သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စလင်းမြို့နယ်မှာ စစ်လေယာဉ်ပျက်ကျ၊ လေယာဉ်မှူးတွေလွတ်မြောက်


စလင်းမြို့နယ်မှာ စစ်လေယာဉ်ပျက်ကျခဲ့ (ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄)
စလင်းမြို့နယ်မှာ စစ်လေယာဉ်ပျက်ကျခဲ့ (ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄)

မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်လေယာဉ်တစင်း ပျက်ကျခဲ့ပြီး လေယာဉ်မှူးတွေကတော့ အသက်မသေ လွတ်မြောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေယာဉ်ပျက်ကျတဲ့ နေရာမှာလည်း လုံခြုံရေးတွေ နေရာယူထားတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုခင်မောင်စိုးမင်း ပြောပြမှာ ဖြစ်ပါတယ်။

မကွေးတိုင်း စလင်းမြို့နယ် ကြူဝန်းကြီး ကျေးရွာအနီးက လယ်ကွင်းထဲကို ဒီကနေ့ ဖေဖော်ဝါရီ ၂၉ ရက် မွန်းတည့် ၁၂ နာရီခွဲအချိန်က စစ်တပ်ရဲ့ တိုက်လေယာဉ်တစီးပျက်ကျ မီးလောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပျက်ကျတဲ့နေရာမှာ လုံခြုံရေးချထားပြီး လေယာဉ်မှူးတွေကို ရဟတ်ယာဉ်နဲ့ ပြန်လည် ခေါ်ဆောင်သွားတယ်လို့လည်း ပြောပါတယ်။ တိုက်လေယာဉ်ပျက်ကျတဲ့အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပါတယ်။

“ပျက်ကျတဲ့အချိန်မှာ လေယာဉ်ကပျံသန်းလာရင်း နိမ့်နိမ့်လေးဖြစ်လာပြီး လယ်ကွင်းထဲကို ဂျိမ်းဆိုပြီး ကျသွားတယ်ပေါ့။ အဲ့အနေအထားပေါ့ ပျက်ကျသွားတယ်ပေါ့။ ဂျိမ်းဆိုပြီးထိုးကျသွားတယ် မီးခိုးလုံးတွေ ထွက်လာတယ်ပေါ့နော်။ လေယာဉ်က ၂ ပိုင်းပြတ်သွားပြီး အစိတ်စိတ် အမွှာမွှာဖြစ်သွားတယ်ပေါ့။”

လေယာဉ်မီးလောင်ပျက်သွားပေမယ့် လေယာဉ်မှူး ၂ ဦးမှာ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ပျက်ကျတဲ့နေရာအနီးကို စစ်တပ်နဲ့ ရဲကလုံခြုံရေးယူထားတယ်လို့ ဒေသခံက ပြောပါတယ်။

စလင်းမြို့နယ်မှာ စစ်လေယာဉ်ပျက်ကျခဲ့ (ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄)
စလင်းမြို့နယ်မှာ စစ်လေယာဉ်ပျက်ကျခဲ့ (ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄)

“မြေပြင်အခြေအနေက လေယာဉ်ပေါ်ပါလာတဲ့ လေယာဉ်မောင်းနှင်သူ ၂ ယောက်က အရန်လေထီးနဲ့ ခုန်ချပြီး လွတ်မြောက်သွားတယ်။ လွတ်မြောက်တဲ့ ၂ ယောက်ကို Mi17 နဲ့လာပြီး ခေါ်သွားတာမျိုးတွေလုပ်တယ်။ နောက်ပြီး နယ်မြေအတွင်းက ရဲတို့ စစ်တပ်တို့က လုံခြုံရေးယူထားတဲ့အနေအထားမျိုးတွေရှိပါတယ်။”

ပျက်ကျတဲ့နေရာအနီးမှာ စစ်တပ် တပ်ရင်း ၂၅၃၊ ၂၅၄၊ ၂၅၅ တပ်တွေရှိပြီး ပျက်ကျပြီးချိန်မှာ မြေပြင်မှာ ကယ်ဆယ်ရေးတွေလုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ၂၀၂၂ ဖေဖော်ဝါရီ လတုန်းကလည်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ ရေမျက်ကြီးအင်းထဲမှာ စစ်တပ်ရဲ့ တိုက်လေယာဉ် တစီး ပျက်ကျခဲ့ပြီး လေယာဉ်မှူးဖြစ်သူ သေဆုံးခဲ့ပါသေးတယ်။

စစ်ကောင်စီကတော့ တိုက်လေယာဉ်တစင်း လေ့ကျင့်ပျံသန်းစဉ် စက်ချို့ယွင်းမှုကြောင့် မတော်တဆမှု ဖြစ်ပွားကြောင်း ဒီကနေ့နှောင်းပိုင်းမှာပဲ သတင်းထုတ်ပြန်ခဲ့ပေမဲ့ အသေးစိတ်တော့ မပြောပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG