သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တဝှမ်း လွတ်လပ်ရေးနေ့ အခမ်းအနား လုံခြုံရေးတိုးမြှင့်


အမေရိကန် လွတ်လပ်ရေးနေ့
အမေရိကန် လွတ်လပ်ရေးနေ့

ဇူလိုင်လ ၄ ရက် တနင်္လာနေ့ဟာ အမေရိကန် ပြည်ထောင်စုရဲ့ ၂၄၁ နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်တာနဲ့ အညီ တနိုင်ငံလုံးမှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေ၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြပါတယ်။

အခု ဗွီအိုအေက သတင်းကြေညာနေတဲ့ အချိန်ကနေ နောက် ၁ နာရီခွဲလောက်အကြာ၊ မြန်မာစံတော်ချိန် မနက် ၈ နာရီ မိနစ် ၄၀ ပတ်ဝန်းကျင်မှာတော့ ဝါရှင်တန်ဒီစီမြို့တော်က ဗွီအိုအေ အသံလွှင့်ဌာနရုံးချုပ် တည်ရှိတဲ့နေရာနဲ့ မလှမ်းမကမ်းက National Mall လို့ခေါ်တဲ့ အမျိုးသားရင်ပြင်မှာ မီးရှုးမီးပန်းတွေ ပစ်ဖောက်မယ့် အစီအစဉ် ရှိပါတယ်။

နှစ်စဉ် လွတ်လပ်ရေးနေ့တိုင်း ကျင်းပတဲ့ ဒီပွဲတော်ကို လူထောင်ပေါင်းများစွာ လာရောက်လေ့ရှိပြီး အမျိုးသား ဥယျာဉ်ပန်းခြံဌာနက ရင်ပြင်ပတ်ပတ်လည်မှာ ခြံစည်းရိုးရှည် ကြီးတွေနဲ့ ကာရံထားပြီးတော့ ရင်ပြင်တွင်း ဝင်ရောက်မယ့်လူတွေကို စစ်ဆေးမယ့်ဂိတ်တွေကိုလဲ ချထားပါတယ်။

အမေရိကန် တော်လှန်ရေး စစ်ပွဲ စတင်ခဲ့တဲ့ မက်ဆာချူးဆက်ပြည်နယ်၊ ဘော်စတွန်မြို့မှာတော့ မီးရှူးမီးပန်း ပစ်ဖောက်တာကို လူ ပေါင်း ၅ သိန်းလောက် လာကြည့်မယ်လို့ ခန့်မှန်းထားပြီး အဲဒီလူအုပ်ကို ကောင်းကင်ကနေ စောင့်ကြည့်ဖို့အတွက် ရဲတပ်ဖွဲ့က အဝေးထိန်း ဒရုန်းယာဉ်ကို လွှတ်တင်ထားပါတယ်။

နယူးယောက်မြို့မှာလဲ မီးရှူးမီးပန်း ပစ်ဖောက်ချိန်အတွင်းနဲ့ အခမ်းအနားကျင်းပတဲ့ တခြားနေရာတွေမှာ သဲတွေ အပြည့်တင်ထား တဲ့ ထရပ်ကား ဒါဇင်ပေါင်းများစွာကို ရဲတပ်ဖွဲ့က ချထားပါတယ်။ ပြင်သစ်နိုင်ငံ၊ Nice မြို့မှာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က ပြင်သစ်တော်လှန်ရေးနဲ့ Bastille Day အခမ်းအနား ကျင်းပချိန် အတွင်း ကုန်တင်ထရပ်ကားတစီးနဲ့ လူအုပ်ထဲကို အတင်းမောင်းဝင် တိုက်ခိုက်တဲ့ ဖြစ်ရပ်မျိုး မဖြစ်အောင် ကာကွယ်ဖို့အတွက် သဲကားတွေကို ချထားတာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သမ္မတ Donald Trump ကတော့ စစ်ဘက်မိသားစုတွေကို သမ္မတအိမ်ဖြူတော် အပြင်ဘက်မှာ အစားအစာတွေ ချက်ပြုတ် ကျွေးမွေးဧည့်ခံ ပြီးတဲ့နောက် မီးရှုးမီးပန်းတွေ ပစ်ဖောက်တာကို အဲဒီမိသားစုတွေ၊ အိမ်ဖြူတော်ဝန်ထမ်းတွေနဲ့ အတူ ကြည့်ရှုကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG