သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိမ်းရှောင်လာသူ မြန်မာတွေကို မီဇိုရမ်ပြည်နယ်အစိုးရ ပြန်ပို့မည်မဟုတ်


Mizoram chief minister Zoramthanga (မှတ်တမ်းဓါတ်ပုံ)
Mizoram chief minister Zoramthanga (မှတ်တမ်းဓါတ်ပုံ)

လုံခြုံရေးနဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်တွေ မြန်မာဘက်မှာ ရေရေရာရာမရှိသေးသရွေ့ မြန်မာဒုက္ခသည်တွေကို ပြန်ပို့မှာမဟုတ်ဘူးလို့ မီဇိုရမ်ပြည်နယ် အစိုးရက အိန္ဒိယ ဗဟိုအစိုးရကို ပြောလိုက်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။

တိမ်းရှောင်လာသူ မြန်မာတွေကို မီဇိုရမ်ပြည်နယ်အစိုးရ ပြန်ပို့မည်မဟုတ်

{{Zawgyi/Unicode}}
လုံခြုံရေးနဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်တွေ မြန်မာဘက်မှာ ရေရေရာရာမရှိသေးသရွေ့ မြန်မာဒုက္ခသည်တွေကို ပြန်ပို့မှာမဟုတ်ဘူးလို့ မီဇိုရမ်ပြည်နယ် အစိုးရက အိန္ဒိယ ဗဟိုအစိုးရကို ပြောလိုက်ပါတယ်။ ဒါဟာ မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေ ဝါရှင်တန်ဒီစီမှာ မြန်မာဒုက္ခသည်ကိစ္စကို ဆွေးနွေးခဲ့ပြီး ရက်ပိုင်းအတွင်းမှာ အခုလိုပြောလိုက်တာပါ။ အိန္ဒိယရောက် မြန်မာအရပ်ဘက် အဖွဲ့တွေကတော့ အခုလို မီဇိုရမ်အစိုးရရဲ့ တောက်လျှောက် ကြိုးပမ်းမှုတွေနဲ့ ပတ်သက်ပြီး ကြိုဆိုကြောင်းပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို ကိုခင်မောင်စိုးမင်း က ပြောပြမှာပါ။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အစိုးရဝန်ကြီးချုပ် Zoramthanga ဟာ အိန္ဒိယ ဗဟိုအစိုးရ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ နဲ့ နယူးဒေလီမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ပြီး ပြည်နယ်အတွင်း ကိစ္စရပ်တွေနဲ့ မြန်မာနိုင်ငံရေး အခြေအနေတွေကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ မီဇိုရမ်ပြည်နယ်ထဲမှာ တိုးလာတဲ့ မြန်မာဒုက္ခသည်တွေကြောင့် မြန်မာ့အရေးကို အိန္ဒိယ ဗဟိုအစိုးရဘက်က အကူအညီပေးလာဖို့ မစ္စတာ Zoramthanga ဘက်က မျှော်လင့်နေတာပါ။ သူ့အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ဒုက္ခသည်တွေအတွက် ကောင်းမွန်တဲ့ အစီအစဉ်တွေ မရှိသေးသရွေ့ မြန်မာဒုက္ခသည်တွေကို ပြန်လွှတ်မှာမဟုတ်ကြောင်း ဝန်ကြီးချုပ်မိုဒီ ကို ပြောခဲ့ပါတယ်။

မီဇိုရမ်အစိုးရဟာ မြန်မာဒုက္ခသည်အရေးမှာ တက်တက်ကြွကြွ လုပ်ဆောင်နေပေမဲ့ အိန္ဒိယဗဟိုအစိုးရကတော့ စစ်ကောင်စီနဲ့ သံတမန်ဆက်ဆံရေး မပြတ်ရှိနေပြီး မြန်မာ့အရေးကို လျစ်လျူရှုထားတယ်လို့ နိုင်ငံရေးတက်ကြွသူတွေက မြင်ပါတယ်။ ပြည်တွင်းပြည်ပက မြန်မာအရပ်ဘက်အဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက အိန္ဒိယဗဟိုအစိုးရကို မြန်မာ့အရေးမှာ ပိုပြီးအင်တိုက်အားတိုက်ပါဝင်လာဖို့ ဖိအားပေးနေကြပေမဲ့ နိုင်ငံရေးတက်ကြွသူတွေကတော့ ဒီအပေါ်မှာ သိပ်မျှော်လင့်မထားပါဘူး။ မြန်မာဒုက္ခသည် ကူညီကယ်ဆယ်ရေးကော်မတီ MRRC ရဲ့ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။

" ဗဟိုအစိုးရက မီဇိုရမ်မှာ ဒုက္ခသည်တွေ၊ မြန်မာပြည်ကနေ လာတဲ့သူတွေကို force နဲ့ပြန်ပို့မယ်လို့ မပြောတာတခုပဲရှိတယ်၊ တခြားတော့ ဗဟိုအစိုးရက အကူအညီပေးမယ်လို့တော့ မထင်ဘူး။ နောက်ပြီး အခုအထိလည်း ဗဟိုအစိုးရက ဒီလောက်အကူအညီလည်း မပေးဘူး။"

အမေရိကန် ပြည်ထောင်စုကို ဒီရက်ပိုင်းအတွင်း သွားရောက်ခဲ့တဲ့ မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီးဟာ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာစစ်ရှောင်တွေကိစ္စကို ပြောပြခဲ့ပါတယ်။ မြန်မာစစ်ရှောင်ကလေးတွေရဲ့ ပညာရေး၊ စားဝတ်နေရေးအပြင် တိုးလာတဲ့စစ်ရှောင်တွေအတွက် ငွေကြေးလိုအပ်ချက် အခက်အခဲတွေကိုလည်း မီဇိုရမ်အစိုးရဘက်က တင်ပြခဲ့တယ်လို့ မီဇိုရမ်ပြည်နယ် သတင်းတချို့မှာ ဖော်ပြထားပါတယ်။

မီဇိုရမ်အစိုးရဟာ အခုနှစ်အစောပိုင်းကာလမှာကတည်းက မြန်မာစစ်ရှောင်တွေအတွက် အိန္ဒိယရူးပီးငွေ သိန်း၃၈၀ကို အသုံးပြုထားတယ်လို့ အိန္ဒိယ သတင်းစာတချို့က ရေးသားဖော်ပြထားပါတယ်။ ချင်းလူ့အခွင့်အရေးဖွဲ့ CHRO ရဲ့ တာဝန်ခံတဦးဖြစ်တဲ့ ဆလိုင်းဇာအုပ်က ဒီအပေါ်မှာ သူ့အမြင်ကို ပြောပြပါတယ်။

" အခုလိုမျိုး အထောက်အပံ့ ပေးတယ်ဆိုတာ ကြိုဆိုလက်ခံပါတယ်။ ဘယ်လိုမျိုး အထောက်အပံ့ပဲဖြစ်ဖြစ်ပေါ့နော်။ ဘာလို့လဲဆိုတော့ မြန်မာဒုက္ခသည်တွေက ဒီဘက်မှာ အထောက်အပံ့ဆိုရင် ဘာမှရရှိတာမဟုတ်ဘူး။ ဒီနိုင်ငံတကာ အသိုင်းအဝန်း ကလည်း ထောက်ပံ့တာမျိုး မရှိတဲ့အတွက်ကြောင့် အဲလိုမျိုးအထောက်အပံ့တွေ ဖြည့်ဆည်းပေးနိုင်တဲ့ဟာ ကျနော်တို့ ကြိုဆိုလက်ခံပါတယ်။"

မီဇိုရမ်ပြည်နယ် တခုတည်းမှာရှိတဲ့ မြန်မာဒုက္ခသည် သုံးသောင်းကျော်လောက်ဟာ ပြည်နယ်အစိုးရထုတ်ပေးတဲ့ နေထိုင်ခွင့် အသိအမှတ်ပြု မှတ်ပုံတင်တွေ မေလကုန်ပိုင်းမှာ ရရှိထားပြီးလည်း ဖြစ်ပါတယ်။ မှတ်ပုံတင်မရရှိသေးတဲ့ ဒုက္ခသည်အရေအတွက်ကိုပါ ထည့်ပေါင်းမယ်ဆိုရင် အာဏာသိမ်းပြီးနောက်ပိုင်း မီဇိုရမ်ဘက် ခိုလှုံသွားတဲ့ မြန်မာအရေအတွက်က ငါးသောင်းကျော်ရှိတယ်လို့ မြန်မာအရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

.............................................................


{{Zawgyi/Unicode}}








XS
SM
MD
LG