနိုင်ငံ ရဲ ဌာနတွေကတော့အကုန်ညွန်ကြားထားတာ လူစုလူဝေးမလုပ်ဖို့ ၊ စားသောက်ဆိုင်တွေ ကလည်း အခု အိမ်ကိုပဲ ထုတ်ယူခိုင်းတယ် ။ ခုံတွေနဲ့ ထိုင်စားတာတွေ မလုပ်တော့ဘူး။”

ဘာသာရေးပွဲတက်ရောက်သူ တွေထဲက ကိုရိုနာဗိုင်းရပ်စ် Covid-19 နဲ့ လူတွေသေဆုံးသွားခဲ့ပြီးတဲ့နောက် မလေး အာဏာပိုင်တွေဟာ လူတသောင်းကျော်စုဝေးခဲ့တဲ့ ဗလီလို ရက်အကန့်သတ်မရှိ ပိတ်ထားခဲ့ပါတယ်။ ရိုဟင်ဂျာအသိုင်းတွေထဲက တချို့ကတော့ တရားဝင်စာရွက်စာတမ်း ကိုင်ဆောင်ထားတာမဟုတ်တာကြောင့် coronavirus ကိုစစ်ဆေးခံဖို့ တွန့်ဆုတ်နေကြတယ်လို့ မလေးရှားနိုင်ငံရဲ သတင်းတွေမှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေကို မလေးရှားနိုင်ငံကရှာဖွေရခြင်းဟာ မလေးရှားနိုင်ငံမှာ ရိုဟင်ဂျာတွေကို တရားဝင် နေထိုင်ခွင့်ပေးထားသူတွေထက် တရားမဝင်ခိုးဝင်နေထိုင်နေတွေ များတာကြောင့် ဗိုင်းရပ်စ်ပိုး စစ်ဆေးနိုင်ဖို့အတွက် အစိုးရအတွက် စိန်ခေါ်မူတွေ ရှိတယ်လို့ မလေးရှားနိုင်ငံ သတင်းတွေမှာဖော်ပြနေပါတယ်။မလေးရှားနိုင်ငံမှာ လာရောက်နေထိုင်နေကြတဲ့ ရိုဟင်ဂျာ ဦးရေ တစ်သိန်းကျော် ရှိနေတယ်လို့မလေးရှားအစိုးရက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


..................


(Unicode)











XS
SM
MD
LG