MNDAA ကိုးကန့်တပ်ဖွဲ့က သူတို့ရဲ့ အစိုးရဌာနနဲ့ တပ်မတော်အရာရှိတွေအားလုံးကို ခွင့်ပြုချက်မရဘဲ ပြင်ပအင်အားစုတွေနဲ့ မပတ်သက်ဖို့ တားမြစ်ချက်တရပ်ကို ဒီရက်ပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုထုတ်ပြန်တာဟာ မြန်မာပြည်တွင်းရေးကို ပြည်ပတပ်ဖွဲ့တွေက ဝင်ရောက်စွက်ဖက်လာနိုင်တာကြောင့် အမျိုးသားရေး အကျိုးစီးပွား မထိခိုက်စေဖို့ နဲ့ MNDAA ပါတီ၊ အစိုးရ၊ တပ်မတော်နဲ့ သက်ဆိုင်သူအားလုံးကို ပြည်တွင်းနိုင်ငံရေး အရှုပ်အထွေးမှာ မပါဝင်စေတာကြောင့်လို့ ဖော်ပြပါတယ်။ တရုတ်ဖိအားကြောင့် ခုလို ကြေညာချက်ထုတ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေ သုံးသပ်နေတဲ့အကြောင်း ရန်ကုန်ပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။
အောက်တိုဘာ ၉ ရက်က တရုတ်ဘာသာနဲ့ ကြေညာချက်ကို MNDAA ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့တာပါ။မြန်မာဘာသာပြန်ဆိုချက်အရ အထူးဒေသ ၁ အတွင်း MNDAA အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစိုးရဌာနအားလုံး၊ တပ်မတော်အရာရှိတွေအားလုံးအနေနဲ့ အာဆီယံ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို ခရီးမသွားဖို့ ၊ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ နိုင်ငံတကာ ညီလာခံတွေ မတက်ဖို့၊ အမေရိကန်အပါအဝင် အနောက်မီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းတာမလုပ်ဖို့၊ မြန်မာပြည်နဲ့ပတ်သက်တဲ့ သဘောထားအမြင်တွေကို မပြောဆိုဖို့ ဆိုတဲ့ အချက် ၄ ချက်ပါဝင်ပါတယ်။
မကြာသေးမီက မြန်မာ့ပြည်တွင်းရေးမှာ ပြည်ပတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စွက်ဖက်ဖို့ စီစဉ်နေကြောင်း သတင်းရရှိပြီး အမျိုးသားရေးမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ကြုံတွေ့ရနိုင်ကြောင်း၊ လက်ရှိ ရှုပ်ထွေးနေတဲ့ ပြည်တွင်းအခြေအနေ အရ MNDAA ပါတီနဲ့ တပ်မတော်ကို ပြင်ပအင်အားစုများက အသုံး မချနိုင်အောင်နဲ့ မလိုလားအပ်တဲ့ အငြင်းပွားမှုတွေနဲ့ ပဋိပက္ခတွေမှာ ပါဝင်ခြင်းမှ ကာကွယ်ရန်အတွက်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရှမ်းပြည်နယ် သတင်းတွေကို အစဉ်တစိုက်ဖော်ပြနေတဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနကို တည်ထောင်သူ ဦးခွန်ဆိုင်းက အခုလို သုံးသပ်ပါတယ်။
“ ဒီဥစ္စာက တရုတ်က လိုလားတဲ့ လားရှိုးကို ဆုတ်တာကို မလုပ်သေးပဲနဲ့ ပထမတဆင့်လုပ်တယ်လို့ ပြောလို့ ရမှာပေါ့။ ဒါပေမဲ့ ဟို တရုတ်ဘက်က အဲဒီလောက် လုပ်တာကို သဘောတူနိုင်မလားဆိုတဲ့ မေးခွန်းရှိတာပေါ့။ အဲဒီတော့ ဒီ အခုလောလောဆယ်ကတော့ သူတို့ လျှော့နိုင်သလောက် လျှော့တယ်လို့ မြင်တာပေါ့ဗျာ။ ဒါပေမဲ့ မစ္စတာ တိန်ရှီကျွင်းရဲ့ ၀ ခေါင်းဆောင်တွေကို ပြောတဲ့ စကားကို အတည်ယူရရင်တော့ ဒီလောက်နဲ့ မလုံလောက်နိုင်ဘူးပေါ့။ ”
MNDAA က လားရှိုးမြို့ကို ဩဂုတ်လ ၃ နေ့ က သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း တရုတ်ဘက်က ဖိအားပိုပေးလာပုံရပါတယ်။ သြဂုတ်လ ၂၇ ရက်နေ့က တရုတ်နိုင်ငံခြားရေးရာဝန်ကြီးဌာန အာရှ အထူးကိုယ်စားလှယ် တိန့်ရှိကျွင်းခေါင်းဆောင်တဲ့ အဖွဲ့နဲ့ UWSA ၀ တပ်ဖွဲ့ ဒုဥက္ကဋ္ဌ ကျောက်ကော်အန်းခေါင်းဆောင်တဲ့ အဖွဲ့တို့ တရုတ်နိုင်ငံ ဖူအာမြို့မှာတွေ့ဆုံစဉ် MNDAA တပ်တွေ လားရှိုးကဆုတ်ခွာဖို့နဲ့ မဆုတ်ခွာရင် ကိုးကန့်ဒေသကို ပိတ်ဆို့ အရေးယူဖို့ ဆွေးနွေးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီဆွေးနွေးမှုမှတ်တမ်းဟာ အောက်တိုဘာလ ပထမပတ်အတွင်းမှာ ပြင်ပကို ပေါက်ကြားလာခဲ့ပါတယ်။ ပေါက်ကြားမှုနဲ့ အဲဒီဆွေးနွေးမှု မှတ်တမ်း စစ်မှန် မမှန်ဆိုတာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံဘက်က တစုံတရာ တုံပြန်တာတော့ မတွေ့ရသေးပါဘူး။ မြန်မာ့နိုင်ငံရေးသုံးသပ်သူ တဦးကတော့ ဒီအစည်းအဝေးမှတ်တမ်းပါ လူပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးတဲ့အချက်တွေ ကို ကြည့်မယ်ဆို ဒီမှတ်တမ်းဟာ အစစ်အမှန်ဖြစ်တယ်လို့ ယူဆကြောင်း ပြောပါတယ်။ MNDAA အနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကို မထိခိုက်အောင် သတိထား ဆောင်ရွက်တာလို့ ရှုမြင်ကြောင်း ဆက်ပြောပါတယ်။
“ အဓိကကတော့ တရုတ်နဲ့ ပတ်သက်တဲ့ သူ့ဆက်ဆံရေးကို မထိခိုက်အောင်ပေါ့နော်။ နောက်တခုက မြန်မာပြည်မှာ သူပါဝင်နေတဲ့ အခန်းကဏ္ဍတွေလည်း မထိခိုက်အောင် သူက တော်တော်ပါးပါးနပ်နပ် လုပ်နေတယ်လို့ ယူဆစရာရှိတယ်ပေါ့။ ပြီးတော့ တချို့သော ကိစ္စတွေက အဲဒီထဲမှာ ပါတဲ့ အချက်ထဲမှာ နိုင်ငံခြားသားတွေ ပါဝင် စွက်ဖက်မှု ရှိနိုင်တယ်။ ဖြစ်လာနိုင်တယ်တို့ ဘာတို့ဆိုတာတွေက ကျနော်တို့ မသိနိုင်တဲ့ ကိစ္စတွေပေါ့နော်။ Jake Sullivan နဲ့ ဝမ်ယိနဲ့ ပီကင်းမှာတွေ့လိုက်တယ်လေ။ အဲဒီဟာတွေ့တာက အရေးကြီးတယ်။ သူတို့ ထုတ်ပြန်ချက်က ထုံးစံအတိုင်း ဘာမှ မပါဘူးပေါ့နော်။ တွေ့ပြီးတော့မှ ဒီကိစ္စတွေဖြစ်တယ်လို့ ကျနော်ကတော့ မှတ်မိတယ်။ ”
အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ဟာ သြဂုတ်လကုန်ပိုင်းက ပီကင်းမြို့မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကလည်း TNLA တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်ကို တိုက်ပွဲတွေ ရပ်တန့်ဖို့အတွက် တရုတ်နိုင်ငံ ရွှေလီမြို့ လုံခြုံရေးကော်မတီက စာပေးပို့ခဲ့ပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က စာပေးပို့တာ ဟုတ်၊ မဟုတ်ဆိုတာကို ဝန်ခံတာမရှိသလို ငြင်းဆိုတာလည်း မရှိခဲ့ပါဘူး။
Forum