သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ကြွဆေးပြား ၂ သန်းနီးပါး တပ်သား ၂ဦးထံက ဖမ်းဆီးရမိ


၂၀၁၇ ဖေဖော်ဝါရီလတုန်းက မောင်တောမြို့အတွင်း စိတ်ကြွဆေးများ ဖမ်းမိစဉ် (MOI)
၂၀၁၇ ဖေဖော်ဝါရီလတုန်းက မောင်တောမြို့အတွင်း စိတ်ကြွဆေးများ ဖမ်းမိစဉ် (MOI)

ရခိုင်ပြည်နယ်မောင်တောမြို့နယ်ထဲမှာထောက်ပို့တပ် ရင်း အမှတ်(၈၂၈)က တပ်သား၂ဦး သယ်ဆောင်လာတဲ့စိတ်ကြွဆေး တသန်း၈သိန်းကျော်ကို အောက်တိုဘာလ ၁ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေး အဖွဲ့ကပြောပါတယ်။ ကာလတန်းဖိုးကတော့ ဖမ်းဆီးမိတဲ့မူးယစ်ဆေးဝါးတွေဟာ ကျပ်သိန်းပေါင်း ၃သောင်းရထောင်ကျော် တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာအမှတ်(၈၂၈) ထောက်ပို့တပ်ရင်းက တပ်သားတွေ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးတသန်း၈သိန်းကျော ် ဖမ်းဆီးမိခဲ့ကြောင်း ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီးလည်းဖြစ် ရခိုင်ပြည်နယ်ပြန်ကြားရေးတာဝန်ရှိသူလည်းဖြစ်တဲ့ ဦးမင်းအောင်က အခုလိုပြောပြပါတယ်။

“ဖမ်းလို့မိတာကတော့ ဒီမောင်တောမြို့နယ်အတွင်းမှာ မြို့ဝင်တံတားရဲကင်းမှာ မိတာပါခင်ဗျ။ မိတာကတော့အားလုံး WY စာတမ်းပါ အဝါရောင်အဖြုရောင် ဆာလာအိတ်ပေါ့ ။ ၁၂အိပ်အတွင်းမှာ ထည့်လာတာ ဆေးပြားအားလုံး ၁၈သိန်းနဲ့၈သောင်း တထောင် ခုနှစ်ရာ ငါဆယ်ပြား ကာလတန်းဖိုးနဲ့ ဆိုရင် ကျပ်သိန်းပေါင်း သုံးသောင်းခုနှစ်ထောင်ခြောက်ရာ သုံးဆယ်ငါးလောက် ရှိတာပေါ့နော်။ သယ်လာတဲ့လူတွေကတော့ တပ်သားတွေပေါ့နော် ။ ထောက်ပို့တပ်ရင်း (၈၂၈)က တပ်သားလူရှည်နဲ့ တပ်သားကျော်စိန်ထွန်းတို့ ၂ယောက်”

၂၀၁၆နဲ့ ၂၀၁၇ခုနှစ်ထဲမှာရခိုင်ပြည်နယ်အတွင်းမှာ စိတ်ကြွဆေးတွေအများအပြား ဖမ်းဆီးမိနေတာပါ။ အခုလိုမျိုး ရခိုင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးတွေသယ်ဆောင်နေမူနဲ့ ပတ်သက်လို့ ပြည်နယ်အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းနေပုံကိုလည်း ဦးမင်းအောင်ဆက်ပြောပြပါတယ်။

“ပြည်နယ်အစိုးရရဲ့ လက်အောက်မှာရဲတပ်ဖွဲ့တွေရှိတာပေါ့နော်။ ရဲတပ်ဖွဲ့ဝင်တွေကပဲ ဒီလိုပဲသတင်းရရင် ရသလို ရှာဖွေပြီးတော့ စစ်ဆေးပြီးတော့ဖော်ထုတ်နေတာတွေပဲရှိပါတယ်”

မြန်မာ-ဘင်္ဂလားနယ်စပ်မြို့ ဖြစ်တဲ့ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းမှာ ကျပ်သန်းပေါင်း တသောင်းကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေးအလုံးရေပေါင်း ၆၈သိန်းကျော် ကို ပြီးခဲ့တဲ့၂၀၁၆ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့က နယ်မြေခံအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့သလို ၂၀၁၇ဖေဖော်ဝါရီအတွင်း မှာပဲ မောင်တော-အလယ်သံကောက် ကားလမ်းရှိ ရွှေဗဟို ဘုန်းတော်ကြီး ကျောင်း အတွင်းမှ ကျပ်သန်း ၉၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွ ဆေး ၄၆ သန်းကျော်ကို ဖမ်းမိခဲ့ ပါတယ်။ မေလပထမအပတ်ထဲမှာပဲ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေစိုက် ခမရ (၅၆၄)ဗိုလ်မှူးတစ်ဦး တပ်ဖွဲ့ဝင်တဦးနဲ့ အရပ်သား ၂ဦးတို့ဟာ ဘူးသီးတောင်၊ မောင်တောကို ထွက်လာစဉ်အတွင်း စိတ်ကြွဆေး အလုံးရေ လေးသိန်း လေးသောင်း သယ်ဆောင်လာတဲ့ အတွက်သူတို့ စီးလာတဲ့ကားကို မြန်မာ နယ်ခြားစောင့်တပ်တွေနဲ့ အတူပူးပေါင်းစစ်ဆေးရေး အဖွဲ့တွေက ရှာဖွေ စစ်ဆေးပြီး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

မေလ ၁၁ရက်နေ့တုန်းကတော့ ဘူးသီးတောင်မြို့နယ်ထဲမှာစိတ်ကြွဆေးအလုံးရေ ၁၆သိန်းကို ပီနံအိတ် တွေထဲထည့်ပြီး ကုန်တင်ကားနဲ့ပြောင်းလဲ သယ်ဆောင်လာတုန်းဖမ်ဆီးမိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ကပဲ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကိုထွက်ပြေးခဲ့တဲ့ မူဆလင်ဒုက္ခသည်တွေ ထံကနေ စိတ်ကြွဆေးပြား၂သောင်းကျော်ကို ဘင်္ဂလား နယ်ခြားစောင့်တပ်က ဖမ်းမိခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်းအစိုးရသစ်တက်လာပြီး နောက်ပိုင်း၂၀၁၆ခုနှစ်နဲ့ ၂၀၁၇ခုနှစ်အတွင်းမှာ စိတ်ကြွဆေးအလုံးရေ သန်းနဲ့ချီပြီးဖမ်းဆီးမိနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG