သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက်ဆီ ဘာစီလိုနာအသင်းမှာ ဘောလုံးရာသီတခု ဆက်နေမယ်


မက်ဆီ။
မက်ဆီ။

(Zawgyi / Unicode)

ကမ္ဘာကျော်ဘောလုံးသမား မက်ဆီက ဘာစီလိုနာအသင်းမှာ ၁ နှစ် ဆက်နေသွားမယ်လို့ ပြောလိုက်ပါတယ်။ ဒါကြောင့် မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ရှေ့လာမယ့် ဘောလုံးရာသီအကုန်ထိ နောက်တနှစ် ဆက်ရှိသွားမှာဖြစ်ပါတယ်။

“သူ တသက်လုံးကစားလာခဲ့တဲ့ ဘာစီလိုနာအသင်းကို တရားစွဲတာ၊ တရားရုံးမှာ ရင်ဆိုင်ဖြေရှင်းရတာမျိုး မလုပ်ချင်တာကြောင့် ဘာစီလိုနာမှာ ဆက်နေပြီး ၁ နှစ် ဆက်ကစားသွားဖို့ ဆုံးဖြတ်လိုက်တယ်” လို့ Goal.com နဲ့ အင်တာဗျူးမှာ ပြောလိုက်ပါတယ်။

သူ့အနေနဲ့ အသင်းကနေ ထွက်ဖို့အတွက် တရားရုံးမှာ ဖြေရှင်းချင်ရင် ဖြေရှင်းနိုင်ပေမယ့် ဒီကိစ္စကို ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူးလို့ မက်ဆီက ပြောပါတယ်။

“ဘာစီလိုနာကလည်း သူ့အတွက် အားလုံးလုပ်ပေးခဲ့သလို သူလည်း ဘာစီလိုနာအတွက် အားလုံးလုပ်ပေးခဲ့ကြောင်း၊ ဒါကြောင့် သူ့အနေနဲ့ တရားရုံးမှာ မဖြေရှင်းဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်” လို့ မက်ဆီက ပြောပါတယ်။

ဒါ့အပြင် အသင်းဥက္ကဋ္ဌ Josep Bartomeu ဟာ ကတိမတည်တဲ့သူဖြစ်တယ်လို့ မက်ဆီက ဝေဖန်လိုက်ပါတယ်။

“Bartomeu က ကျနော့်ကို အနာဂတ်နဲ့ ပတ်သက်ပြီး ဘောလုံးရာသီအကုန်မှာ ဆုံးဖြတ်နိုင်ကြောင်း၊ အဲဒီအခါမှာ ထွက်ချင်လည်းထွက် ဆက်နေချင်လည်းနေ ဆုံးဖြတ်နိုင်ကြောင်း အမြဲတမ်းပြောပါတယ်။ ဒါကြောင့် ကျနော့်အနေနဲ့ အသင်းကနေ ထွက်နိုင်တယ်လို့ ထင်ခဲ့ကြောင်း၊ အခုကျမှ သူတို့က ဇွန် ၁၀ ရက်မတိုင်ခင် မပြောလို့ ပေးမထွက်ဘူးလို့ ပြောတယ်။ အဲဒီအချိန်က ကျနော်တို့က ဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေကို ရွှေ့ဆိုင်းထားတဲ့အတွက် လာလီဂါ ဘောလုံးပွဲတွေကလည်း ကစားနေတုန်းတန်းလန်း မပြီးသေးဘူးလေ။ ဒါကြောင့် ကျနော် ဆက်ကစားနေတာပေါ့။ အခုလည်း ဥက္ကဋ္ဌက ကျနော့်အနေနဲ့ အသင်းကနေ ထွက်ချင်တယ်ဆိုရင် စာချုပ်ပါအချက်အတိုင်း ယူရိုသန်း ၇၀၀ ရမှ ထွက်လို့ရမယ်ဆိုတော့ ဒါက ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကြောင့် ကျနော် ဆက်နေသွားမှာဖြစ်တယ်” လို့ မက်ဆီက ပြောပါတယ်။

ဒါ့အပြင် မက်ဆီက သူ့အနေနဲ့ ပြိုင်ပွဲတွေကို အကောင်းဆုံး အဆင့်မြင့်ဆုံးအနေနဲ့ ယှဉ်ပြိုင်ပြီးတော့ ဆုတွေလိုချင်ကြောင်း၊ ချန်ပီယံလိဂ်မှာလည်း ဆုတွေရတဲ့အထိ ပြိုင်ချင်ကြောင်း၊ အနည်းဆုံးတော့ တခြားအသင်းတွေ အကြိတ်အနယ်ကစားပြီး ယှဉ်ချင်ကြောင်း၊ ပြီးခဲ့တဲ့ ဘောလုံးရာသီ ၃ ရာသီမှာ ရောမ၊ လီဗာပူးလ်နဲ့ လစ္စဘွန်းမြို့တွေမှာ အကြီးအကျယ် ရှုံးရသလိုမျိုး မရှုံးချင်ဘူးလို့ ပြောလိုက်ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုနှစ် လာလီဂါ အမှတ်ပေးဖလားကို ရှေ့ကဦးဆောင်နေပြီးမှ လက်လွှတ်ခဲ့ရသလို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်ကို ၈ ဂိုး ၂ ဂိုးနဲ့ ရှုံးပြီး အရှက်တကွဲဖြစ်ခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာ ဖလား ၁ လုံးမှ မရဘဲ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဘာစီလိုနာအသင်းကနေ ထွက်တော့မယ်လို့ ပြောလိုက်ပြီးတဲ့နောက် မက်ဆီနဲ့ ဘာစီလိုနာအသင်းကြား နှစ်ဖက် အခြေအနေတွေ တင်းမာခဲ့ပြီး ပရီးမီးယားလိဂ်က သူ့ရဲ့ နည်းပြဟောင်း ဂွါဒီယိုလာရဲ့ မန်စီးတီးကို ရောက်ဖို့များတယ်ဆိုပြီး ကျွမ်းကျင်သူတွေက ခန့်မှန်းနေတာပါ။ ဒါ့အပြင် မက်ဆီကလည်း ဘောလုံးရာသီသစ်အတွက် အသင်းနဲ့ ဆေးစစ်မှုတွေကို မလုပ်ခဲ့သလို လေ့ကျင့်ခန်းလည်း မဆင်းဘဲ နေခဲ့တာပါ။

ဘာစီလိုနာဘက်ကတော့ မက်ဆီအနေနဲ့ အသင်းပြောင်းချင်ရင် စာချုပ်ပါအချက်အတိုင်း ယူရိုသန်း ၇၀၀ နဲ့ဝယ်မှ အသင်းပြောင်းနိုင်မယ်လို့ ပြောခဲ့ပြီး လာလီဂါကလည်း ဘာစီလိုနာဘက်က ရပ်တည်ခဲ့တာပါ။

အခုရက်ပိုင်းတွေအတွင်း မက်ဆီရဲ့ အေးဂျင့်လည်းဖြစ် ဖခင်လည်းဖြစ်တဲ့ Jorge Messi နဲ့ ဘာစီလိုနာဥက္ကဋ္ဌတို့ ထိပ်တိုက်ဆွေးနွေးခဲ့ကြပြီးတဲ့နောက် အခုနောက်ဆုံး မက်ဆီက အသင်းမှာ ၁ နှစ် ဆက်ကစားသွားဖို့ ဆုံးဖြတ်လိုက်တာပါ။ ဘောလုံးဝေဖန်သူတွေနဲ့ ကျွမ်းကျင်သူတွေကတော့ မက်ဆီအနေနဲ့ လာမယ့် ဘောလုံးရာသီအကုန်မှာတော့ အသင်းကနေ အသင်းပြောင်းရွှေ့ကြေးမပါဘဲ ပြောင်းနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)













XS
SM
MD
LG