သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့ခံ အနည်းဆုံး ၅ ဦး သေဆုံး


TNLA အဖွဲ့က ထုတ်ပြန်ထားသည့် မိုးကုတ်မြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့အဆောက်အဦ (ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅)
TNLA အဖွဲ့က ထုတ်ပြန်ထားသည့် မိုးကုတ်မြို့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားတဲ့အဆောက်အဦ (ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅)

TNLA တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာရခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။ ဒါဟာဆိုရင် ဒီနှစ်အတွင်း မိုးကုတ်မြို့မှာ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတဲ့ ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုလည်း ဖြစ်ခဲ့တာပါ။ လေကြောင်းတိုက်ခိုက်မှုဒဏ် ခံခဲ့ရတဲ့ မိုးကုတ်မြို့ နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ ထားပါတယ်။

စစ်ကောင်စီက မိုးကုတ်မြို့ကို တနင်္လာနေ့ မနက်ပိုင်း ၁ နာရီမထိုးမှီအချိန် တနင်္ဂနွေနေ့ သန်းခေါင်ယံအကျော် မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံး ၃၀ လောက် ကြဲချခဲ့ကြောင်းနဲ့ အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ကြောင်း မိုးကုတ်ဒေသခံတဦးက VOA ကို ပြောပါတယ်။

“ ၁၂ခွဲ ဝန်းကျင်လောက်ပဲ။ အနောက်ပိုင်း ဝင်းထရံကျောက်လုပ်ကွက်မှာ။ များတယ်ဗျ။ အစိတ် - သုံးဆယ် ဝန်းကျင်လောက်တော့ ရှိမယ်ထင်တယ်။ ထိခိုက်တာတော့များတယ်ဗျ။ သေတာက ၅ယောက်။ သေတာ ၅ယောက်လို့ ကြားတယ်ဗျ။ လောလောဆည်တော့။ ”

အခြားဒေသခံတွေကတော့ ထိခိုက်ဒဏ်ရာရသူ ၂၀ကျော်ခန့် ရှိကြောင်း ပြောပါတယ်။ ထိခိုက်ဒဏ်ရာရာတာတွေနဲ့ ပတ်သက်လို့ VOA အနေနဲ့ သီးခြား အတည်ပြုချက်ရဖို့ ကြိုးစားနေပါတယ်။

မိုးကုတ်မြို့ကို မနေ့က တနင်္ဂနွေနေ့ လေကြောင်းတိုက်ခိုက်တာနဲ့ပတ်သက်ပြီး TNLA က ဒီကနေ့ မနက် ၁နာရီခန့်မှာ မိုးကုတ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း နဲ့ အထိအခိုက်အခြေအနေကို ထပ်မံဖော်ပြမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

မိုးကုတ်မြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်းက သိမ်းယူခဲ့တာပါ။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့မှာတော့ မိုးကုတ်မြို့ကို ပထမဆုံးအကြိမ် လေကြောင်းက တိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး အရပ်သား ၉ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ကလည်း မိုးကုတ်မြို့အရှေ့ပိုင်း ဂေါက်ကွင်းဘက်ကို လေကြောင်းက ဗုံးအလုံးရေ ၂၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ပါတယ်၊ အဲဒီတိုက်ခိုက်မှုမှာတော့ လူထိခိုက်သေဆုံးတာ မရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလအတွင်းမှာ စစ်ကောင်စီက TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲ၊ နောင်ချိုနဲ့ မိုးကုတ်ကို လေကြောင်းက ၆ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သား ၁၃ ယောက်သေဆုံးပြီး ၂၆ ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့ကတော့ ဇန်နဝါရီလအတွင်း ကျောက်မဲနဲ့ နောင်ချိုမှာ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား ၁၅ ဦးသေဆုံးပြီး ၃၂ ဦး ဒဏ်ရာ ရကြောင်း ပြောဆိုထားပါတယ်။

TNLA က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ကတည်းက စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အသင့်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့ပေမဲ့ ဒီကနေ့အထိတော့ ဆွေးနွေးဖြစ်တဲ့ သတင်းတွေ မတွေ့ ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG