အကြမ်းဖက်မှုတွေ အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံခဲ့ရတယ်လို့ ပြောဆိုထားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အမျိုးသမီးတွေ ရင်ဆိုင်ရတဲ့ ပြဿနာ တခုကတော့ ဒီကာလ အတွင်း မွေးဖွားလာတဲ့ ကလေးတွေ အပေါ် မိသားစု အသိုင်းအဝိုင်းရဲ့ ငြင်းပယ်ခံရမှုပါ။ ဒီကာလ အတွင်း မွေးဖွားလာတဲ့ ကလေးငယ် တွေအပေါ်မှာလည်း ပတ်ဝန်းကျင်က ကဲ့ရဲ့ ရှုတ်ချမယ့် အရေးအပေါ် အကူအညီပေးရေး အဖွဲ့အစည်းတွေက စိုးရိမ်နေကြတာပါ။ တရုတ် နိုင်ငံပိုင် CCTV သတင်းဌာနရဲ့ သတင်းတပုဒ်ကို မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။
ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေကနေ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာကြတာ တနှစ်နီးပါး ရှိလာခဲ့ပါပြီ။ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် အမျိုးသမီးတွေ အများအပြားကလည်း သူတို့ အပေါ် လုံခြုံရေး တပ်ဖွဲ့တွေက လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံခဲ့ရတယ်လို့ ပြောဆိုကြတာပါ။ ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇား က ဒုက္ခသည် စခန်းမှာ နေထိုင်နေတဲ့ Shifiqua Begum ကတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားခံခဲ့ရတယ်လို့ ပြောဆိုထားပြီး သူမရဲ့ နောက်ဆုံး ဖွားမြင်ခဲ့တဲ့ သမီးဖြစ်သူကို ယောကျာ်းဖြစ်သူက လက်မခံတာကြောင့် ကလေးတွေကို တယောက်တည်း ပြုစုစောင့်ရှောက်နေရသူပါ။ Shifiqua Begum က အခုလို ပြောပါတယ်။
"ကျမ ကလေးကို လူတွေကြား ခေါ်မသွားရဲပါဘူး။ လူတွေက မျိုးစုံ ပြောကြပါတယ်။ ကလေးကို ပေးပစ်ဖို့ ကျမ ၂ ခါ ကြိုးစားခဲ့ပါတယ်။"
ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ UNFPA ရဲ့ အဆိုအရတော့ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေထဲက ၁ သောင်း ၃ ထောင်ကျော်တို့ဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံခဲ့ရတယ်လို့ ပြောဆိုထားတာပါ။ ဒီနှစ်ထဲမှာ ကလေးမွေးဖွားမှုနှုန်းလည်း တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒုက္ခသည် စခန်းတွေမှာ တရက်ကို အကြမ်းဖျဉ်းအားဖြင့် ကလေးငယ် ၆၀ ဦးလောက် မီးဖွားနေပြီး တချို့ကလေးတွေကိုတော့ မိဘတွေက စွန့်ပစ်ကြတာကြောင့် အကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့ လူမှုအသိုင်းအဝိုင်းတို့က အတူ စောင့်ရှောက်နေကြတယ်လို့လည်း ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF က ပြောဆိုထားပါတယ်။ အကူအညီပေးရေး အဖွဲ့အစည်း တခုဖြစ်တဲ့ Save the Children Fund က Beatriz Ochoa က အခုလို ပြောပါတယ်။
"ဒီနှစ် ဒီကာလ အတွင်း မွေးလာတဲ့ ကလေးငယ်တွေ အားလုံး အတွက် ကျမတို့ အစိုးရိမ်ဆုံးကိစ္စကတော့ သူတို့ကို ဘယ်လိုဘဲ ကိုယ်ဝန်ဆောင်ခဲ့ပါစေ ဒီကလေးတွေ အပေါ်မှာ အမျိုးမျိုး စွပ်စွဲ ပြောဆိုလာကြနိုင်တဲ့ ကိစ္စပါ။ ကလေးတွေ အားလုံး အနေနဲ့ အကောင်းဆုံး ပုံစံနဲ့ သူတို့ဘဝကို စတင်ပိုင်ခွင့် ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှု၊ သူတို့ကို ဂရုစိုက်မယ့် မိသားစု၊ ပညာသင်ကြားခွင့်နဲ့ အစာအဟာရ ပြည့်ဝစွာ ရရှိခွင့်တွေ ရှိပါတယ်။"
မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို လက်သင့်မခံသလို အခုလို ဒုက္ခသည်တွေရဲ့ စွပ်စွဲချက်တွေကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တရားဥပဒေကြောင်းအရ ဖြေရှင်းဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမယ်လို့လည်း အကြမ်းဖက်ခံရမှုတွေ အသက်လုထွက်ပြေးရတဲ့ အခြေအနေမှာ ဒုက္ခသည်တွေ အနေနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု အပါအဝင် အခွင့်အရေး ချိုးဖောက်ခံရမှုတွေရဲ့ လက်သည် တရားခံ ဘယ်သူ ဖြစ်တယ်ဆိုတာကို ခိုင်ခိုင်မာမာ သက်သေတင်ပြဖို့ ဆိုပြီး မဖြစ်နိုင်ဘူးလို့လည်း ရိုဟင်ဂျာ အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြပြောဆိုကြပါတယ်။