သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမှုတွေ တိုးတက်မှုရှိ - အင်ဒို နိုင်ငံခြားရေးဝန်ကြီး


အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi

မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြေရှင်းရေးမှာ အဓိက ပါဝင်ပတ်သက်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပိုပြီး တွေ့ဆုံနေတဲ့အကြောင်းနဲ့ တိုးတက်မှုတွေ ရနေတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဒီကနေ့ ပြောဆိုလိုက်ပါတယ်။ အခုလို တွေ့ဆုံတာဟာ အရင်က မတွေ့ဆုံဖူးတဲ့ အဓိက ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေပါ ပါဝင်လာရေး ငြိမ်းချမ်းရေး အစီအစဉ်အတိုင်း ဆောင်ရွက်တာ ဖြစ်တယ်လို့ ဒီနေ့ ဂျကာတာမြို့တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီး Marsudi က ပြောဆိုတာကို The Strait Times သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဘယ်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတယ် ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုခြင်းမရှိပါဘူး။ မြန်မာနိုင်ငံဘက်က သဘောတူထားတဲ့ သဘောတူညီချက်တွေ အကောင်အထည် ဖော်နိုင်ဖို့အပြင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ထိတွေ့ ဆက်ဆံနိုင်ရေးလည်း အရေးကြီးတဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပြီး အာဆီယံအဖွဲ့ကို ဗဟိုပြုပြီး အားလုံး ဆက်စပ်ဆောင်ရွက်ဖို့နဲ့ စုပေါင်းဆောင်ရွက်နိုင်ဖို့ ရည်မှန်းထားတယ်လို့လည်း ဝန်ကြီး Marsudi က ပြောဆိုပါတယ်။

မတ်လ ၁၃ ရက်နေ့တုန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံ အခြေအနေနနဲ့ ပတ်သက်လို့ တံခါးပိတ်ဆွေးနွေးတင်ပြခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ ဦးဆောင်မှုနဲ့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ရေးအပေါ် အခိုင်အမာ ထောက်ခံကြတဲ့အကြောင်းလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းက တိုင်းရင်းသားတွေ၊ လူမျိုးမရွေး ဘာသာမရွေး အကူအညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာမှု အကူအညီပေးနိုင်ဖို့လည်း ဝန်ကြီး Marsudi က ထည့်သွင်းပြောဆိုသွားပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ဟာ မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ဒီအဖွဲ့ကို သူကိုယ်တိုင် ဦးဆောင်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}






XS
SM
MD
LG