သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်တပ်ဖွဲ့ NUG နဲ့ မကင်းနိုင်ဟု နိုင်ငံရေးအကဲခတ်သုံးသပ်


လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ အပြည့်အဝသိမ်းပိုက်ကြောင်း ဩဂုတ်လဆန်းမှာ ထုတ်ပြန်ခဲ့။ (ဓါတ်ပုံ - MNDAA)
လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ အပြည့်အဝသိမ်းပိုက်ကြောင်း ဩဂုတ်လဆန်းမှာ ထုတ်ပြန်ခဲ့။ (ဓါတ်ပုံ - MNDAA)

MNDAA ကိုးကန့်တပ်ဖွဲ့က တရုတ်သဘောကျ NUG၊ တော်လှန်ရေးအင်အားစုတွေနဲ့ ကင်းကင်းနေမယ်ပြောပေမဲ့ လက်တွေ့လုံးဝအဆက်အသွယ်ဖြတ်ဖို့ မဖြစ်နိုင်ပဲ စစ်ရေးဗျူဟာ သေချာစဉ်းစားဖို့လိုတယ်လို့ နိုင်ငံတကာပဋိပက္ခ လေ့လာရေးအဖွဲ့ ICG ရဲ့ မြန်မာဆိုင်ရာအကြံပေး တွမ်ကီး(န်)က ပြောပါတယ်။ ကိုငြိမ်းချမ်းအေး ဆက်သွယ်မေးမြန်းထားပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ MNDAA ကိုးကန့် တပ်ဖွဲ့က အဓိက တော်လှန်ရေး အင်အားစု ဖြစ်တဲ့ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ ခပ်ကင်းကင်းနေမယ့် သဘော ပြောလာတာ တွေ့ရပါတယ်။ ဒီသဘောကို ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ကြေညာချက် ထုတ်တာမျိုး ရှိတယ်။ ဒါပေမယ့် အဲဒါကို ဖြုတ်ချပြီး အခုကျ ပြန်တင်လာပါတယ်။ ဒီလို MNDAA က NUG နဲ့ ခပ်ခွာခွာ ရပ်မယ့် သဘော အပါအဝင် လက်ရှိ အခြေအနေအပေါ် ဘယ်လို ရှုမြင် သုံးသပ်ပါသလဲ။

Thomas Kean (အကြီးတန်းအတိုင်ပင်ခံ၊ ICG)။ ။ MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်က အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ သိပ်ပြီး နီးနီးကပ်ကပ် မရှိစေချင်တဲ့ တရုတ်နိုင်ငံရဲ့ ဖိအားကို ထင်ဟပ်စေပါတယ်။ NUG နဲ့ သူ့ မဟာမိတ် PDF တွေ၊ သူ့ ထိန်းချုပ်မှုအောက်က PDF တွေက အနောက်တိုင်း ကျောထောက်နောက်ခံပြုနေတယ် ဆိုတဲ့ အမြင်မျိုး တရုတ်ဆီမှာ ရှိနေတာကို အခိုင်အမာ ပြတာပါပဲ။ တရုတ်အတွက်က MNDAA ဒါမှမဟုတ် မြောက်ပိုင်း ဘယ်အဖွဲ့ မဆို NUG နဲ့ PDF တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးက မလုပ်ရမယ့် အနီရောင်မျဉ်း ကန့်သတ်ချက် လို့ ကျနော် ထင်ပါတယ်။ ဒါကြောင့် တရုတ်က သူ့ သြဇာလွှမ်းမိုးမှုအောက်မှာရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အနောက်တိုင်း ကျောထောက်နောက်ခံပြုထားတယ်လို့ သူတို့ ယူဆထားတဲ့ အစုအဖွဲ့တွေနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ ဖိအားပို ပေးလာတာပါပဲ။

ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ MNDAA ဘက်ကို ကြည့်မယ်ဆိုရင် အခု ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ အထိ သိမ်းပိုက်ထားပြီ ဆိုတော့ သူတို့ရဲ့ စစ်ရေး ရည်မှန်းချက်တွေ ပြီးမြောက်သွားပြီလို့ ယူဆနိုင်ပါသလား။

Thomas Kean (အကြီးတန်းအတိုင်ပင်ခံ၊ ICG)။ ။ နယ်မြေတွေ သိမ်းပိုက်တဲ့ ကိစ္စမျိုးမှာ ရည်မှန်းချက် ပန်းတိုင် ဆိုတာက အမျိုးမျိုး အဖုံဖုံ ရှုမြင်စဥ်းစားနိုင်မယ် ထင်ပါတယ်။ တနည်းတဖုံ ဆိုရင်တော့ သူတို့ ရည်မှန်းချက် ပြည့်ပြီလို့ ပြောကောင်း ပြောနိုင်ပါတယ်။ ဒါပေမယ့် တခြား တဘက်က ပြန်ကြည့်ရင် စစ်တပ်ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲ ဖြစ်တဲ့ မူဆယ်မြို့ကို ထည့်သွင်း စဥ်းစားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ဟုတ်ပြီ၊ အခု ဒီကိစ္စ ဆွေးနွေးတဲ့ သဘော အနေနဲ့ပဲ စဥ်းစားကြည့်ရအောင်။ ရှမ်းပြည်မြောက်ပိုင်းမှာ သူတို့ နယ်မြေ ရည်မှန်းချက်တွေ အောင်မြင်ခဲ့ပြီးပြီလို့ ဆိုရင်တောင် ဒီ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စစ်ကောင်စီ စစ်တပ်ကို အားနည်းအောင် ရှေ့ပြန် တိုးမလာနိုင်အောင် ဆက်လုပ်ဖို့ လိုတယ် ဆိုတာကို သူတို့ အသိ ရှိနေမယ်၊ သတိရှိနေကြမယ်လို့ ကျနော်ထင်ပါတယ်။ တန်ပြန်တိုက်ခိုက်နိုင်တဲ့ အန္တရာယ်ရှိတာကြောင့် စစ်တပ်ကို ပြန်လည် စုစည်း အင်အား တည်ဆောက်နိုင်မှာမျိုးကို သူတို့ မလိုချင်ပါဘူး။ ဒါကြောင့် သူတို့နဲ့ တိုက်ပွဲတွေ ဖြစ်နေတာမျိုး မဟုတ်ရင်တောင် စစ်တပ်ကို အားနည်း ယုတ်လျော့တဲ့ အနေအထားမျိုး ဆက်ပြီး ရှိစေချင်ပါတယ်။

"MNDAA တရုတ်ဖိအားရင်ဆိုင်နေရ" လေ့လာသူတွေသုံးသပ်
please wait

No media source currently available

0:00 0:07:59 0:00

ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့။ ဒီတော့ စစ်ကောင်စီဘက်ကို တချက်ကြည့်ရအောင်ပါ။ MNDAA က တရုတ် အကူအညီနဲ့ အပစ်အခတ်ရပ်စဲရေး သဘောမျိုး ပြောလာတာကို စစ်တပ်က ဘယ်လို တုံ့ပြန်နိုင်မလဲ။ ကျနော် ဆိုလိုတာက လားရှိုး လို့ သူတို့ရဲ့ အဓိက အမာခံနယ်မြေကြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တခုလုံးကို MNDAA ရဲ့ လက်ထဲမှာ ရှိနေသေးတဲ့ အချိန်မှာ အပစ်အခတ်ရပ်စဲရေး စစ်တပ်က ဘယ်လို သဘောထားမလဲ။ ဒီလို အခြေအနေမျိးမှာ စစ်တပ်က စေ့စပ်ဆွေးနွေးဖို့ တကယ်ရော လမ်းဖွင့်ထားမယ်လို့ ယူဆပါသလား။

Thomas Kean (အကြီးတန်းအတိုင်ပင်ခံ၊ ICG)။ ။ လားရှိုးမြို့ကို ထိထိရောက်ရောက် ပြန်လည် ထိန်းချုပ်နိုင်မယ်လို့ မြင်နေတဲ့ မြန်မာစစ်တပ် အတွက် တော့ လက်ရှိ အချိန်မှာ စေ့စပ်ညှိနှိုင်းရေး လုပ်ဖို့က တော်တော်ခက်ပါတယ်။ စစ်တပ် ဘက်က အမြင်ကတော့ ရှမ်းပြည်မြောက်ပိုင်းက အဆုံးအရှုံးတွေက ယာယီပဲလို့ သူတို့က ခံယူထားပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က၊ ကျနော့် အထင်၊ သူတို့ရဲ့ မျှော်လင့်ချက်က ဒီနယ်မြေတွေကို ပြန်လည်သိမ်းပိုက်ဖို့ သေချာပေါက် ကြိုးစားဖို့ပါ။ ရှမ်းပြည်မြောက်ပိုင်းမှာတင်မကပါဘူး။ ရခိုင်မှာရောပါ။ သူတို့ ထိန်းချုပ်မှု ဆုံးရှုံးခဲ့တဲ့ တခြားဒေသတွေကိုပါ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားဖို့ပါ။

ပြီးတော့ ဒါက တရုတ်နိုင်ငံအတွက် အခြေခံကျတဲ့ စိန်ခေါ်မှုတခုလို့ ကျွန်တော်ထင်ပါတယ်။ အခြေခံပြဿနာက အပစ်အခတ်ရပ်စဲရေးကို လက်မခံနိုင်တဲ့ အစုအဖွဲ့တွေကြားမှာ အပစ်ရပ်ဖို့ကို တရုတ်က တွန်းအားပေးနေတာပါ။ ကျနော်ပြောခဲ့သလိုပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စစ်တပ်ကို အားနည်းနေအောင် လုပ်ထားဖို့ လိုပါတယ်။ လောလောဆယ်မှာ တည်ငြိမ်မှုကို မလိုလားဘူး။ စစ်တပ်မှာက လေတပ်ရှိနေပါတယ်။ သူတို့ကို အချိန်မရွေး ဗုံးကြဲတိုက်ခိုက်နိုင်ပါတယ်။ သူတို့ကို လေကြောင်း တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ စစ်တပ်ကို အားနည်းအောင် လုပ်ထားဖို့ လိုတယ်လို့ ထင်ပါတယ်။

တဘက်မှာလည်း စစ်တပ်ဘက်ကလည်း သူတို့ ဒီနယ်မြေတွေကို အပြီးအပိုင် ဆုံးရှုံးသွားတယ် ဆိုတာကို လက်မခံနိုင်ပါဘူး၊ ဒါဟာ တရုတ်နိုင်ငံအတွက် တကယ့်ကို အခြေခံကျတဲ့ စိန်ခေါ်မှုပါပဲ။ နေပြည်တော်ရဲ့ အမြင်၊ စစ်ကောင်စီရဲ့ အမြင်အရတော့ MNDAA က အခုလို ထုတ်ပြန် ပြောဆိုလာတာ အပေါ် သူတို့ ဝမ်းသာနိုင်ပေမယ့် ဒါက သူတို့ရဲ့ အကဲဖြတ်ချက်ကို အခြေခံကျကျ ပြောင်းလဲပစ်မယ်လို့တော့ မထင်ပါဘူး။

ပြောချင်တာက သူတို့ဟာ အဲဒီနယ်မြေကို ပြန်လည်သိမ်းပိုက်ဖို့ ကြံရွယ်နေကြတာပါ။ ကျနော့် အနေနဲ့ ဒါဟာ လက်တွေ့ကျတဲ့ ရည်မှန်းချက်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တော်တော့်ကို လက်တွေ့မကျဘူးလို့ထင်ပါတယ်။ ဒါပေမယ့် သူတို့မှာ အဲဒီလိ ပြန်သိမ်းနိုင်ဖို့ ရည်ရွယ်ချက်၊ ရည်မှန်းချက် ရှိနေတယ် ထင်ပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့၊ ဒါဆို တရုတ်ရဲ့ သြဇာ သက်ရောက်မှု အကြောင်း တချက် ပြန်သွားချင်ပါတယ်။ MNDAA ရဲ့ ပြောဆိုချက်ကို ကြည့်ရင် NUG နဲ့ လက်တွဲလုပ်ဆောင်မှာ မဟုတ်ဘူးလို့ ပြောတာအပြင် တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့ ဘယ်အဖွဲ့မျိုးနဲ့ မဟာမိတ်ဖွဲ့မှာ မဟုတ်ဘူးဆိုပြီး ပြတ်ပြတ်သားသား ပြောပါတယ်။ ဒါကို အထူးတလည် ကို ကြေညာချက်မှာ ဖော်ပြပါတယ်။ ဆိုတော့ MNDAA အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် တရုတ်နိုင်ငံက ဘယ်လောက်ထိ သြဇာကြီးမားနေတယ်လို့ ထင်ပါသလဲ။

Thomas Kean (အကြီးတန်းအတိုင်ပင်ခံ၊ ICG)။ ။ တရုတ် သြဇာက အတော့်ကို ကြီးပါတယ်။ ထိန်းချုပ် နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် သူတို့ကို အပြည့်အဝ မထိန်းချုပ်နိုင်ပါဘူး။ အာဏာသိမ်းစကတည်းက ဒါကို ကျနော်တို့ တွေ့မြင်ခဲ့ရပါတယ်။ ဒီအဖွဲ့တွေနဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ကြားက ထိတွေ့ဆက်ဆံမှုတွေက အစောပိုင်း ကာလ ၂၀၂၁- ၂၀၂၂ ခုနှစ်တွေက ရှိခဲ့ပေမယ့် လျှို့ဝှက်ထားပါတယ်။ တရုတ်က စိုးရိမ်မှာကို သိလို့ ၁၀/၂၇ စစ်ဆင်ရေး မတိုင်ခင် အစောပိုင်းကတည်းက ရှိနေတဲ့ ဆက်သွယ်မှုတွေကို ဖုံးကွယ်ပြီး နှုတ်ဆိတ်နေခဲ့တာပါ။

ဆိုတော့ ဟုတ်တယ်၊ တရုတ်က သြဇာရှိတယ်။ ဒီလို သြဇာအာဏာရှိပေမယ့် ဒီအဖွဲ့တွေ အပေါ် လုံးလုံးချည်း အပြည့်အဝထိန်းချုပ်ထားနိုင်တာမျိုးတော့ မဟုတ်ပါဘူး။ သူတို့က တရုတ် ကြိုးဆွဲရာက ကနေတဲ့ ရုပ်သေးရုပ် proxy တွေတော့မဟုတ်ပါဘူး။ ဆိုတော့ ဒီအဖွဲ့တွေ ပြောတာကို ကျနော်တို့ အလေးထားပြီး ကြည့်သင့်ပါတယ်။ အခုကိစ္စမှာလည်း MNDAA ရဲ့ ထုတ်ပြန်ချက်က သူတို့ အပြောနဲ့ အလုပ်နဲ့ မကိုက်ညီတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မဖြစ်မနေ တရုတ် စိတ်ကျေနပ်အောင် ပြောရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တဘက်မှာလည်း သူတို့ဟာ သူတို့ရဲ့ ကိုယ်ပိုင် မဟာဗျူဟာ အကျိုးစီးပွားနဲ့ ကိုက်ညီတဲ့ အရာတွေကို လုပ်နိုင်ပါတယ်။ ဒါကြောင့် MMDA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား အတိုင်းအတာတခုအထိ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်ဖို့ မျှော်လင့်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။ အခု ထုတ်ပြန်ချက် အတိုင်း လုံးဝချည်း အဆက်အသွယ် ဖြတ်တောက်တာမျိုး ဖြစ်လာမယ်လို့ ယုံကြည်နိုင်ဖို့က ခက်ပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့၊ ဒါဆိုရင် ဘေဂျင်း ဘက်က စဥ်းစားပုံကို တချက် ဆွေးနွေးချင်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ စစ်ရေးအခင်းအကျင်းအပေါ် လွှမ်းမိုးနိုင်နေတာကို ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အတွက် တရုတ်နိုင်ငံက မြန်မာ့ ပဋိပက္ခမှာ သူလည်း ထိန်းထိန်းသိမ်းသိမ်း လုပ်နိုင်မယ့် အနေအထားမျိုးမှာ ဆက်ရှိစေချင်တဲ့ ဗျူဟာမြောက် အကျိုးစီးပွားရှိနိုင်ကြောင်း လေ့လာသူတချို့က ထောက်ပြကြတာတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ တွမ်ရဲ့အမြင်က ဘယ်လိုရှိလဲဗျာ။

Thomas Kean (အကြီးတန်းအတိုင်ပင်ခံ၊ ICG)။ ။ မြန်မာပြည်တွင်းက အဖြစ်အပျက်တွေအပေါ် အခြေခံပြီး ပဋိပက္ခတွေအပေါ် တရုတ်တွေရဲ့ အမြင်က အဆက်မပြတ် ပြောင်းလဲနေတယ်လို့ ထင်ပါတယ်။ ၂၀၂၁ ခုနှစ် ကတည်းက မတူကွဲပြားတဲ့ အဆင့်တွေ တခုပြီး တခု ဖြတ်သန်းလာတာကို ကျနော်တို့ မြင်တွေ့ခဲ့ရပေမယ့် တရုတ်နိုင်ငံဟာ သူ့ရဲ့ စီးပွားရေး မထိခိုက်ရအောင်၊ သူ့နိုင်ငံသားတွေ မထိခိုက်အောင်၊ သူ့နယ်စပ်တွေ လုံခြုံအောင်နဲ့ သူ့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်တွေ အတိုင်း ရှေ့ဆက်လုပ်နိုင်အောင် တရုတ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်စေချင်တယ်လို့ပဲ ကျနော်ကတော့ ယူဆပါတယ်။ ဥပမာ၊ အခု ဆိုရင် ယူနန်ပြည်နယ်နဲ့ ကုန်သွယ်ရေးက အတော့်ကို အနှောက်အယှက်ဖြစ်နေတာကို တွေ့ရမှာပါ။ ဒါကြောင့် တရုတ်က တည်ငြိမ်မှုနဲ့ အတိုင်းအတာတခုအထိ ပုံမှန်အနေအထား ပြန်ဖြစ်အောင် လိုလားတယ်လို့ ကျနော် ထင်ပါတယ်။ တရုတ် အခုမြင်နေတဲ့ပုံစံက စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား သဘောတူညီချက်တခု ရယူဖို့ လိုနေတယ်လို့ ယူဆထားပါတယ်။ ဒါပေမယ့် စစ်တပ်ရဲ့ ရပ်တည်ချက်နဲ့ သူ့ရဲ့အမြင်ကြောင့် လောလောဆယ်မှာတော့ ဒါက ဖြစ်နိုင်ဖို့ အရမ်းဝေးနေပုံရတယ်။ စစ်တပ်ရဲ့ ပဋိပက္ခ အပေါ် ရှုမြင်ပုံက လက်ရှိ ပကတိ အနေအထာ အဖြစ်မှန်ကို အသိအမှတ်ပြုမယ့် ဆန္ဒမျိုး မတွေ့ရပါဘူး။

သောမတ်စ် ကီး(န်) / တွမ်ကီး(န်) မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဆိုင်ရာ ရေးရာ အကြီးတန် အတိုင်ပင်ခံ၊ နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (ICG)
သောမတ်စ် ကီး(န်) / တွမ်ကီး(န်) မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဆိုင်ရာ ရေးရာ အကြီးတန် အတိုင်ပင်ခံ၊ နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (ICG)

ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့၊ တွမ် ဆိုလိုတာကို နားလည်ပါတယ်။ ဒါပေမယ့် တချို့ အယူအဆတွေ၊ မှန်းဆ ပြောဆိုချက်တွေမှာက တရုတ်နိုင်ငံက စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အမှန်တကယ် မလိုလားဘူး၊ သူတို့သြဇာကို ဆက်ကာကွယ်ထားနိုင်ဖို့ လက်ရှိ ပိုနေမြဲကျားနေမြဲ အနေအထားကို ထိန်းသိမ်းထားချင်တယ် ဆိုပြီး ပြောကြတာတွေ ရှိပါတယ်။ ဒါပေမယ့် တွမ်ရဲ့အမြင်ကတော့ အဲဒါက သူတို့ရဲ့ ဦးစားပေးမဟုတ်ဘူးပေါ့။ ဒါဟာ ဗျူဟာမြောက် ဦးစားပေး မဟုတ်ဘူးပေါ့။

Thomas Kean (အကြီးတန်းအတိုင်ပင်ခံ၊ ICG)။ ။ ဟုတ်ပါတယ်။ ဒါက မဖြစ်နိုင်ပါဘူး။ လောလောဆယ်မှာ ပဋိပက္ခဖြစ်နေတာက တရုတ်နိုင်ငံရဲ့ အကျိုးစီးပွား လို့ မပြောနိုင်ပါဘူး။ ဒါကြောင့် တရုတ်က တည်ငြိမ်ရေးနဲ့ ပုံမှန်အနေအထားကို ပြန်သွားလိုတယ်လို့ပဲ ပြောရပါမယ်။ ဖြစ်နိုင်ရင် တရုတ်က အချိန်တွေကို ၂၀၂၀ ခုနှစ်ဆီတောင် နောက်ပြန်လှည့်သွားချင်မယ် ထင်ပါတယ်။ ကျနော် ဆိုလိုတာက သူတို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရနဲ့ ဆက်ဆံရေး ကောင်းခဲ့ပါတယ်တယ်။ ဒါကြောင့်ကို စစ်တပ်အပေါ် တရုတ်က ဒေါသထွက်နေတာပါ။ စစ်တပ် အာဏာသိမ်းတာကို တရုတ်က မဖြစ်ချင်ခဲ့ပါဘူး။ အခု အခြေအနေမှာက လက်တွေ့ကျကျနဲ့ မြေပြင် အနေအထားကို ကြည့်ရင် တရုတ်က သူ့ သြဇာ ဆုပ်ကိုင်နိုင်မှုက အကန့်အသတ်ရှိလာနေတာပါ။ ဆိုလိုသည်တာက တရုတ် က စစ်တပ်ရဲ့ မဟာမိတ် ဆိုပြီး တရုတ်အပေါ် စစ်တပ်က ဘယ်လို မှီခိုနေရတယ်ဆိုပြီး ပြောကြတာတွေ အများအပြား ရှိပေမယ့် တကယ်က စစ်တပ်က ဒီလို ရှုမြင်ထားတာမဟုတ်ပါဘူး။ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်အပေါ် သိပ်ရန်လိုပါတယ်။ တရုတ်ဘက်ကလည်း စစ်တပ် အပေါ် အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပေါ် အနုတ်သဘောဆောင်တဲ့ ရှုမြင် ချက်မျိုးရှိတယ်လို့ ကျနော်ထင်ပါတယ်။ မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံမှာ အခုနှစ်ပိုင်းတွေထဲ ဖြစ်ပျက်သမျှ ကိစ္စ အားလုံးအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ တာဝန်ရှိတယ်လို့ တရုတ်က ရှုမြင်ပါတယ်။ ဒါကြောင့် ဒီလို တရုတ်က (သူတို့ သြဇာ ကြီးအောင် အတိုင်းအတာ တခုအထိ မတည် မငြိမ် ဖြစ်နေတဲ့ မြန်မာနိုင်ငံကို လိုလားတယ်) ဆိုတဲ့ ယူဆချက်မျိုး သုံးသပ်ချက် မျိုး ကို ကျွန်တော့်အမြင်နဲ့တော့ မှန်ကန်တယ်လို့ မထင်ပါဘူး။ ဒါပေမယ့် လူတွေ ဘာကြောင့် ဒီလိုထင်နေကြသလဲ ဆိုတာကိုတော့ ကျနော် နားလည်နိုင်ပါတယ်။


ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့၊ ဒါဆိုရင် တရုတ်က စစ်တပ်ရော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် သြဇာလွှမ်းမိုးမှု ရှိနေတော့ ဒီအနေအထားက အာဆီယံနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာက အထူးသဖြင့် အမေရိကန်ရဲ့ မြန်မာ အရေး ဖြေရှင်း နိုင်ဖို့ ကြိုးပမ်းချက်တွေ အပေါ် ဘယ်လို သက်ရောက်မှုရှိမယ်လို့ ထင်ပါသလဲ။

Thomas Kean (အကြီးတန်းအတိုင်ပင်ခံ၊ ICG)။ ။ တရုတ်နိုင်ငံရဲ့ တံခါးပေါက်မှာ ပဋိပက္ခတွေ များလာလေလေ၊ တခြား အစုအဖွဲ့တွေကို သြဇာကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခွင့်ပြုဖို့ ဒါမှမဟုတ် သူ့ကိုယ်ပိုင် အစီအစဉ်ကနေ သွေဖည်ဖို့ ဖြစ်နိုင်ခြေ နည်းလာ လေလေလို့ ကျနော်တော့ထင်ပါတယ်။ ဟုတ်တယ် မဟုတ်လား။ တရုတ်အမြင်အရတော့ လက်ရှိ အကျပ်အတည်းထဲက တခုတည်းသော ရွေးချယ်ခွင့်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လုပ်ချင်တဲ့ ရွေးကောက်ပွဲပဲလို့ ထင်ပါတယ်။ ဆိုလိုတာက အဲဒါကို ဖြေရှင်းချက်အဖြစ် သူတို့မြင်တယ်ထင်ပါတယ်၊ ဒါပေမယ့် တဘက်မှာလည်း အဲဒါက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တနည်းတဖုံး အားဖြင့် အာဏာက လက်လွတ် သွားစေမယ်လို့ လည်း သူတို့ ယူဆနိုင်ပါတယ်။ တခြား နည်းကလည်း ဖြစ်နိုင်ဖို့ ခက်ပါတယ်၊ အာဏာပြန် သိမ်းတယ် ဆိုတဲ့ ကောလဟလတွေကလည်း မဖြစ်နိုင်ပါဘူး။

ပဋိပက္ခက သူ့ အိမ်တံခါးဝမှာ ဖြစ်နေတာမို့ ဒီကိစ္စမှာ သူ့အနေနဲ့ ထဲထဲဝင်ဝင်ပါဖို့ လိုမယ် ဆိုပြီး သူတို့ စဥ်းစားမှာ အသေအချာပါပံ။ သူတို့က ဒါကို လျစ်လျူရှုထားလို့ကို မရပါဘူး။ ဆိုတော့ ဒီအခြေအနေကို ဖြေရှင်းရာမှာ တခြား အစုအဖွဲ့တွေ ပါဝင်နိုင်ဖို့က ပိုခက်တယ်လို့ ကျနော်ထင်ပါတယ်။ အာဆီယံအဖွဲ့ဝင်အချို့ ကို ရွေးကောက်ပွဲလမ်းကြောင်းကို ထောက်ခံပေးဖို့ တရုတ်က ဖိအားပေးလာတာ မြင်နိုင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီနည်းလမ်းကပဲ ရှေ့ကို ခရီးပေါက်မယ်လို့ တရုတ်က ယူဆထားတယ်လို့ ထင်ပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့၊ ဒါဆိုရင် မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်ကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ညှိနှိုင်းမှု အလားအလာရှိတယ်လို့ရော မြင်ပါသလား။

Thomas Kean (အကြီးတန်းအတိုင်ပင်ခံ၊ ICG)။ ။ အာဏာသိမ်း ပြီးကတည်းက မြန်မာနိုင်ငံမှာ ပထဝီဝင်နိုင်ငံရေး အရ အကျပ်အတည်း ထိပ်တိုက် တွေ့မှာ မျိုးတွေ မဖြစ်အောင် နှစ်ဘက်လုံးက ကြိုးစားတဲ့ သဘောတူညီချက် တရပ်မျိုး ရှိတယ်လို့ တော့ ကျနော်ထင်ပါတယ်။ ဥပမာ ပြောရရင် ကုလသမဂ္ဂ မှာ ဦးကျော်မိုးထွန်းကို ဆက်ရှိစေတာမျိုးမှာ ဆိုရင် တရုတ်နဲ့ အမေရိကန်ကြားမှာ အတိုင်းအတာတခုအထိ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တာမျိုး တွေ့မြင်ခဲ့ရပါတယ်။

ဒါ့အပြင် လုံခြုံရေးကောင်စီရဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ဆုံးဖြတ်ချက်မျိုးမှာဆိုရင်လည်း အတိုင်းအတာတခုအထိ နှစ်ဘက် သဘောတူညီမှုရှိခဲ့ပါတယ်။ ဒါပေမယ့် နယ်စပ်မှာ ပဋိပက္ခတွေ များလာလေလေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး တရုတ်နဲ့ အမေရိကန်ကြား သဘောထားကွဲလွဲမှု ဖြစ်နိုင်ခြေ ပိုများလေပါပဲ။ ဒါ့အပြင် မြန်မာ့အရေးမှာ အမေရိကန်က တခြား နည်းလမ်းမျိုးစုံနဲ့ ပါဝင်လာလေလေ၊ NUGနဲ့ တချို့ တော်လှန်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ အမေရိကန်နဲ့ ပို နီးကပ်လာပြီး အမေရိကန်ရဲ့ အထောက်အပံ့ကို ရယူနေတယ် ဆိုတဲ့ အမြင်မျိုး တရုတ်နိုင်ငံမှာ သေချာပေါက် ခံယူထားလို့ အဲဒါက မြန်မာ့ အခြေအနေတွေကို တရုတ်နိုင်ငံရဲ့ တုံ့ပြန်ပုံအပေါ် သက်ရောက်မှုရှိနေပါတယ်။


ငြိမ်းချမ်းအေး (ဗွီအိုအေ) ။ ။ ဟုတ်ကဲ့။ ဒါဆိုရင် မြန်မာနိုင်ငံမှာက နိုင်ငံရေး အရ၊ လူမျိုးစုရေးရာ တင်းမာမှုတွေ၊ ကွဲပြားမှုတွေက နက်နက်ရှိုင်းရှိုင်းကို ရှိနေတော့ စစ်တပ်နဲ့ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကြား ကြားက စေ့စပ် ဖျန်ဖြေသူ အနေနဲ့ တရုတ်နိုင်ငံရဲ့ ဆောက်ရွက်ချက်ကရော ဘယ်လောက်လက်တွေ့ကျကျ အလုပ်ဖြစ်နိုင်ပါ့မလဲ ခင်ဗျာ။

Thomas Kean (အကြီးတန်းအတိုင်ပင်ခံ၊ ICG)။ ။ ဟုတ်တယ်၊ ဖြစ်ဖို့ကတော့ ခက်တယ်ထင်ပါတယ်။ ဟိုင်ဂင် သဘောတူညီချက် စမ်း လုပ်ကြည့်ပြီးပြီးလေ။ အလုပ်မဖြစ်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အရေးကြီးဆုံးက လိုအပ်နေတဲ့ သဘောတူညီချက် တခု ရယူနိုင်ဖို့ ကို နှစ်ဘက်စလုံးက အမှန်တကယ် မလိုချင်ကြလို့ပါ။ အပစ်အခတ်ရပ်စဲရေးကို မလိုလားဘဲနဲ့ တရုတ်က အတင်းအကျပ် ဖိအားပေးလို့သာ လုပ်ရတာပဲ။ ဒါကြောင့်လည်း ပျက်ပြယ် ခဲ့တာပါ။ ဒါကြောင့် ပဋိပက္ခ ဖြစ်နေတဲ့ အင်အားစုတွေ အနေနဲ့ အပစ်အခတ် ရပ်စဲရေး လိုအပ်တယ်လို့ ရှုမြင် မလာမချင်း ဒါက ခက်ခဲနေဦးမှာပါ။ (ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် ရဲ့ ခေါင်းဆောင်မှု အောက်မှာ စစ်တပ်ကလည်း သူ့ နယ်မြေ ဆုံးရှုံးသွားပြီလို့ လက်ခံမယ်လို့ ကျနော် မထင်ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း တည်ငြိမ်မှု ရှိလာမယ့် သဘောတူညီချက် တခု ခုကို ရယူဖို့မှာ စိုးရိမ်ချက်တွေ ရှိပါတယ်။ စစ်တပ်ကို ပြန်လည်စုဖွဲ့ အင်အား တည်ဆောင်နိုင်မယ့် အခွင့်အရေးမျိုး သူတို့ မပေးချင်ပါဘူး။

ဒါကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှုက အတိုင်းအတာတစ်ခုအထိ ဆက်ရှိနေမှာပါ။ ပြောချင်တာက အဲဒါက အကျိုးစီးပွားကို ချိန်ညှိ ကြရတာပါပဲ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဘက်က အထူးသဖြင့် သူတို့ ဒေသတွေတင် မက ဘဲ တခြား ဒေသတွေမှာလည်း စစ်ရေး အရှိန်အဟုန် ဆက်လက် မြင့်နေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ NUG နဲ့ အတိုင်းအတာ တခုအထိ လက်တွဲ အလုပ် လုပ်ဖို့က သူတို့ရဲ့ အကျိုးစီးပွား အဖြစ် ရှုမြင်တယ်လို့ ကျနော် ထင်ပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဟုတ်ကဲ့ ရှေ့လာမယ့် နိုင်ငံရေးနဲ့ စစ်ရေးအခင်းအကျင်းက ဘယ်လို ရှိမလဲ ဗျာ။

Thomas Kean (အကြီးတန်းအတိုင်ပင်ခံ၊ ICG)။ ။ ဟုတ်ကဲ့၊ ကျနော်တော်ပြောချင်တာကတော့ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုအောက်မှာ ရှိနေတဲ့ ဒီတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွက်ကတော့ ဒါဟာ ဟန်ချက်ညီတဲ့ လုပ်ရပ်လို့ ကျနော်ထင်ပါတယ်။ အခု ထုတ်ခဲ့တဲ့ ကြေညာချက်ကလည်း အဲဒါကို ရောင်ပြန်ဟပ်တယ်လို့ ထင်ပါတယ်။ ဆိုလိုတာက သူတို့ အဲဒီ ကြေညာချက် ပို့စ်ကို တင်လိုက်၊ ဖြုတ်ချလိုက်၊ ပြန်တင်လိုက် ဆိုတာကို ကြည့်ရင် သူတို့ဆီမှာ နှစ်ဖက်စလုံးရဲ့ ဖိအားတွေ ရှိနေတာကို မြင်နေရပါတယ်။ သူတို့ရဲ့ အကျိုးစီးပွား အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ မဖြစ်မနေ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် တွန်းအားရှိပါတယ်။ ဒါပေမယ့် တဘက်မှာလည်း နောက်ကနေပြီးတော့ မှ ဖိအားပေးနေတယ့် တရုတ်နိုင်ငံရဲ့ မူဝါဒကို လိုက်နာပြီး အနီရောင် ကန့်သတ်မျဉ်းကို လိုက်နာရတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် သူတို့ဟာ နှစ်ဘက်ဖြစ်နေတဲ့ အကျိုးစီးပွားတွေကို ဟန်ချက်ညီအောင် ကြိုးစားနေရပါတယ်။ ရှေ့ကို တိုးလိုက် နောက် ပြန်ဆုတ်လိုက အဲဒီလို ရှေ့တိုး နောက်ဆုတ် ဖြစ်နေတာမျိုးကို ဆက်မြင်ရမယ်လို့ ထင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက NUG နဲ့ တော်လှန်ရေးအင်အားစုတွေကို လုံးဝအဆက်အသွယ်ဖြတ်လိုက်တာမျိုးကိုတော့ မြင်ရမယ်လို့ ကျနော် မထင်ပါဘူး။

တဘက်မှာလည်း သူတို့က တရုတ်ကို အလုံးစုံ လျစ်လျူရှုလိုက်တာမျိုးလည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒီကိစ္စမှာ နှစ်ဘက်လုံးကို မပြတ် ထိန်းညှိ သွားနိုင်ဖို့ ကြိုးစားမှာပါ။ သူတို့က တရုတ်ကို လျစ်လျူမရှုနိုင်သလို တချိန်တည်းမှာပဲ တရုတ်က သူတို့လုပ်နေတာကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ တရုတ်က လွှမ်းမိုးထားနိုင်ပါတယ်။ မြန်မာ့ပဋိပက္ခမှာ သြဇာအရှိဆုံး နိုင်ငံခြား အစုအဖွဲ့ အဖြစ် လွှမ်းမိုးမှု ရှိပေမယ့် ဒါကလည်း အတိုင်းအတာ တခုအထိ အကန့်အသတ်ရှိပါတယ်။

ငြိမ်းချမ်းအေး (ဗွီအိုအေ)။ ။ ဆိုတော့ အတိုင်းအတာ တခုအထိ ခုခံတော်လှန်နေတဲ့ အင်အားစုတတွေနဲ့ ပူးပေါင်းမှုနဲ့ ရှေ့ဆက်ပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေဦးမယ့် ဆိုတဲ့ သဘောလားဗျာ။

Thomas Kean (အကြီးတန်းအတိုင်ပင်ခံ၊ ICG)။ ။ ဟုတ်ပါတယ်၊ တဘက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအတွက်တော့ အထူးသဖြင့် နိုင်ငံရဲ့ တခြားဒေသတွေမှာ ပဋိပက္ခတွေ ဆက်ဖြစ်နေဖို့ လိုလားမယ်လို့ ထင်ပါတယ်။ တဘက်မှာလည်း စစ်တပ်ဘက်က အပစ်အခတ်ရပ်စဲရေးကို လိုလားပုံမရပါဘူး။ သူတို့ သတင်းစကားတွေ ပေးနေတာက တန်ပြန်ထိုးစစ်လုပ်ဖို့လို့ ယူဆနိင်ပါတယ်။ ဒါက အခု ဖြစ်ကောင်းမှ ဖြစ်နိုင်ပေမယ့် နောင်တချိန်မှာ ဖြစ်လာနိုင်ပါတယ်။ သူတို့မှာ အရင်းအမြစ်တွေ မရှိလို့ ဖြစ်ချင်မှာလည်း ဖြစ်ပါမယ်။ ဒါပေမယ့် စစ်တပ်မှာ ဒီလိုမျိုး တန်ပြန်မယ့် စဥ်စားချက် ရှိပါတယ်။ ဒါကြောင့် ပဋိပက္ခတွေက လျော့ပါးလာဖို့ထက် ပိုပြီးတော့ တိုးလားဖို့ မျှော်လင့်ပြင်ဆင်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

XS
SM
MD
LG