သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စစ်ရှောင်များ မိုးလေပြင်းထန်လို့ ဒုက္ခပိုဆိုး


ရခိုင်စစ်ရှောင်များခိုလုံရာတဲများ (Rakhine Ethnics Congress)
ရခိုင်စစ်ရှောင်များခိုလုံရာတဲများ (Rakhine Ethnics Congress)

ရခိုင်ပြည်နယ်တွင်း စစ်ရေးပဋိပက္ခတွေကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ပြေးနေရတဲ့ ဒေသခံ စစ်ရှောင်ဦးရေ လေးသောင်း တထောင်ကျော် အထိ ရှိသွားပြီ်ဖြစ်ပြီး သူတို့အတွက် အရေးပေါ်သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့ ကူညီ ကယ်ဆယ် ပေးနေသူတွေက ပြောဆိုလိုက်ပါတယ်။ ဒီရက်ပိုင်းအတွင်း ရာသီဥတုဆိုးဝါး မိုးလေပြင်းထန်လို့ လေပြင်းတိုက်ခတ်မှုအပြင် မိုးများလည်း ရွာသွန်းမှုကြောင့် ဘေးလွတ်ရာကိုတိမ်းရှောင်နေရသူတွေ ယာယီကယ်ဆယ်ရေးစခန်းတွေထဲက အဖြစ်တည်ဆောက်ထားရတဲ့ တဲလေးတွေမှာ ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည်များ နေထိုင်စားသောက်ရေးအတွက် ဒုက္ခအကြီးအကျယ်ရောက်နေကြရတယ်လို့ ကူညီပေးနေသူတွေကပြောပါတယ်။ စစ်ဘေးစစ်ရှောင်စခန်းတွေအထိ ဒုက္ခသည်စာရင်း လိုက်လံကောက်ယူပြီး အကူညီတွေ ပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ရဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခြေအနေကို အခုလိုပြောပြပါတယ်။

ကိုဇော်ဇော်ထွန်း။ ။ ရခိုင်ပြည်မှာရှိနေတဲ့ ကျနော်တို့ ရဲ့ အဖွဲ့ဝင်တွေ သတင်းပေးပို့ချက်အရဆိုရင်တော့ အဆိုးဆုံးက ရသေ့တောင်မြို့နယ်ဘက်က ကျေးရွာတွေဖြစ်တယ်။ အထူးသဖြင့် ရသေ့တောင်နဲ့ ဘူးသီးတောင် ကားလမ်းမတလျောက် မေယုမြစ် ရဲ့ အရှေ့ဘက်တခြမ်းပေါ့နော် အဲဒီဘက်မှာ အဆိုးဆုံးအခြေအနေဖြစ်နေပါတယ်။ အဲဒီမှာ ထူးခြားတာက ဘာရှိသလဲဆိုတော့ စခန်းတွေဆိုတာထက် ရွာတွေမှာ ပိုပြီးတော့ ဒုက္ခရောက်နေတာဖြစ်တယ်။ တိုက်ပွဲတွေဖြစ်တာနဲ့ မဆိုင်ပဲနဲ့ တပ်မတော် စစ်ကြောင်းတွေက ရွာတွေမှာ ဝင်လာ နေရာယူပြီးတော့ စစ်ဆင်ရေး ဆောင်ရွက်ဖို့အတွက် လာပြီဆိုရင် လူတွေက အကုန်ထွက်ပြေးနေရတယ်ပေါ့နော်။ တပ်က ဝင်လာရင် လူတွေက ထွက်သွားကြတယ်။ ဘယ်နေရာမှာ သူတို့ရှိနေတာလည်းမသိ အဲဒီ လမ်းကြောင်းကလည်း လက်တလော သွားလာရခက်ခဲပြီးမှ လုံခြုံရေးတွေများတဲ့အတွက်ကြောင့် သွားလာရတာခက်တဲ့အခါကျတော့ အဲဒီနေရာတွေက အဆိုးဆုံး ဖြစ်ပါတယ်အမ။

မဆုမွန်။ ။ အခုက မိုးကလည်း စပြီးတော့ ကျလာပြီပေါ့နော်။ မိုးတွင်းအတွက်ကို တော်တော်လေး အရင်ကလည်း စိတ်ပူခဲ့ကြတယ် အဲဒီတော့ ယာယီစခန်းလေးတွေနဲ့ နေရတဲ့အခါမှာ သူတို့အတွက် နေထိုင်ရေးလည်း တော်တော်လေး ဒုက္ခရောက်တယ်၊ စားသောက်ရေးလည်း ဒုက္ခရောက်တယ်။ ဆိုတော့ ဘာများအရေးတကြီး သူတို့အတွက် လုပ်ပေးဖို့လိုအပ်နေတာတွေ ရှိပါသလဲရှင့်။ ဘာတွေများလောလောဆယ် အခက်တွေ့နေပါသလဲ။

ကိုဇော်ဇော်ထွန်း။ ။ စခန်းတွေအခြေအနေအရဆိုရင်တော့ ဘယ်လိုစခန်းတွေမှာ ပိုပြီးတော့ ဒုက္ခရောက်သလဲဆိုရင် ယာယီတဲလေးတွေ ဖြစ်သလိုဆောက်ထားတဲ့ ယာယီအမိုးအကာတွေနဲ့ တဲတွေနဲ့ နေရတဲ့စခန်းတွေ အထူးသဖြင့် မြောက်ဦး၊ ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းအစပ်မှာရှိတဲ့ စခန်းတွေပေါ့နော်။ ဝါးတောင်၊ တောင်မင်ကလား၊ အောင်မြတ်လေး စသဖြင့်ပေါ့နော် အဲဒီနေရာတွေရယ်၊ နောက်ပြီးတော့မှ မြောက်ဦးမြို့နယ် လေးညှိမြစ်အထက်ပိုင်းမှာရှိတဲ့ နေရာတွေမှာပေါ့။ အဲဒီမှာတော့ စခန်းတွေကို အစိုးရဘက်ကနေပြီးတော့မှ သေသေချာချာတည်ပေးတာမရှိသေးဘူး ။ ဒေသခံတွေရဲ့ မြေယာတွေအပေါ်မှာ သူတို့ ခဏနေကြတာ။ ဆိုတဲ့အခါကျတော့ အဆောက်အဦးဆောက်ပေးဖို့အတွက်လည်း တရားဝင်မရှိသေးတဲ့အခါကျတော့ မဆောက်နိုင်ကြဘူး။ ဆောက်မယ့်နေရာလည်းမရှိဘူး အဲဒီအချိန်ကျတော့ သူတို့က ခုနပြောသလိုပဲ ယာယီအမိုးအကာနဲ့ နေကြတယ် ။ နေတော့ လေလေးတိုက်လိုက် မိုးကြီးရွာလိုက်ပြီဆိုရင် သူတို့မှာ နေစရာမရှိတော့ဘူး ကျနော်ပြောချင်တာက အဓိက အဲဒီစခန်းတွေမှာ ရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက်ကို အစိုးရကနေမှ မြေနေရာ ဆောင်ရွက်ပေးဖို့ရယ် နောက်တခုက သူတို့မိသားစုအလိုက် ခိုင်ခံ့တဲ့အဆောက်အဦးတွေ ဆောက်ပေးဖို့ရယ် ဒါတွေက အရေးကြီးနေပါတယ်။

မဆုမွန်။ ။ လောလောဆယ်မှာ ဒီလို အခက်အခဲလေး တော်တော်လေး တွေ့နေကြတယ်ပေါနော်။ ဒီလို ရွာတွေမှာ တိမ်းရှောင်နေရတဲ့လူတွေ နောက် စခန်း တွေထဲမှာ လာခိုလုံနေကြသူတွေအတွက်ကို စိတ်ပူနေစရာအနေအထားတွေ ဖြစ်နေတော့ ရခိုင်ပြည်နယ်အစိုးရနဲ့ သက်ဆိုင်တဲ့ ပြည်ထောင်စု ဝန်ကြီးဌာနပေါ့နော် လူကယ်ပြန်တို့ ကျန်းမာရေးဝန်ကြီးဌာနတွေဘက်က ဘာတွေလုပ်ပေးနေတာတွေရှိသလဲ နောက်သူတို့ဘက်က ဘာတွေများအရေးတကြီး ပြည်သူတွေအတွက် လုပ်ပေးဖို့ရော အကြံပြုချင်တာ ရှိပါသလဲရှင့်။

ကိုဇော်ဇော်ထွန်း။ ။ ရသလောက်ပေါ့လေ လူကယ်ပြန်ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ပြောကြားချက်တွေ ပြီးတော့ ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဦးဆောင်တဲ့ ကော်မရှင်တွေ ပြီးတော့ ပြည်နယ်အစိုးရ အာဘော်ကို ကြည့်လိုက်မယ်ဆိုရင် စစ်ပြေးဒုက္ခသည်တွေအတွက် မိုး မတိုင်ခင်မှာ ကောင်မွန်တဲ့နေရာထိုင်ခင်းရရှိဖို့ဆိုပြီးတော့ သူတို့အနေနဲ့ နေရာယူထားရှိပါတယ်ပေါ့။ ပြီးတော့ စားနပ်ရိက္ခာ ပြတ်မသွားဖို့အရေးကို သူတို့အနေနဲ့ စီမံ ထားရှိပြီးဖြစ်ပါတယ်ပေါ့။ အဲလိုတော့ ပြောနေပါတယ် ဒါပေမယ့် အခုထိကတော့ လောလောဆယ်ကတော့ စစ်ဘေးဒုက္ခသည်တွေက တကယ်ခံစားနေရတယ်။ နေစရာ ခိုလုံစရာတွေ မရှိဘူးဖြစ်နေတယ်။ နောက်တချက်ကတော့ ထောက်ပံ့တာကလည်း ဆန်တမျိုးတည်းကိုပဲ တဦးကို ၃၀၀ နှုန်း နဲ့ တလအတွက်ကို ၉၀၀၀ ပေးနေတာတွေလည်း ရှိပါတယ်။ ဆန်အရေအသွေးက အရမ်းနည်းပါးပါတယ် ဆိုတော့ အခြေခံဆန်တွေတောင်မှ မကောင်းဘူးပေါ့နော်။

မဆုမွန်။ ။ နောက်ဆုံးအနေနဲ့ ဒီ ဒုက္ခသည်စခန်းတွေမှာ ခိုလုံနေသူတွေရော နီးစပ်ရာနေရာတွေမှာ သွားပြီးတော့ တိမ်းရှောင်နေရတဲ့လူတွေရော အရေအတွက်အားဖြင့် အခုဆိုရင် နောက်ဆုံးအခြေအနေအရ ဘယ်လောက်များ ရှိသွားပြီလဲရှင့်။

ကိုဇော်ဇော်ထွန်း။ ။ ကျနော်တို့ ထင်ထားသလောက်ထက် များနေတာပေါ့နော်။ အခုဆိုရင် ကျနော်တို့က ဒီစစ်ဘေးစခန်းတွေမှာတော့ အရေအတွက်က နည်းနည်းပါးပါးလျော့သွားတာရှိတယ်။ အထူးသဖြင့် စစ်ဘေးသင့်တဲ့ ဒေသတွေက ပိုများလာခဲ့တယ်။ အဲဒီနေရာမှာတွေက တကယ့်ကို စစ်ဘေးသင့်တာ ရွာလုံးကျွတ်ပဲ တခြားလုံခြုံတဲ့ နေရာတွေမှာ သွားပြီးတော့ ခိုလုံနေရတယ် ဖြစ်သလိုနေကြရတယ်။ အဲဒီလူတွေက အရမ်းများလာတယ် အထူးသဖြင့် မြောက်ဦးနဲ့ ရသေ့တောင်မြို့နယ်တွေမှာ။ ဆိုတော့ ကျနော်တို့က ဒီမှာ စာရင်းတွေ အကုန်လုံးမချုပ်ရသေးတော့ အတိအကျမပြောနိုင်ဘူး ဒါပေမယ့် ကျနော်တို့ ခန့်မှန်းချက်အရတော့ လေးသောင်းတထောင်လောက်ရှိတယ်။ ကျောက်တန်းဖြစ်စဉ်နဲ့ လက္ကာဖြစ်စဉ်တွေမှာ အထူးသဖြင့်များပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) ရဲ့ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG