သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်-ကရင်နယ်စပ်တိုက်ပွဲပြင်းထန် ကျေးရွာသားတွေတိမ်းရှောင်


နိုဝင်ဘာ ၁၂ ရက်ကနေ ၂၈ ရက်အထိ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကြား လှကဇိုင်းရွာတိုက်ပွဲမှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ federal wing ဒရုန်းတပ်ဖွဲ့။ (ဓာတ်ပုံ- အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F)
နိုဝင်ဘာ ၁၂ ရက်ကနေ ၂၈ ရက်အထိ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကြား လှကဇိုင်းရွာတိုက်ပွဲမှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ federal wing ဒရုန်းတပ်ဖွဲ့။ (ဓာတ်ပုံ- အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F)

တိုက်ပွဲပြင်းထန်နေတဲ့ မွန်ပြည်နယ် တောင်ကလေးနဲ့ လှကဇိုင်းကျေးရွာဘက်မှာ နိုဝင်ဘာ ၃၀ ရက် နှစ်ဘက်တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့သိရပါတယ်။ တိုက်ပွဲကြောင့် ကျေးရွာ ၂၀ ထက်မနည်းက ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေရသလို ရွာတွေထဲ ပိတ်မိသူတွေလည်းရှိနေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မွန်ပြည်နယ် တောင်ကလေးနဲ့ လှကဇိုင်းရွာကြားမှာ နိုဝင်လ ၃၀ ရက် ဒီမနက်အစောပိုင်းလောက်က လက်နက်ကြီးပစ်ခတ်သံ အချက် ၃၀ လောက် ကြားရပြီးနောက် မနက် ၁၁ နာရီကျော်လောက် နှစ်ဘက်ပစ်ခတ်မှုဖြစ်ပွားတာလို့ စစ်ရှောင်ကူညီနေတဲ့ သံဃာတပါးက ဗွီအိုအေကို မိန့်ပါတယ်။

“တောင်ကလေးနဲ့ မယ်တယိုတို့ အဲ့ကြားမှာ လက်နက်ကြီးသံ အချက် ၃၀ လောက် ကြားရတယ်။ ၁၁ နာရီ ၁၂ နာရီကြားမှာ နှစ်ဘက်ပစ်ခတ်မှုဖြစ်တယ်၊ နီးနီးကပ်ကပ် လက်နက်ငယ်သံ ကြားရတယ်။ နေ့တိုင်း (နှစ်ဘက်ပစ်ခတ်မှု) ဖြစ်နေတယ်။ ဒါပေမယ့် နည်းနည်းပါးပါးပေါ့နော်။ ပြန်မရသေးဘူး၊ လက်နက်ကြီးထုနေတုန်းပဲ။ ပစ်ခတ်မှုလည်း ရှိသေးတော့ ပြန်မရဲသေးဘူး။” ဆိုပြီး မွန်ဘာသာနဲ့ ပြောသွားတာပါ။

လက်ရှိ ရွာထဲမှာ အမျိုးသားတချို့ ရွာစောင့်အနေနဲ့ ကျန်နေခဲ့ပြီး ပစ်ခတ်သံကြားရရင် ရွာဘုန်းကြီးကျောင်းကို ပြေးရှောင်ရတဲ့အကြောင်းလည်း ဒေသခံတဦးကပြောပါတယ်။

“လှကဇိုင်းမှာကျတော့ ဒီမနက်လည်း (လက်နက်ကြီး)အလုံးကြီးတွေ ကျတယ်၊ ရွာဘက်ခြမ်းမှာပေါ့။ ချောင်းနှစ်ခွကို သိမ်းပြီးတဲ့နောက်ပိုင်းမှာ ရွာက စစ်ဘေးရှောင်ရတာ။ သမီးတို့ရွာကပဲ ပိုဆိုးတာပေါ့။ ရွာလုံးကျွတ်နီးပါးပဲ အိမ်မှာ ယောကျာ်းလေးတွေ တယောက် နှစ်ယောက်လောက် အဲ့လို မွေးမြူးရေး ဝက်တွေလောက်ပေါ့၊ ကျန်တဲ့သူတွေ ဝက်တွေ အစားကျွေးဖို့ တစ်ယောက် နှစ်ယောက်တော့ အဲ့လိုမျိုး ပြန်နေကြတယ်။ အသံကြားပြီဆို ဘုန်းကြီးကျောင်းကို ပြေးသွားကြတယ်။”

စစ်ပြေးဒုက္ခသည်အများစုက လက်ရှိ မုဒုံမြို့နယ်ဖက်က ဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးနီးစပ်ရာမှာ ခိုလှုံနေကြတာပါ။ ဒေသတည်ငြိမ်ပြီး နေရပ်ပြန်နိုင်ဖို့ ရွာသူရွာသားတွေက မျှော်လင့်နေကြပါတယ်။

“ဒီမုဒုံမှာပဲ အဲ့ဒါကို စစ်ဘေးရှောင် ဘုန်းကြီးကျောင်းမှာဆိုရင် လူက အယောက် ၄၀ ကျော်ရှိတယ်။ တခြားနေရာမှာလည်း ရှိတယ်ပေါ့နော်။ အသိတွေပေါ့နော် အသိတွေ လာလှူကြတော့ လာလှူကြတယ်။ ဒီကဘုန်းကြီးကျောင်းမှာဆိုရင် အစစအရာရာကူညီပေးကြပါတယ်။ သမီးတို့လည်း အိမ်ပြန်ချင်နေပြီ။ အိမ်ပြန်လို့မှမရတော့တာ လမ်းတွေလည်း ပိတ်ထားပြီလေ။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့လောက်က စတင်ပြီး မွန်ပြည်နယ် ကျိုက်မရောနဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးကို ဆက်သွယ်ထားတဲ့ ချောင်းနှစ်ခွတံတားအနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့ နွေဦးတော်လှန်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဘက်ပြင်းထန်ခဲ့ပြီး KNLA ပါဝင်တဲ့ တပ်ပေါင်းစုတွေက ရက်ပိုင်းအတွင်း ချောင်းနှစ်ခွတံတားကို သိမ်းယူနိုင်ခဲ့တာပါ။

အဲ့ဒီနောက် ဒီကနေ့အထိ ကြိုကြားကြိုကြား နှစ်ဘက်ပစ်ခတ်နေကြပြီး မုဒုံမြို့နယ်အခြေစိုက် စစ်ကောင်စီစခန်းကနေ တိုက်ပွဲဖြစ်ပွားတဲ့ ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ မကြာမကြာ ပစ်ခတ်နေတာလို့ ရွာခံတွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ချောင်းနှစ်ခွ၊ တောင်ကလေး၊ လှကဇိုင်း၊ မရမ်းကုန်း၊ မယ်တယို၊ ကော့ခမာ၊ တော့ပလော့၊ အတ္ထရံ၊ အကလော၊ မရိကလ၊ ဖက်တေးကုန်း၊ ကနာလို၊ ပေါလောငယ်၊ ပေါလောကြီး၊ ပေါလောကုန်း၊ ကြံတော စတဲ့ ကျေးရွာ ၂၀ ထက်မနည်း သောင်းနဲ့ချီတဲ့ ရွာသူရွာသားတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး အခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နေရတာပါ။ အဲ့ဒီကျေးရွာတွေဟာ တချို့က ရွာလုံးကျွတ်ပြေးရှောင်တာရှိသလို တချို့က ရွာထဲမှာ ကျန်နေသူတွေလည်း ရှိနေတယ်လို့ စစ်ရှောင်ကူညီနေတဲ့ သံဃာတော်က မိန့်ကြားပါတယ်။

ရွာထဲမှာ ကျန်နေသူတွေဟာ စားနပ်ရိက္ခာပြတ်လပ်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီး အကူအညီသွားပေးလို့ အခက်အခဲဖြစ်တဲ့အကြောင်း သံဃာတော်က ခုလို မိန့်ပါတယ်။

“အခက်အခဲမျိုးစုံပဲ။ ရွာထဲမှာကျန်တဲ့လူတွေ ထွက်မရဘူး။ အပြင်ကနေ စားနပ်ရိက္ခာသွားပို့ပေးဖို့လည်း မရဘူး။ ငတ်ပြတ်နေတာ ဘယ်လိုပြောရမလဲမသိဘူး။ တချို့က (ရေလမ်းကြောင်းကနေ) လှေနဲ့ပြေးပြီး ဟို…ကွမ်းကတောင်းရွာဘက်မှာ ခိုလှုံနေကြတာ လူ ၁၅၀၊ ၁၆၀ လောက်ရှိတယ်၊ မိန်းလမ်းဘက်ထွက်မရသူတွေလေ၊ တော်တော်ခက်ခဲတယ်။ လမ်းတွေပိတ်ထားလို့လေ ရွာဘက်မှာ ကရင်တပ်ပေါင်းစုတွေ နေထိုင်လှုပ်ရှားတယ်၊ မပေးထွက်ဘူး။ ပြီးတော့ ဒီဘက်မှာလည်း စစ်ကောင်စီတပ်တွေ မပေးထွက်ဘူး။ မပေးဖြတ်ဘူးဆိုတော့ အဝင်အထွက်လုပ်မရတော့ စားစရာမရှိတော့ဘူးလေ။” လို့ မွန်ဘာသာနဲ့ ပြောသွားတာပါ။

တိုက်ပွဲတွေကြားထဲမှာ နှစ်ဘက်အဖွဲ့က သွားလာရေးလမ်းကြောင်းတွေကိုလည်း ပိတ်ပင်ထားပါတယ်။ တောင်ကလေးကျေးရွာဘက်မှာ စစ်ကောင်စီတပ်တွေ အထိုင်ချထားသလို တဘက်မှာလည်း တပ်ပေါင်းစုတွေက လှုပ်ရှားနေတယ်လို့ သိရပါတယ်။

လတ်တလော တောင်ကလေးဘက်က တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမရှိသေးပါဘူး။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ -S.O.F ကတော့ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာ ရဲစခန်းမှာအထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေကို နိုဝင်ဘာ ၁၂ ရက်ကနေ ၂၈ ရက်နေ့အထိ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F နဲ့ federal wing ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်းပြီး ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နိုင်ခဲ့ပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၁ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း တယ်လီကရမ်ကနေ ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ ၂၇ ရက်နေ့ကတော့ ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာရှိ တောင်ကလေးရဲစခန်းကနေ ချောင်းနှစ်ခွဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီရဲ့ တပ်မ(၂၂)၊ တပ်မ(၄၄)၊ အမှတ်(၄) တန်းမြှင့်လေ့ကျင့်ရေးသင်တန်းသား လက်အောက်ခံနဲ့ နယ်ခြားစောင့်တပ်တို့ စစ်ကြောင်းကို KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F နဲ့ Federal Wings ပူးပေါင်းအဖွဲ့က ဖြတ်တောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က အရာရှိတဦးအပါအဝင် ၁၁ဦး သေဆုံးပြီး ၄ ဦး လက်နက်ချခဲ့တဲ့အကြောင်းနဲ့ လက်နက်မျိုးစုံ (၁၅) လက်သိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့ဘက်က ရဲဘော်တဦး သေဆုံးခဲ့ကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG