သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေကို လူသားဒိုင်းအဖြစ်အသုံးပြုမှု စစ်ကောင်စီကို နိုင်ငံတကာဝေဖန်


စစ်ဘေးရှောင်များကို အာဟာရဒါနလှူဒါန်းနေတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ (ဓာတ်ပုံ - IDPs Support Group)
စစ်ဘေးရှောင်များကို အာဟာရဒါနလှူဒါန်းနေတဲ့ ယခင်မှတ်တမ်းဓာတ်ပုံ (ဓာတ်ပုံ - IDPs Support Group)

မြန်မာစစ်ကောင်စီဟာ ပြည်တွင်းစစ်ရှောင်ဒုက္ခသည်စခန်းတွေကို ထိန်းချုပ်ပြီး ဒုက္ခသည်တွေကို လူသားဒိုင်းတွေလို အသုံးချနေတယ်လို့ အမေရိကန်နိုင်ငံကပြောပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက် သံအမတ်ကြီး Robert Wood က ကုလသမဂ္ဂမှာ တနင်္လာနေ့က အဲဒီလို စွပ်စွဲပြောဆိုခဲ့တာပါ။

ကလေးတွေကိုလည်း စစ်ကောင်စီက အတင်းအကြပ်တပ်သားစုဆောင်းနေတယ်ဆိုတဲ့ ခိုင်မာတဲ့သတင်းတွေရထားတယ်လို့လည်းပြောပါတယ်။ မြန်မာနိုင်ငံမှာ လူမျိုးရေးတင်းမာမှုတွေပေါ်ပေါက်လာနိုင်ပြီး လူသားချင်းစာနာထောက်ထားမှုအခြေအနေတွေ ပိုမိုဆိုးရွားလာနိုင်ခြေရှိနေတယ်လို့လည်း သံအမတ်ကြီး Wood ကပြောသွားပါတယ်။ မြန်မာနိုင်ငံလူသားချင်းစာနာမှုစိုးရိမ်ချက်နဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၃၀ ရဲ့ နိုင်ငံစုံ ပူးတွဲထုတ်ပြန်ချက်မှာ ဥရောပသမဂ္ဂနိုင်ငံအများစု ပါဝင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေ ပိုမိုဆိုးရွားလာနေပြီး နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတွေ ချိုးဖောက်ခံနေရတယ်ဆိုတဲ့ ခိုင်မာတဲ့သတင်းတွေကြောင့် အလွန်စိုးရိမ်မိကြောင်း ဒီကြေညာချက်မှာဖော်ပြပါတယ်။ ရိုဟင်ဂျာအများစုပါဝင်တဲ့ ရခိုင်ပြည်နယ်တွင်းက ရွှေ့ပြောင်းနေကြရတဲ့ ပြည်တွင်း IDP တွေကို စစ်ကောင်စီက လူသားဒိုင်းတွေလို တမင်အသုံးပြုနေတယ်ဆိုတဲ့သတင်းတွေရရှိတယ်လို့ ဒီကြေညာချက်မှာဖော်ပြထားပါတယ်။ စစ်ပြေးဒုက္ခသည်စခန်းတွေအနီး မြေမြှုပ်မိုင်းတွေချပြီး ဒုက္ခသည်စခန်းကို စစ်အခြေစိုက်စခန်းတွေလိုအသုံးပြုဖို့လုပ်နေတယ်ဆိုတဲ့သတင်းကြောင့်လည်း အလွန်အမင်းစိုးရိမ်ကြောင်းလည်း ပြောထားပါတယ်။

အရပ်သားတွေနဲ့ အရပ်ဖက်နေရာတွေကို လေကြောင်းကနေ တရားလက်လွတ်ဗုံးကြဲချနေတာကြောင့် လူနေအိမ်တွေမီးဘေးသင့်ရတာ၊ လူမှုဝန်ထမ်းတွေနဲ့အရပ်ဖက်အဆောက်အအုံတွေ တိုက်ခိုက်တာအပြင် လူသားချင်းစာနာမှုအကူအညီတွေကို စစ်ကောင်စီက ကန့်သတ်နေတာတွေကို လက်ခံနိုင်စရာမရှိတဲ့လုပ်ရပ်တွေဖြစ်တယ်လို့လည်း ကြေညာချက်မှာ ပြောထားပါတယ်။ အထူးသဖြင့် မြန်မာစစ်တပ်နဲ့ ပါဝင်ပတ်သက်နေသူအားလုံး အကြမ်းဖက်မှုကျဆင်းစေရေးနဲ့ နိုင်ငံတကာလူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ ပြည်သူတွေကို ကာကွယ်ဖို့လည်း ကြေညာချက်မှာ တိုက်တွန်းတောင်းဆိုထားပါတယ်။

စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံတွင်းမှာ လက်နက်ကိုင်ပုန်ကန်မှုတွေကြောင့် တနိုင်ငံလုံးနေရာအတော်များများ တိုက်ပွဲတွေရှိနေပြီး အာဏာသိမ်းစစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကို အဓိကအားပြုနေရပါတယ်။ စစ်ကောင်စီဘက်က အရပ်ဖက် စစ်ဖက်မခွဲပဲ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဝေဖန်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG