သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် ရှမ်းပြည်မြောက်ပိုင်းမှာ ဒေသခံတွေ သေကျေထိခိုက်


တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ထဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီးနောက် ပျက်စီးသွားတဲ့ အဆောက်အဦတခု (ဇန်နဝါရီ ၂၂၊ ၂၀၂၅)
တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့ထဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ပြီးနောက် ပျက်စီးသွားတဲ့ အဆောက်အဦတခု (ဇန်နဝါရီ ၂၂၊ ၂၀၂၅)

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ တအောင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်းကနေ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတာကြောင့် အရပ်သား သေဆုံးမှုတွေ တိုးလာနေကြောင်း ရှမ်းလူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မကြာခင် ဖြစ်လာနိုင်တယ်လို့ အကဲခတ်တချို့က ခန့်မှန်းနေချိန်မှာပဲ စစ်ရေးအရ ဖိအားတွေလည်း ပေါ်ပေါက် နေတာပါ။ ရှမ်းပြည်နယ် မြောက်ပိုင်းက စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်တွေဖြစ်တဲ့ နောင်ချို၊ သီပေါ၊ ကျောက်မဲ၊ မိုးမိတ် စတဲ့မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်နေတဲ့အတွက် သေဆုံးမှုတွေတိုးလာနေချိန်မှာ ဒီတိုက်ခိုက်မှု တွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက နှုတ်ဆိတ်နေတယ်ဆိုပြီး ရှမ်းလူ့အခွင့်အရေးအဖွဲ့က ဝေဖန်ပါတယ်။ တအောင်းတပ်မတော် TNLA နဲ့ AA အာရက္ခတပ်တို့ကို စစ်ကောင်စီနဲ့ ကြားဝင်ညှိနှိုင်းပေးဖို့ တရုတ်နိုင်ငံက ပြောထားပါတယ်။

စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ သူ့ရဲ့ အင်အားနဲ့တိုက်ခိုက်နိုင်စွမ်းကိုပြဖို့ အခုလို ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတာလို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန် က ဗွီအိုအေကို ပြောပါတယ်။တရုတ်နိုင်ငံကလည်း အလိုတူ အလိုပါ စစ်ကောင်စီကို ပံ့ပိုးကူညီနေတယ်ဆိုတာ ထင်ရှားတယ်ဆိုပြီး ပြောပါတယ်။

"တရုတ်က တဘက်ကနေ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြောတယ်၊ မြန်မာပြည် ငြိမ်းချမ်းရေးကို ပြောတယ်။ ဒါပေမဲ့ တဘက်ကလည်း စစ်ကောင်စီကိုလက်နက်တွေ ရောင်းနေတယ်ပေါ့။ ကျမတို့ တအာင်းပြည်မှာတွေ့တဲ့ လက်နက်အများစုသည် အထူးသဖြင့် ဗုံးတွေ၊ ဒရုန်းတွေသည် တရုတ်က စစ်ကောင်စီကို ရောင်းစားထားတယ်ပေါ့။ တရုတ်နိုင်ငံအနေနဲ့ ဖြစ်နိုင်ရင်တော့ ဒီလို မီးစတဖက်၊ ရေမှုတ်တဖက် စစ်ကောင်စီကို အားပေးတာ၊ ကူညီနေတာတွေ ရပ်တန့်ဖို့ ကျမတို့အနေနဲ့ ပြောချင်တယ်။"

ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင်နဲ့ စက်တင်ဘာ သုံးလအတွင်းမှာ နေရာအနှံ့က တိုက်ပွဲတွေအတွင်း အရပ်သား တထောင်ကျော် သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ မှတ်တမ်းတင်ထားပါတယ်။ အဲဒီအတောအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ပေါင်း ၁၂ မြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်တမ်း တချို့က ရေးပါတယ်။ အဲဒီအထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက သေဆုံးမှုအများဆုံး ဖြစ်ခဲ့ပါတယ်။ မန္တလေးနဲ့စစ်ကိုင်းမှာတော့ လူပေါင်း ၂၀၀ ဝန်းကျင်လောက် သေဆုံးခဲ့ပါတယ်။ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ကတော့ အရပ်သားသေဆုံးမှုများတဲ့အထဲမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲအတွင်း လက်နက်ကြီး အသုံးပြုမှုတွေကြောင့် ဖြစ်တယ်လို့ ဒီရက်ပိုင်းထုတ်ပြန်နေတဲ့ သူတို့ရဲ့ စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ သူ့အကျိုးစီးပွားအတွက် စစ်ကောင်စီဘက်က ဘက်လိုက်နေပြီး တဘက်သတ် စေ့စပ်ရေး ဖိအားပေးနေတယ်လို့ မြင်တဲ့အကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က နိုင်ငံရေးနဲ့ သုတေသနအကြံပေး ကိုမိုးထက်နေက VOA ကို ပြောပါတယ်။

"တရုတ်အနေနဲ့ လက်ရှိ ရှမ်းမြောက်ဒေသအပါအဝင် သူတို့နဲ့နယ်စပ်မျဉ်းတလျှောက်က ဖြစ်စဉ်တွေကို ချဉ်းကပ်တဲ့အခါမှာ နှစ်နိုင်ငံ လူမှုအသိုင်းအဝန်းရဲ့ စီးပွားရေးတို့ လူမှုဘဝ လုံခြုံရေးဆိုတဲ့ အထိုင်ကနေ ပိုစောင်းပြောတာ တွေ့ရပါတယ်။ တပြိုင်နက်တည်းမှာပဲ စစ်တပ်ဘက်က ဘက်လိုက်မှုရှိတယ်လို့ ကျနော်တို့က နားလည်ပါတယ်။ ဆိုလိုတာက ရှမ်းမြောက်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပက်သက်လို့ တရုတ်က ပြင်ပြင်းထန်ထန် ကန့်ကွက်ခဲ့တာမရှိဘူး။ ဒါပေမဲ့ ဒါဖြစ်လို့ တရုတ်က စစ်တပ်နဲ့အလိုတူပါလို့ ပြောဖို့ လုံလောက်တဲ့ သက်သေအထောက်အထား မရှိပါဘူး။ ဒါပေမဲ့ စစ်တပ်သုံးနေတဲ့ လက်နက်တွေ နည်းပညာအများစုက တရုတ်နိုင်ငံကနေ လက်ခံရယူထားတာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်မှာလည်း လက်နက်တွေ၊ နည်းပညာတွေ လေယာဉ် ထိန်းသိမ်းရေးအတွက် လိုအပ်တဲ့အစိတ်အပိုင်းတွေ ဆက်လက်ပြီး လက်ခံရနေတုန်း ဖြစ်တယ်ဆိုတာလည်း သတိပြုရမှာဖြစ်တယ်။"

စီးပွားရေ၊ ငွေကြေးကိစ္စတွေမှာ တရုတ်က စစ်ကောင်စီနဲ့ ဆက်ပြီး ပတ်သက်နေတယ်လို့ ဆိုရမှာပါ။ ဒါကြောင့် တရုတ်ဟာ မြန်မာစစ်တပ်နဲ့ အလိုတူပါလို့ စွတ်စွဲလို့ မရရင်တောင်မှ စစ်တပ်ရဲ့ စစ်ရာဇာဝတ်မှုတွေနဲ့ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေတာဟာ စစ်တပ်ကိုသက်ဆိုးရှည်စေဖို့ တွန်းအားဖြစ်နေကြောင်း ကိုမိုးထက်နေက ပြောပါတယ်။

တကယ်တော့ တရုတ်ဟာ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အဓိက ဆန္ဒရှိတာမျိုးမဟုတ်ဘဲ နှစ်နိုင်ငံ နယ်စပ်မှာ တည်ငြိမ်ဖို့၊ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ပွင့်ဖို့နဲ့ သူ့ရဲ့ အကျိုးစီးပွား မထိခိုက်ဖို့ကိုပဲ အဓိက ထားနေတယ်ဆိုပြီး အရပ်ဖက် အဖွဲ့အစည်းတွေက ဝေဖန်ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG