သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေ့ပြောင်းနေထိုင်မှု အကြောင်းရင်းများ ဆန်းစစ်ဖို့လိုအပ်


ကမ္ဘာ့လူဦးရေ ၃% ကျော်ဟာ သူတို့ရဲ့ ဇာတိမြေမှာ မနေကြပါဘူး။ ဒါပေမယ့် လူတွေ အဲဒီလို ရွေ့ပြောင်း နေထိုင်ခြင်းရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေပါသလဲ၊ လူတွေ တနေရာကနေ တနေရာ ရွေ့ပြောင်းနေထိုင်စေတဲ့ နောက်ခံအကြောင်းရင်းက ဘာတွေပါလဲ။ ဒီအကြောင်း Greta Van Susteren ရဲ့ Plugged In အစီအစဉ်မှာ တင်ပြထားတာကို ဗွီအိုအေ သတင်းထောက် Elizabeth Cherneff က သတင်း ပေးပို့ထားပါတယ်။ ကိုဇော်ဝင်းလှိုင်က အပြည့်အစုံကို တင်ပြပေးပါမယ်။

ဒီသတင်းပတ်အစီအစဉ်မှာတော့ Greta Van Susteren က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း Cox’s Bazaar ကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အကြောင်း တင်ပြပေးထားတာပါ။

မနှစ် သြဂုတ်လကစပြီး ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်းလောက် ထွက်ပြေးခဲ့ကြပြီး ဒါဟာ မြန်မာ့စစ်တပ်က လူမျိုးစုအလိုက် ရှင်းလင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း အမေရိကန်နဲ့ ကုလသမဂ္ဂတို့က ပြောပါတယ်။

ဒီပြဿနာဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက စခဲ့တာပါ။ ဒါပေမယ့် ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ရွေ့ပြောင်းနေထိုင်မှုရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။

IOM ရွှေ့ပြောင်းအခြေချနေထိုင်သူများဆိုင်ရာ အဖွဲ့ရဲ့ အဆိုအရ ကမ္ဘာ့တဝှမ်း ပြောင်းနေထိုင်သူတွေရဲ့ ထက်ဝက်နီးပါးဟာ အာရှတိုက်က လာကြတာဖြစ်ပြီး အဲဒီအထဲမှာ အိန္ဒိယ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်တို့ဟာ မက္ကဆီကိုနဲ့ ရုရှားတို့နဲ့အတူ ထိပ်ဆုံး ၅ နိုင်ငံ စာရင်းထဲမှာ ပါဝင်ပါတယ်။

ရွှေ့ပြောင်းနေထိုင်သူ စုစုပေါင်းရဲ့ ထက်ဝက်ကျော်ကို ၁၀ နိုင်ငံက အဓိက လက်ခံနေပြီး အဲဒီအထဲမှာ ၂၀၁၇ ခုနှစ် စာရင်း ဇယားတွေအရ အမေရိကန်ပြည်ထောင်စုဟာ နံပတ် ၁ နေရာမှာ ရှိနေပါတယ်။

အဲဒီလို အရေအတွက်တွေရဲ့ နောက်ကွယ်မှာ လူတွေ ဘာကြောင့် ကိုယ့်ဇာတိကိုစွန့်ခွာပြီး ရွှေ့ပြောင်း နေထိုင်ကြသလဲ ဆိုတဲ့ အချက်ဟာ အရေးကြီးတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗွီအိုအေ သတင်းထောက် Margaret Besheer က ပြောပါတယ်။

“ရွှွေ့ပြောင်းနေထိုင်သူတွေဟာ လှေတွေစီးပြီး လာကြတယ်၊ ဒါမှမဟုတ် မက္ကဆီကိုနယ်စပ်ကနေ ကျောပိုးအိတ်တွေနဲ့ အမေရိကန်ပြည်ထောင်စုကို ဝင်လာကြတယ်လို့ဘဲ မျက်စိထဲမှာ ပြေးမြင်တတ်ကြပါတယ်။ အတော်များများက ဝတ်ကောင်း စားလှတွေနဲ့ Silicon Valley တို့၊ လန်ဒန်မြို့က ဘဏ်တို့မှာ အလုပ်လုပ်ဖို့ ရောက်လာကြတာပါ။ နပ်ဖြတ်ပြီး အလုပ်လုပ်ဖို့ ရောက်လာတဲ့သူတိုင်းက ရွှေ့ပြောင်း နေထိုင်သူ ဖြစ်နိုင်ပါတယ်။”

ကုလသမဂ္ဂ ပဋိဉာဏ်စာချုပ်အရ စစ်ပွဲကြောင့်၊ ဒါမှမဟုတ် မိမိတိုင်းပြည်အတွင်းမှာ ဖိနှိပ်၊ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာလို ဒုက္ခသည်တွေကို အကာကွယ်ပေးရမယ်လို့ ဆိုထားပါတယ်။

ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို တားဆီးခြင်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ရွေ့ပြောင်းနေထိုင်သူတွေရဲ့ ပြဿနာကို ထိန်းချုပ်တဲ့ ကုလသမဂ္ဂရဲ့ လုပ်ငန်းစဉ်ဖြစ်သလို အကူအညီပေးရေး အဖွဲ့တွေနဲ့ တသီးပုဂ္ဂလိက အဖွဲ့အစည်းတွေကလဲ ငွေကြေး လှုဒါန်းကြပါတယ်။

ဇာတိမြေမှာ လူငယ်တွေအတွက် အလုပ်အကိုင် ဖန်တီးပေးခြင်းဟာ အင်မတန် အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။

ဒါပေမယ့် ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုရဲ့ ရေရှည် အကျိုးသက်ရောက်မှုကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုအပ်ကြောင်း ရွှေ့ပြောင်း နေထိုင်သူများ မူဝါဒအဖွဲ့ ပူးတွဲ တည်ထောင်သူ Demetrios Papademetriou က ပြောပါတယ်။

“လူတွေက လုံလောက်တဲ့ အတတ်ပညာရှိမယ်၊ သူတို့သွားလိုတဲ့နေရာကို သွားလို့လည်း ရနိုင်မယ်ဆိုရင် သွားကြမှာပါဘဲ။ ဘာကြောင့်လဲဆိုတော့ သူတို့နဲ့ စိတ်တူ ကိုယ်တူဖြစ်တဲ့သူ၊ မိသားစုဝင်တွေ၊ ဆွေးမျိုး သားချင်းတွေ၊ ကိုယ့်နယ်ကလူတွေထဲ အောင်မြင်နေတဲ့သူတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလူတွေက သူတို့အတွက် လမ်းကြောင်း ဖောက်ပေးထားသလို ဖြစ်နေပါတယ်။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စီစစ်ပြီး ပြန်လည်လက်ခံသွားမယ်လို့ မြန်မာ အစိုးရက ကတိပြုထားပြီး ဒုက္ခသည် ပြန်လည်လက်ခံရေး အစီအစဉ်အတွက် အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သဘောတူ စာချုပ်တွေ လက်မှတ် ထိုးထားပါတယ်။

XS
SM
MD
LG