မလေးရှားနိုင်ငံက အွန်လိုင်းငွေလိမ်ဂိုဏ်း (၁၇) ခုကို ဗုဒ္ဓဟူးနေ့ညက ရဲတပ်ဖွဲ့က ရှောင်တခင်ဝင်ရောက် ဖမ်းဆီးခဲ့တာမှာ မြန်မာနိုင်ငံသားသုံးယောက်အပါအဝင် နိုင်ငံခြားသား (၄၆) ယောက်ကို ဖမ်းဆီးခဲ့ ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ မြန်မာ အမျိုးသားတဦးနဲ့ အမျိုးသမီးနှစ်ဦးအပြင် တရုတ်နိုင်ငံသား (၁၄) ဦးနဲ့ ထိုင်းအမျိုးသမီးခြောက်ဦး ပါဝင်တဲ့အကြောင်း The Nation သတင်းစာမှာ ရေးပါတယ်။
အဆင့်မြင့်တိုက်ခန်းတွေကို ငှားရမ်းပြီး အွန်လိုင်းငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ သူတွေဆီက Laptop ကွန်ပြူတာတွေ၊ မိုဘိုင်းဖုံး (၈၀) ကျော်နဲ့ ဖုန်း Sim ကဒ် (၂၀) ကျော်အပြင် မလေးရှား Ringgit ငွေ တသိန်းကို သိမ်းဆည်းခဲ့ပါတယ်။ အွန်လိုင်းငွေကြေးလိမ်ညာသူတွေဟာ Facebook, TikTok, WhatsApp နဲ့ Telegram လူမှုကွန်ယက်တွေကို သုံးပြီး Stock အစုရှယ်ယာတွေ၊ ရွေထည်နဲ့ တခြားပစ္စည်းတွေရောင်းချခဲ့တဲ့အကြောင်း မလေးရှားရဲတွေက ပြောပါတယ်။
မှတ်တမ်းမှတ်ရာမရှိဘဲ နေထိုင်သူတွေကို အိမ်ယာငှားရမ်းတာတွေမလုပ်ဖို့လည်း မလေးရှား နိုင်ငံသားတွေကို ရဲတပ်ဖွဲ့က သတိ ပေးထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ မှာလည်း ကြာသပတေးနေ့က တရုတ်ပိုင် ဂိမ်းစင်တာတခုကို ဖိလစ်ပိုင်ရဲ တပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး တရုတ်နိုင်ငံသား ၁၃၇ ဦးအပါအဝင် လူပေါင်း ၄၅၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဖိလစ်ပိုင် ရာဇ၀တ်မှုတိုက်ဖျက်ရေးကော်မရှင်က ပြောပါတယ်။ ကနဦး စစ်ဆေးချက်တွေအရ ဒီစင်တာက တရုတ်နဲ့အိန္ဒိယနိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းလိမ် လည်မှုတွေကို လုပ်ဆောင်နေတယ်လို့ ကော်မရှင်က ပြောပါတယ်။
လူကုန်ကူးမှု၊ ငွေကြေးခဝါချမှု၊ အွန်လိုင်းလိမ်လည်မှု၊ ပြန်ပေးဆွဲမှုအပြင် လူသတ်မှုတွေအထိ နောက်ကွယ်မှာလုပ်ဆောင်နေတဲ့ ဖိလစ်ပိုင် အွန်လိုင်းဂိမ်းလုပ်ငန်းတွေကို ပြီးခဲ့တဲ့ နှစ်ကတည်းက သမ္မတ Ferdinand Marcos Jr. က ပိတ်ပင်ထားတာပါ။ အခုဖမ်းမိရတဲ့သူတွေထဲ လုပ်ငန်းဦးဆောင် လည်ပတ်တဲ့ တရုတ်နိုင်ငံသား (၅) ဦးကိုတော့ လူကုန်ကူးမှုဆိုင်ရာစွဲချက်နဲ့ တရားစွဲဆိုသွားမယ်လို့ ရာဇ၀တ်မှုတိုက်ဖျက်ရေးကော်မရှင်က ပြောပါတယ်။
Forum