သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူနည်းစုတွေကိုချဉ်းကပ်ဖို့ မိုဒီအစိုးရသစ်ကြိုးပမ်း


အိန္ဒိယနိုင်ငံတွင်းက မူဆလင်တွေလို လူနည်းစု အသိုင်းအဝိုင်းတွေကို ချဉ်းကပ်မှု အနေနဲ့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က သူ့ရဲ့ ဝန်ကြီးချုပ် ဒုတိယ သက်တမ်းကို စတင်လိုက်ချိန်မှာဘဲ အသစ်ရွေးကောက်ခံ လွှတ်တော် အမတ်တွေကို လူနည်းစုတွေရဲ့ ယုံကြည်မှု ရအောင် ကြိုးစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဟိန္ဒူကြီးစိုးတဲ့ အိန္ဒိယမှာ မူဆလင်က သန်း ၁၉၀ လောက်နဲ့ နိုင်ငံရဲ့ အကြီးဆုံးသော လူနည်းစု အသိုင်းအဝိုင်း ဖြစ်ပါတယ်။ ဟိန္ဒူ အမျိုးသားရေး Bharatiya Janata ပါတီက အပြတ်အသတ် အနိုင်ရခဲ့မှုကြောင့် နိုင်ငံရဲ့ ဘာသာရေး အရ ဘက်မလိုက်တဲ့ အစဉ်အလာ အားနည်းသွားနိုင်တယ်လို့ တချို့က စိုးရိမ်နေကြတဲ့ အခြေအနေမှာ လူမှုအသိုင်းတွင်း ဘယ်လို တုံ့ပြန်ကြသလဲ ဆိုတာကို သိရဖို့ အတွက် ဗွီအိုအေ သတင်းထောက် Anjana Pasricha က မြို့တော် နယူးဒေလီက မူဆလင် အများစုနေထိုင်ရာ ရပ်ကွက်တွေကို သွားရောက်ပြီး စုစည်းတင်ပြထားပါတယ်။ မသိင်္ဂ ီထိုက်က တင်ပြပေးမှာပါ။

မူဆလင်တို့ရဲ့ ရာမာဒန် ဥပုသ်လ ဝါဖြေချိန် ဒေလီမြို့တော်ရဲ့ အထင်ကရ Jama Masjid ဗလီ အပြင်က လူစည်ကားတဲ့ လမ်းမတွေပေါ်မှာတော့ စွန်ပလွန်သီးတွေနဲ့ တခြား ရိုးရာ အစားအသောက်တွေကို ဈေးသည်တွေက ရောင်းချနေကြပါတယ်။ ဒီလို ပွဲတော်တွေ ကျင်းပနေကြပေမယ်လို့လည်း ဝန်ကြီးချုပ် Narendra Modi ရဲ့ ဒုတိယ သက်တမ်း စတင်လိုက်တာနဲ့ အတူ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ ဆိုင်ရှင် တဦးဖြစ်တဲ့ Mohammad Rehan ကတော့ ဟန္ဒီဘာသာစကားနဲ့ အခုလို ပြောပါတယ်။

" BJP အစိုးရ အာဏာရလာချိန်မှာ သူတို့က သဟဇာတ ဖြစ်မှုကို ဖျက်ခဲ့တာကြောင့် ကျနော်တို့ မူဆလင်တွေ ကြားမှာ မပြေလည်မှုတွေ ရှိပါတယ်။"

BJP ပါတီရဲ့ ပထမသက်တမ်း အတွင်းတုန်းကတော့ နွားတွေကို စေတနာ့ ဝန်ထမ်း စောင့်ကြည့်သူတွေက မူဆလင်တွေ အပေါ် တိုက်ခိုက်မှုတွေကြောင့် BJP ပါတီရဲ့ အပြတ်အသတ် အနိုင်ရမှုဟာ လက်ယာဝါဒီ ဟိန္ဒူအဖွဲ့တွေ ပိုပြီး တရားဥပဒေမဲ့ ဖြစ်လာ မလားဆိုတဲ့ အပေါ်မှာ စိုးရိမ်မှုတွေ တိုးလာခဲ့ပါတယ်။ ဆိုင်ရှင် တဦး ဖြစ်တဲ့ Mohammad Sualiheen က အခုလို ပြောပါတယ်။

" စိုးရိမ် ကြောက်ရွံ့မှုတွေ ရှိနေပါတယ်။ မူဆလင် အသိုင်းအဝိုင်း အနေနဲ့ ထိပါး စော်ကားခံရမှု ဒါမှမဟုတ်လည်း အကြမ်းဖက်ခံရမှု မရှိစေရဘူးဆိုတာကို အစိုးရဘက်က အာမခံရပါတယ်။ "

ဝန်ကြီးချုပ် Modi ဘက်ကတော့ အာမခံချက်ပေးတဲ့ အနေအထားမျိုးတွေ ရှိနေပါတယ်။ အတိုက်အခံ ပါတီတွေက မဲရဖို့ တခုတည်းကြည့်ပြီး လူနည်းစု အသိုင်းအဝိုင်းတွေကို ဆွယ်တရား ဟောတယ်လို့လည်း ဝန်ကြီးချုပ်က ပြစ်တင်ထားပြီး အသစ်ရွေးကောက်ခံထားရတဲ့ BJP ပါတီက လွှတ်တော် အမတ်တွေကိုလည်း သူတို့ရဲ့ ယုံကြည်မှုကို ရဖို့ တိုက်တွန်းထားပါတယ်။ ဝန်ကြီးချုပ် Narendra Modi က ဟန္ဒီ ဘာသာစကားနဲ့ အခုလို ပြောပါတယ်။

"ကျနော်တို့ အားလုံး ရင်ပေါင်တန်းပြီး အလုပ်လုပ်ကြရပါမယ်။ လူနည်းစုတွေ ရင်ဆိုင်ခံစားနေကြရတဲ့ အထင်အမြင်မှားမှုတွေ စိုးရိမ် ကြောက်ရွံ့မှုတွေကို အဆုံးသတ်ပြီး အားလုံးနဲ့ တသားတည်း ဖြစ်အောင် ဆောင်ရွက်ကြရပါမယ်။ ဒါက ကျနော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်။"

ဒါပေမယ့်လည်း အများပြည်သူကြား သဟဇာတ ရှိမှု အပေါ်မှာတော့ စိုးရိမ်ချက်တွေ ရှိနေပါတယ်။ မူဆလင် တဦးရဲ့ ဘာသာရေး အရ ဆောင်းထားတဲ့ ဦးထုပ် ဆွဲဖြုတ်ခံရတယ်ဆိုတဲ့အကြောင်းတွေ၊ နောက် အမဲသား သယ်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသား သုံးဦး ရိုက်နှက်ခံရတယ်ဆိုတဲ့ သတင်းတွေကြားပြီး ထိတ်လန့် နေသူ ကတော့ ဆိုင်ရှင် Mohammad Sikander ဖြစ်ပါတယ်။

"သူတို့ နာမည်ကို မေးပြီး ဟိန္ဒူ လိုလားတဲ့ ကြွေးကြော်သံတွေ အော်ခိုင်းတယ်ဆိုတာကို ဖတ်ရတော့ ကျနော် စိတ်မကောင်း ဖြစ်ရပါတယ်။ ကျနော်တို့က ဘာလို့ လုပ်ရမှာလဲ။ ဘာသာရေး အရလည်း ဒီလို ပြောဖို့ မပါပါဘူး။"

BJP ရဲ့ နိုင်ငံရေး အရ ကြီးစိုးထားမှုက ဟိန္ဒူ ဦးစားပေးတဲ့ ကိစ္စ ဖြစ်လာနိုင်ပြီး ဘာသာရေး အရ ကွဲပြားမှုတွေ ပိုပြီး နက်ရှိုင်းလာမှာကို ဝေဖန်သူတွေက စိုးရိမ်ကြပါတယ်။ အယူဝါဒတွေ သိသိသာသာ ကွဲပြားစေတဲ့ စည်းရုံးမှုတွေက အထောက်အကူ မဖြစ်စေပါဘူး။ CNN News 18 က နိုင်ငံရေး သုံးသပ်သူ Ajoy Bose က အခုလို ပြောပါတယ်။

"မူဆလင် လူမှု အသိုင်းအဝိုင်းကို ယုံကြည်လို့ မရနိုင်ဘူးဆိုတာမျိုး သဘောဆောင်တဲ့ ပြောဆိုချက်တွေကို တခါတခါ ပြောခဲ့ကြတဲ့ အထဲမှာ BJP ပါတီဝင် အတော်များများပါတယ်၊ နောက် လွှတ်တော် အမတ်တွေနဲ့ ပါတီ အကြီးတန်း ခေါင်းဆောင်ပိုင်းက တာဝန်ရှိသူ တချို့လည်း ပါပါတယ်။"

ဝန်ကြီးချုပ်က အပြောနဲ့ အလုပ်ညီမှ ယုံကြည်မှု လျော့နည်းမှုကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့ ရှုမြင်သူ တဦးကတော့ ဆိုင်ရှင် Mohammad Irshad Khan ဖြစ်ပါတယ်။

"သူ့ရဲ့ ပြောဆိုချက်တွေကို ကြိုဆိုပါတယ်။ ဒါပေမယ့် သူ့ အနေနဲ့ ပြောတဲ့ အတိုင်း ရပ်တည်ရပါမယ်။ အားလုံးကို တသားတည်း ထားရပါမယ်။"

ဝန်ကြီးချုပ် မိုဒီ အစိုးရရဲ့ ဦးတည်ချက်ကတော့ စောင့်ကြည့်ရဦးမှာပါ။ CNN News 18 ရဲ့ နိုင်ငံရေး သုံးသပ်သူ Ajoy Bose က အခုလို ပြောပါတယ်။

"အိန္ဒိယကို အသွင်သစ်နဲ့ ကျနော်တို့ တွေ့ရနိုင်ပါတယ်။ အသွင်သစ် အိန္ဒိယမှာ ဟိန္ဒူ အမျိုးသားရေး တချို့ ပူးပေါင်းပါဝင်မလား ဆိုတာကတော့ စောင့်ကြည့်ရမှာပါ။ ဘာတွေ ဖြစ်မလဲ ဆိုတာကို ကောက်ချက်ချဖို့ စောလွန်းနေပါသေးတယ်။"

စိုးရိမ်ကြောက်လန့်မှုတွေ ဒါမှမဟုတ်လည်း အခွင့်အရေးပေး ဘက်လိုက်မှုတွေ ကင်းခဲ့တဲ့ မျိုးဆက်ပေါင်းများစွာ ရရှိခဲ့တဲ့ အခြေအနေမျိုး အတိုင်း ဆက်ပြီး နေသွားနိုင်ဖို့ တခုတည်းသာ ဘဝမှာ အလိုရှိပါတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG