သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်တိုင်းရင်းသားတွေရဲ့ အနာဂတ်မျှော်လင့်ချက်များ


မော်လမြိုင်မြို့မှာကျင်းပတဲ့ (၇၈) ကြိမ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား (ဓာတ်ပုံ-ဘိုဘို)
မော်လမြိုင်မြို့မှာကျင်းပတဲ့ (၇၈) ကြိမ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား (ဓာတ်ပုံ-ဘိုဘို)

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ စစ်တပ်အာဏာတည်မြဲရေးအတွက် ကျင်းပတဲ့ အတု အယောင် ရွေးကောက်ပွဲဖြစ်တဲ့အတွက် ဆန့်ကျင်သွားမယ့်အကြောင်း ၇၈ နှစ်မြောက် မွန် အမျိုးသားနေ့မှာ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့က ကြေညာထားပါတယ်။ သူတို့အနေနဲ့ မွန်လူမျိုးတွေ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲသွားမယ်လို့ ပြောကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ဒီနေ့ကျရောက်တဲ့ မွန်အမျိုးသားနေ့ အခမ်းအနားတွေကို မွန်တိုင်းရင်းသားတွေနေထိုင်ကြတဲ့ နေရာတွေမှာ ကျင်းပကြပါတယ်။ မွန်လူမျိုးတွေရှိရာ ဒေသအသီးသီးမှာ အခုလိုပွဲတွေ ကျင်းပလာ ကြတာ ဒီကနေ့ဆိုရင် (၇၈) ကြိမ်မြောက် ဖြစ်ပါတယ်။ အမျိုးသားလွတ်မြောက်ရေးနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေးအတွက် နွေဦးတော်လှန်ရေးမှာ မွန်လူမျိုး စည်းစည်းရုံးရုံးနဲ့ ပါဝင်ဖို့လိုတယ်လို့ မွန်တိုင်းရင်းသားအဖွဲ့အစည်းတွေက တိုက်တွန်းထားကြပါတယ်။ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းကလည်း မွန်အမျိုးသားလွတ်မြောက်ရေးအတွက် မိမိစွမ်းဆောင်နိုင်တဲ့ အခန်းကဏ္ဍကနေ ကြိုးပမ်းကြဖို့ အခုလို ပြောဆိုပါတယ်။

“မွန်အမျိုးသားလွတ်မြောက်ရေးအတွက် လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် ပြည်တွင်းပြည်ပမှာ ရှိနေကြတဲ့ မွန်တမျိုးသားလုံး မိမိကျရာအခန်းကဏ္ဍ၊ မိမိစွမ်းဆောင်နိုင်တဲ့အခန်းကဏ္ဍကနေ လက်တွဲ ညီညီ တိုက်ပွဲဝင်သွားကြဖို့ အထူးလိုအပ်တယ်။ ယခုဗမာပြည်မှာ ဖြစ်ပေါ်တိုးတက်နေတဲ့ နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေအရပ်ရပ်ဟာ မိမိတို့မွန်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ အတွက်၊ မိမိကံကြမ္မာကို မိမိတို့ဖန်တီးခွင့် အပြည့်အဝရရှိတဲ့ စစ်မှန်တဲ့ဖက်ဒရယ်နိုင်ငံအတွက် အချိန်ကောင်းအခါကောင်း တခုဖြစ်တယ်။”

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ သူနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ မွန်နိုင်ငံရေးအဖွဲ့တစည်းတချို့နဲ့ ပူးပေါင်းပြီး ကျင်းပမယ့် ရွေးကောက်မှာဝင်ပြိုင်ဖို့ တိုးတိုးတိတ်တိတ် မဲဆွယ်စည်းရုံဖို့ ပြင်ဆင်နေတယ်ဆိုပြီးတော့လည်း ဒီအကြောင်းသိသူတွေက VOA ကိုပြောပြပါတယ်။ စစ်ကောင်စီဟာ အရပ်သားတွေအပေါ် လူသားချင်း စာနာမှုမရှိဘဲ တိုက်ခိုက်သတ်ဖြတ်နေတဲ့အတွက် သူတို့ကျင်းပမယ့် ရွေးကောက်ပွဲအပေါ်မှာ အယုံအကြည်မရှိဘူးလို့ မွန်လူငယ်တဦးဖြစ်တဲ့ မိရိုနာက ခုလို ပြောပါတယ်။

“မွန်အမျိုးသားနေ့မှာ ဒီလူငယ်တွေကို တိုက်တွန်းချင်တာက ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့ ဆိုရင် ကိုယ်ကိုယ်တိုင် မွန်တို့ရဲ့နိုင်ငံရေးထဲမှာ ထဲထဲဝင်ဝင် ပါဝင်ကူညီဖို့ လိုတယ်။ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ကိုယ်လုပ်နိုင်တဲ့အပိုင်းကနေပြီးတော့ ပါဝင်အားဖြည့်ဖို့ တိုက်တွန်နှိုးဆော်ချင်ပါတယ်။ နေ့စဉ်နဲ့အမျှ စကစ က ကလေးငယ်တွေ၊ ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတာ စာနာမှုမရှိ ဒုစရိုက်ဆန်တဲ့ လုပ်ရပ်တွေအပေါ်မှာ စကစ,က ပြန်ပြီး ရွေးကောက်ပွဲလုပ်တယ်ဆိုတော့ ဒါက ပြည်သူတွေကို ကြည့်ပြီး လုပ်တဲ့ ရွေးကောက်ပွဲမဟုတ်ဘူးပေါ့နော်၊ အဲတော့ မွန်အနေနဲ့ ဒီရွေးကောက်ပွဲအပေါ်မှာ ဘာမမျှော်လင့်ဘူး၊ ဒီရွေးကောက်ပွဲကိုလည်း အသိမှတ်မပြုပါဘူး။”

ရေးမြို့နယ် ဒေသခံတဦးကလည်း စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် သူ့အမြင် သဘောထား ကို မွန်ဘာသာနဲ့ ခုလို ပြောပါတယ်။

“စစ်ကောင်စီက ရွေးကောက်ကျင်းပမယ်ဆိုရင် သူတို့တပ်တွေရှိတဲ့ မြို့ပေါ်လောက်မှာပဲ လုပ်လို့ရမယ်၊ သူတို့ကလက်နက်ကိုင်ထားတယ်လေ။ အတင်းအကြပ် ကျင်းပမယ်၊ ဒေသခံတွေကို ခြိမ်းခြောက် အကျပ်ကိုင်မယ်ဆိုရင် မဲသွားထည့်ရမယ့် သဘောမှာရှိတယ်ပေါ့။ ဒေသခံတွေကတော့ သေနတ်ကိုင် ထားလူမှန်သမျှကို အကုန်လုံးကြောက်နေရတာ၊ သူတို့အင်အားအလုံးအရင်းနဲ့ လာပြီးတော့ ရွေးကောက်ပွဲလုပ်မယ်၊ ဒေသခံတွေ မဲလာထည့်ကြလို့ ဖိအားပေးခြိမ်းခြောက်လာရင် ဒေသခံတွေ ကလည်း ကြောက်လန့်ပြီး မဲထည့်ရမှာပေါ့၊ ကြောက်စရာမလိုဘူး၊ အေးဆေးနေလို့ရင် မဲဘယ်ထည့်တော့မလဲ၊ ဘယ်သူမှ မဲသွားထည့်ကြမှာမဟုတ်ဘူး။”

လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ နောက်ထပ် မွန်လူငယ်တဦးကတော့ မွန်လူထုတွေအနေနဲ့ အမျိုးသားစိတ်ဓာတ် နိုးကြားဖို့ အချိန်ကျပြီလို့ ပြောပါတယ်။

“မွန်အမျိုးသားနေ့ကကျတော့ ဒါက တော်လှန်ဖို့၊ ပြီးတော့ နောက်တခုက အမျိုးသားရေးစိတ်ဓာတ် ဝင်ဖို့ပေါ့နော်၊ အဓိက လူငယ်တွေကို ဦးတည်ပြီးတော့ အဲ့လိုမျိုးသွားသင့်တယ်၊ ပြီးတော့ စစ်ကောင်စီ ရွေးကောက်ပွဲက သေချာတယ်၊ သူကတော့ လုပ်လို့ရတဲ့နေရာတော့ လုပ်မယ်၊ ဒါပေမယ့် အသိမှတ် ပြုခံရတဲ့ နေရာမှာကတော့ တော်တော်လေး နည်းတယ်၊ အသိမှတ်လည်း မပြုချင်ဘူး၊ ပူးပေါင်းပါဝင်ဖို့ မလုပ်သင့်ဘူးလို့ မြင်တယ်။”

မွန်အမျိုးသားနေ့အခမ်းအနားကို မြန်မာနိုင်ငံမှာ လွတ်လွတ်လပ်လပ် ကျင်းပခွင့်မရဘဲ ကန့်သတ်မှု အမျိုးမျိုးနဲ့ တောက်လျှောက် ကြုံနေရပါတယ်။ ဒီနှစ်တော့ စစ်ကောင်စီက ဒေသတည်ငြိမ်အေးချမ်းတဲ့ သဘောပြသချင်တာမို့ လုပ်ပိုင်ခွင့်တချို့ ပေးထားပုံရတယ်လို့ လုံခြုံရေးအရ နာမည်မဖော်ပြလိုတဲ့ မွန်နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက ဗွီအိုအေကို ပြောပါတယ်။ တိုင်းရင်းသားတွေ အားလုံး မိမိတို့ လွတ်လပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြချိန် ဒီလိုအမျိုးသားနေ့မှာ တမျိုးသားလုံးပါအောင် စည်းရုံဖို့လိုကြောင်း မွန်နိုင်ငံရေး လေ့လာသုံးသပ်သူက ထောက်ပြပြောသွားပါတယ်။

“မွန်တမျိုးသားလုံး ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ အခွင့်အရေးရဖို့အတွက် ဘယ်လိုမျိုး ပူးပေါင်း ပါဝင်ကြမလဲ၊ ဘယ်လိုမျိုးညီညွှတ်ကြမလဲဆိုတာ ဒီပွဲထဲမှာ အမျိုးသားအတွက် အမြတ်ထုတ်ဖို့ လိုတယ်လို့ ကျနော်ကတော့ မြင်တယ်ပေါ့နော်။ သာမန်အချိန်မှာလုပ်တဲ့ မွန်အမျိုးသားနေ့ပွဲတော် ထက်စာရင် ဒီလိုအခြေအနေမျိုးမှာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်တဲ့၊ ကိုယ့်ရဲ့ပြည်သူကိုယ်ကိုယ်တိုင် စီမံခန့်ခွဲလို့ရတဲ့ အဆင့်ကိုရောက်ဖို့အတွက်ကို တမျိုးသားလုံးပါဝင်လာအောင် ဒီအချိန်မှာ စည်းရုံးဖို့ လိုတယ်။”

မွန်ပြည်နယ်အတွင်းမှာ လက်နက်ကိုင်တပ်ဖွဲ့ လေးဖွဲ့ ရှိနေပြီး စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အမြင်သဘောထား ကွဲလွဲမှုတွေ ရှိနေကြပါတယ်။

မွန်ပြည်လွတ်မြောက်ရေးတပ်မတော် (MLA)၊ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်( MNLA-AD)၊ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) နဲ့ မွန်ပြည်တော်လှန်ရေးတပ် (MRSF) တို့ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေကြား ပူးပေါင်းပြီး တခုတည်းသော မွန်တိုင်းရင်းသား တပ်မတော်ဖြစ်ရေးနဲ့ စစ်ရေးအရ အရှိန်မြှင့်နိုင်အောင် လုပ်ဆောင်နေတဲ့အကြောင်းလည်း မွန်တိုင်းရင်းသားအဖွဲ့တွေက ပြောကြပါတယ်။

သမလနဲ့ ဝိမလမင်းညီနောင်နှစ်ပါး ဟံသာဝတီ မွန်နေပြည်တော်ကို စတင်ထောင်ခဲ့တယ်ဆိုတဲ့ သာသနာသက္ကရာဇ် ၁၁၁၆ ခုနှစ် တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်ကြပါတယ်။ မွန်လူမျိုးတွေဟာ တချိန်က ကိုယ့်ထီးကိုယ့်နန်းနဲ့ ရပ်တည်ခဲ့တယ်ဆိုတာကို အမှတ်ရစေဖို့၊ ဇာတိသွေး ဇာတိမာန်ရှင်သန်နိုးကြားစေဖို့ မွန်အမျိုးသားနေ့ အခမ်းအနားကို အမြဲကျင်းပတာလို့ မွန်တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG