သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားက အထောက်အထားမဲ့ မြန်မာ ၁၃၀ ကျော် နေရပ်ပြန်


တရားမဝင်အလုပ်သမားများနဲ့ ထိန်းသိမ်းရေးစခန်းက အကျဉ်းသားများကို နေရပ်ပြန်ပို့တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း(မလေးရှား) - အောက်တိုဘာ ၁၅၊ ၂၀၂၀)
တရားမဝင်အလုပ်သမားများနဲ့ ထိန်းသိမ်းရေးစခန်းက အကျဉ်းသားများကို နေရပ်ပြန်ပို့တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း(မလေးရှား) - အောက်တိုဘာ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံထားရသူတွေ ၄၀ နဲ့ ကိုဗစ်ကပ်ရောဂါကာလ ပိတ်မိနေတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၉၈ ဦး စုစုပေါင်း ၁၃၈ ဦးကို ပထမဆုံးအကြိမ်အဖြစ် သံရုံးအစီအစဉ်နဲ့ နေရပ်ပြန်ပို့ပေးခဲ့တဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပါမယ်။

မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားရသူတွေ အပါအဝင် တရားမဝင် နေထိုင်နေသူ မြန်မာနိုင်ငံသား ၁၃၈ ဦးကို ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ပဲ နေရပ်ပြန်ပို့ပေးခဲ့ကြောင်း မလေးရှားနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းကပြောပါတယ်။

"ဒါ ပထမဦးဆုံးပါ။ ဒီနေ့က တရားမဝင်အလုပ်သမား ၉၀ ကျော်ပါတယ်။ ထိန်းသိမ်းရေးစခန်းကလည်းပါတယ်။ အလုပ်သမားတချို့လည်းပါတယ်။"

မလေးရှားနိုင်ငံက တရားမဝင်တွေကို ပထမဦးဆုံးအကြိမ်အဖြစ်ပို့ပေးခဲ့တာဖြစ်ပြီး တရားမဝင်မြန်မာနိုင်ငံသား ၁၀,၀၀၀ ကျော်က နေရပ်ပြန်ဖို့ စာရင်းပေးသွင်းထားပါ။ နေရပ်ပြန်တဲ့သူတွေကိုတော့ မြန်မာပြည်ရောက်တဲ့အခါမှာ မိသားစုနဲ့ ဆက်သွယ်ဖို့ ပရဟိတအဖွဲ့တွေက ဖုန်းကဒ်လေးတွေလည်း ဝေပေးနေပါတယ်။

ဒီကနေ့ နေရပ်ပြန်ပို့ပေးလိုက်တဲ့ သူတွေထဲမှာတော့ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကျန်းမာရေး ချို့တဲ့သူတွေပါဝင်တယ်လို့လည်း ကွာလာလမ်ပူလေဆိပ်မှာ နေရပ်ပြန်မယ့် မြန်မာနိုင်ငံသားတွေကို အကူအညီပေးနေတဲ့ မြန်မာလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးစန်းဝင်းက ပြောပါတယ်။

"ဒီနေ့ ၁၉ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်မှာ တရားမဝင်အထောက်အထားမဲ့တွေအစုလိုက်အပြုံလိုက် ပထမဦးဆုံးနေရပ်ပြန်ပို့ပေးတာပါ။ အကြောင်းအမျိုးမျိုးကြောင့် ကျန်းမာရေးမကောင်းတဲ့သူတွေ၊ ကလေးသူငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေလည်း ပါဝင်ပါတယ်။ ထိန်းသိမ်းရေးစခန်းက ဖမ်းထားတဲ့မြန်မာလည်းပါတယ်။ ဒါတွေကို မလေးရှားနိုင်ငံမြန်မာသံရုံးက ဦးဆောင်ပြီး ကျန်းမာရေးမကောင်းတဲ့သူတွေအတွက်တော့ မလေးရှားက ပရိဟိတအဖွဲ့တွေက တဘက်တလမ်းနဲ့ ကူညီဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။"

တရားမဝင်အလုပ်သမားများနဲ့ ထိန်းသိမ်းရေးစခန်းက အကျဉ်းသားများကို နေရပ်ပြန်ပို့တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း(မလေးရှား) - အောက်တိုဘာ ၁၅၊ ၂၀၂၀)
တရားမဝင်အလုပ်သမားများနဲ့ ထိန်းသိမ်းရေးစခန်းက အကျဉ်းသားများကို နေရပ်ပြန်ပို့တဲ့ မြင်ကွင်း။ (ဓာတ်ပုံ - မြန်မာလူမှုကူညီရေးအသင်း(မလေးရှား) - အောက်တိုဘာ ၁၅၊ ၂၀၂၀)

ဒီကနေ့ နေရပ်ပြန်သူတွေကိုတော့ မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင်သူတွေ ပေးဆောင်ရမယ့် ဒဏ်ကြေးသက်သာခွင့်ရရှိပြီး လေယာဉ်စရိတ်ကတော့ ကိုယ့်ဘာ့သာကျခံကြရပါတယ်။ တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသားတွေ ကပ်ရောဂါကာလမှာ နေရပ်ပြန်နိုင်ဖို့အတွက် လွန်ခဲ့တဲ့လ အနည်းငယ်ကတည်းက မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မလေးရှားကမြန်မာသံရုံးက မလေးရှားအစိုးရကို ညှိနှိုင်းခဲ့ရတာဖြစ်ပြီး နောက်ထပ်ပြန်မယ့်သူတွေအတွက်လည်း ထပ်ညှိနှှိုင်းရအုံးမှာဖြစ်တယ်လို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက သံအမတ်ကြီးဦးစိန်ဦးကပြောပြပါတယ်။

"နောက်ထပ်အတွက်ဆိုရင် နောက်တကြိမ်ညှိနှိုင်းရမှာဖြစ်ပါတယ်။ အခုချိန်မှာ တခေါက်ချင်းစီအတွက်ပဲ ဆွေးနွေးညှိနှိုင်းပြီး စီစဉ်ရတာဖြစ်ပြီး နောက်တကြိမ် စဉ်ဆက်မပြတ်ရနိုင်ဖို့ကတော့ အခုချိန်မှာ သိပ်တော့မလွယ်သေးဘူးလို့ ထင်ပါတယ်ခင်ဗျ။"

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၅၅၀,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံမှာ ကပ်ရောဂါကာလ ကန့်သတ်ချက်တွေကြောင့် မြန်မာနိုင်ငံသားတွေ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေကြရတာပါ။ ဒါကြောင့်လည်း နေရပ်ပြန်ဖို့ စာရင်းပေးသွင်းထားတဲ့ တရားမဝင် အလုပ်သမား ၁၀,၀၀၀ ကျော်ရှိနေပါတယ်။ နေရပ်ပြန်ဖို့က ခက်ခဲတဲ့ အခြေအနေတွေကြောင့် တရားမဝင် နည်းလမ်းတွေနဲ့ ကြိုးစားရင်း မလေးရှား-ထိုင်းနယ်စပ်မှာ ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေသလို တချို့ဆိုရင် လူမှောင်ခိုကူးသူတွေရဲ့ သားကောင်တွေအဖြစ် ကျရောက်သွားကြရတာပါ။ ကိုဗစ်အရေးပေါ်ကာလမှာ မလေးရှားရောက်မြန်မာတွေထဲက မိမိကိုယ်ကို အဆုံးစီရင်တာကတော့ ၁၇ ဦးထိ ရှိသွားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG