ရခိုင်ပြည်နယ်က ပဋိပက္ခတွေနဲ့ ဆက်နွယ်ပြီး ပိတ်ဆို့ဒဏ်ခတ်မှုတွေ အပါအဝင် နိုင်ငံတကာက ဖိအားပေးနေတာတွေဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကို မထိခိုက်ဖို့ လိုအပ်ကြောင်း မြန်မာအစိုးရက သတိပေးလိုက်ပါတယ်။ ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာလုံခြုံရေး အရာရှိကြီး ၇ ယောက်ကို ဥရောပသမဂ္ဂ (EU) နဲ့ ကနေဒါနိုင်ငံတွေက ဒဏ်ခတ်မှုအသစ်တွေ ချမှတ်လိုက်ကြောင်း ကြေညာခဲ့ပြီး နောက်မှာပဲ မြန်မာအစိုးရက တုန့်ပြန်လိုက်တာပါ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်ထဲ ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လူသိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတဲ့အပေါ် တာဝန်ရှိသူတွေအဖြစ်၊ မြန်မာလုံခြုံရေးတပ်ဖွဲ့က အရာရှိကြီး ၇ ဦးအပေါ် EU နဲ့ ကနေဒါနိုင်ငံတွေက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်လိုက်ကြောင်း မနေ့တုန်းကပဲ ကြေညာလိုက်တာပါ။ မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖိအားတွေဟာ ပြည်တွင်းက ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုတွေကို ထိခိုက်မှာ စိုးရိမ်ကြောင်း တုန့်ပြန်လိုက်ပါတယ်။
အထူးသဖြင့် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ရာမှာ အသွင်ကူးပြောင်းရေး လုပ်ငန်းတွေကို မထိခိုက်စေဖေို့ လိုအပ်တဲ့အကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။
"မြန်မာနိုင်ငံကို sanction လုပ်မယ် ဘယ်လိုမျိုးအရေးယူဒဏ်ခတ်မှုတွေလုပ်မယ်ဆိုရင် ကျနော်တို့ ပြောချင်တဲ့အချက်က နံပတ်၁ ပြည်သူလူထုရဲ့အကျိုးစီးပွားကို မထိခိုက်ဖို့လိုတယ်။ နံပတ်၂ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မထိခိုက်ဖို့လိုတယ်။ နံပတ်၃ အချက်က ကျနော်တို့နိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို မထိခိုက်ဖို့လိုတယ်။ ဒီအချက်တွေက ကျနော်လေးလေးနက်နက်ပြောတာဖြစ်တယ်။ ဒီဟာတွေကို မထိခိုက်ဖို့ သုံးသပ်စဉ်းစားပြီးလုပ်ဖို့ လိုတယ်လို့ ကျနော်ပြောချင်ပါတယ်။"
EU နဲ့ ကနေဒါနိုင်ငံတွေကတော့ ရခိုင်ပြည်နယ်က စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်နဲ့ ရဲတပ်ဖွဲ့က အရာရှိ ၇ ယောက်ကို ပြည်ဝင်ခွင့်ပိတ်ပင်တာ၊ ပိုင်ဆိုင်မှုတွေ ထိန်းချုပ်တာ အပါအဝင် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူလိုက်ကြောင်း မနေ့တုန်းကပဲ ကြေညာခဲ့တာပါ။
ရခိုင်ပြည်နယ်မြောက်ပိုင်းက လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို ပြီးခဲ့တဲ့နှစ်သြဂုတ်လထဲ စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို လိုက်လံနှိမ်နင်းတဲ့ စစ်ဆင်ရေးတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးစုအလိုက် ရှင်းလင်းတဲ့ အဆင့်အထိ ရောက်ခဲ့ကြောင်းလည်း နိုင်ငံတကာ အသိုင်းအဝန်းက စွပ်စွဲထားကြပါတယ်။
မြန်မာစစ်တပ်နဲ့ အစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေတဲ့ အဆင့်အထိ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိခဲ့ကြောင်းနဲ့ ကျုးလွန်သူ တချို့ကိုလည်း အရေးယူခဲ့တာတွေရှိကြောင်းလည်း ပြောဆိုထားတာပါ။ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရက ကြိုးပမ်းမှုတွေ ရှိနေကြောင်းနဲ့ နိုင်ငံတကာရဲ့ စွပ်စွဲမှုတွေမှာလည်း အထောက်အထား ခိုင်ခိုင်လုံလုံ ပြသနိုင်ဖို့လိုအပ်ကြောင်းလည်း မနေ့တုန်းက ဒဏ်ခတ်မှုတွေအပေါ် တုံ့ပြန်ရာမှာ ဦးဇော်ဌေး ကအခုလို ပြောခဲ့ပါတယ်။
"မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီချိုးဖောက်မှုတွေကို နံပတ်၁ အချက်အနေနဲ့ မျက်စိစုံမှိတ် ြင်းပယ်နေခြင်းမရှိဘူး။ နံပတ် ၂ အချက်က ဒီဟာတွေကို ကျနော်တို့ မသိကျိုးကျွန်ပြု လစ်လျူရှုနေတာ မရှိဘူး။ နံပတ် ၃ အချက်က ချိုးဖောက်မှုတွေရှိတယ် မှန်တယ်ဆိုရင် ကျနော်တို့က ပွင့်ပွင့်လင်းလင်းထိထိရောက်ရောက် အရေးယူမယ်ဆိုတာပြောထားပါတယ် အဲဒီအချက်အတိုင်းပဲ ကျနော်တို့ဆောင်ရွက်နေတယ်။ အဲလိုမျိုး တာဝန်ခံမှု တာဝန်ယူမှုနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေက ကျနော်တို့အပေါ်မှာအများကြီးရှိတယ်။ အများကြီးရှိသော်လည်း ဒီဟာတွေကို စစ်ဆေးလိုက်တဲ့အခါမှာ ကျနော်တို့အဓိကတော့ နံပတ်၁ အချက် ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းတွေက တိုက်လို့ ဒီလိုပြဿနာတွေဖြစ်လာတယ်။ ဒါကို နိုင်ငံတကာက သတိပြုဖို့လိုတယ်၊ ဒါတွေရဲ့ ပြဿနာ အဓိက Problem maker ဒီလိုပြဿနာတွေ ဖန်တီးတာက ARSA အစွန်းရောက်အကြမ်းဖက်အဖွဲ့ဖြစ်တယ်ဆိုတာကို သတိထားဖို့လိုတယ်။"
မနေ့တုန်းက EU နဲ့ ကနေဒါနိုင်ငံတွက အရေးယူဖို့ ကြေညာလိုက်တဲ့အထဲမှာတော့ ကာကွယ်ရေး ဝန်ကြီးဌာန အမှတ် ၃ စစ်ဆင်ရေး အထူးအဖွဲ့မှူး အဖြစ် ၂၀၁၅ ခုနှစ် သြဂုတ်လ ကနေ ၂၀၁၇ ခုနှစ် နှစ်ကုန် အထိ တာဝန်ယူခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ် ၂၀၁၆ ခုနှစ် အောက်တိုဘာလကနေ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ အထိ တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်စိုး၊ နောက် ရခိုင်ပြည်နယ်တွင်း နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ကြတဲ့ ဗိုလ်မှူးချုပ် သန်းဦး၊ ဗိုလ်မှူးချုပ် အောင်အောင်၊ ဗိုလ်ချုပ် ခင်မောင်စိုး၊ နောက် နယ်ခြားစောင့်တပ်ဖွဲ့မှူး အဖြစ် တာဝန်ယူခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင်နဲ့ ရဲချုပ် သန့်ဇင်ဦးတို့ ပါဝင်ကြပါတယ်။
ဒီအထဲက ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောနဲ့ ဗိုလ်ချုပ် မောင်မောင်စိုး တို့ကိုတော့ တာဝန်ကနေ ဖယ်ရှားထားကြောင်းလည်း မနေ့တုန်းကပဲ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တာဝန်ယူခဲ့တဲ့ ဗိုလ်ချုပ် မောင်မောင်စိုးကိုတော့ အမေရိကန် ပြည်ထောင်စုကလည်း ပြီးခဲ့တဲ့ နှစ်ကတည်းက ဒဏ်ခတ်အရေးယူထားပါတယ်။