သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mexico တံတိုင်း ရွေးကောက်ပွဲကတိအတိုင်းအကောင်အထည်ဖော်မည်


Mexico US တံတိုင်း
Mexico US တံတိုင်း

အမေရိကန်နဲ့ မက္ကစီကို နယ်စပ်တလျှောက်မှာ တံတိုင်းကာရံဖို့ မရှိမဖြစ်လိုအပ်တာကြောင့်၊ ဘဏ္ဍာရေး ပြဿနာပေါ်မယ်ဆိုရင်တောင် မဲဆွယ်ပွဲကာလက ကတိအတိုင်း ဆောင်ရွက်သွားမယ့်အကြောင်း သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။

အစိုးရ ယန္တယား ရပ်ဆိုင်းသွားမယ် ဆိုရင်တောင်၊ တံတိုင်းဆောက်မှာ ဖြစ်တဲ့အကြောင်း မနေ့တုန်းကArizona ပြည်နယ်မှာ ကျင်းပခဲ့တဲ့ စည်းရုံးရေးမိန့်ခွန်းမှာ ပြောဆိုခဲ့တာပါ။ တံတိုင်းဆောက်လုပ်ဖို့အတွက် ကုန်ကျစရိတ်ကိုတော့၊ အောက်တိုဘာလ ၁ ရက်နေ့မှာစမယ့် ၂၀၁၈ အမေရိကန်အစိုးရရဲ့ ဘဏ္ဍာရေး အသုံးစရိတ်အတွက် အတည်မပြုရသေးတဲ့ ကွန်ဂရက်လွှတ်တော်က ဆုံးဖြတ်အတည်ပြုပေးဖို့လည်း လိုအပ်ပါတယ်။ တံတိုင်းကာမယ့် အစီအစဉ်ကို ဆန့်ကျင်နေကြတဲ့ လွှတ်တော်တွင်းက အတိုက်အခံ ဒီမိုကရက်ကိုယ်စားလှယ်တွေကိုတော့ အဖျက်အမှောင့် သမားတွေအဖြစ် သမ္မတ Trump က မနေ့တုန်းက မိန့်ခွန်းထဲမှာ ဝေဖန်သွားပါတယ်။ မိန့်ခွန်းထဲမှာပဲ သမ္မတက သတင်းသမားတွေဟာ နိုင်ငံကို မချစ်ကြတဲ့ သစ္စာဖောက်တွေလို ရည်ညွှန်းပြောဆိုပြီး၊ မီဒီယာတွေကိုလည်း ထပ်မံတိုက်ခိုက် ဝေဖန်ခဲ့တာပါ။

Phoenix မြို့က မိန့်ခွန်းမှာတော့၊ ဒီလ ၁၂ ရက်နေ့က Virginia ပြည်နယ်၊ Charlottesville မြို့မှာ လူတဦးသေဆုံးခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်လို့ လူဖြူကြီးစိုးရေးဝါဒီ နာဇီလိုလားသူတွေနဲ့ KKK အဖွဲ့တို့အပေါ် သူ့ရဲ့ဝေဖန်ချက်တွေကိုလည်း သမ္မတက ထပ်မံပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ပဋိပက္ခနဲ့ ပတ်သက်လို့ ၂ ဘက်စလုံးကို အပြစ်ဖို့ခဲ့တဲ့အတွက် အချေအတင်ဖြစ်စရာတွေ ကြုံခဲ့ရတဲ့ မှတ်ချက်ကိုတော့ ထည့်ပြောမသွားပါဘူး။ လူမျိုးရေးခွဲခြားမှုဟာ မိစ္ဆာလုပ်ရပ်အဖြစ် သူ့ရဲ့ဝေဖန်မှုတွေကို မီဒီယာတွေက သတင်းအဖြစ် မဖော်ပြခဲ့ဖူးလို့လည်း သမ္မတက စွပ်စွဲခဲ့တာပါ။ ရိုးရိုးသားသား အမှန်တရားကို ပြောဖို့ကြိုးစားခဲ့တဲ့အကြောင်းလည်း သမ္မတ Trump ကပြောဆိုခဲ့ပါတယ်။

သမ္မတနဲ့ မပြေမလည်ဖြစ်နေတဲ့ Arizona ပြည်နယ်က ရီပတ်ဘလစ်ကန်ပါတီဝင် အထက်လွှတ်တော်အမတ် ၂ ဦးကတော့ အခန်းအနားကို မတက်ခဲ့ကြပါဘူး။ သမ္မတရဲ့ ရီပတ်ဘလစ်ကန်ပါတီက အထက်လွှတ်တော်အမတ် John McCain နဲ့ Jeff Flake တို့ကိုတော့ နာမည်နဲ့တကွမပြောခဲ့ပေမဲ့ သမ္မတက မိန့်ခွန်းထဲမှာ ဝေဖန်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် သမ္မတရွေးကောက်ပွဲအတွင်း ပြိုင်ဘက်ဖြစ်သူ ဒီမိုကရက်ပါတီကိုယ်စားလှယ် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton ကို ၃.၅ ရာခိုင်နှုန်း အသာနဲ့ အနိုင်ရခဲ့တဲ့ Arizona ပြည်နယ်က လူထုစုဝေးပွဲကိုတော့ ထောက်ခံသူတွေနဲ့ ဆန့်ကျင်ဆန္ဒပြသူ ထောင်သောင်းချီ တက်ရောက်လာခဲ့ကြတဲ့အတွက် ပဋိပက္ခ မဖြစ်အောင်လည်း လုံခြုံရေးကို တင်းကျပ်ထားခဲ့ရပါတယ်။

အခန်းအနားကျင်းပရာ Phoenix Convention Center ကို ဝင်ဖို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ သမ္မတကို ထောက်ခံသူတွေကိုလည်း ကန့်ကွက်ဆန္ဒပြသူတွေက ရှုတ်ချခဲ့ကြတာပါ။ သမ္မတမိန့်ခွန်းပြောအပြီး၊ မိနစ်ပိုင်းအကြာမှာပဲ အပြင်ကဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရုတ်တရက် မှင်သက်မိစေနိုင်တဲ့ဗုံးတွေသုံးပြီး လူစုခွဲခဲ့ပါတယ်။ ဆန္ဒပြနေသူတွေထဲက ရဲတွေကို ကျောက်ခဲတွေ၊ ရေဗူးတွေနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် လူစုခွဲခဲ့ရတာလို့လည်း Phoenix မြို့ ရဲတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Mexico တံတိုင်း ရွေးကောက်ပွဲကတိအတိုင်းအကောင်အထည်ဖော်မည်
please wait

No media source currently available

0:00 0:01:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG