စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ လျှပ်စစ်မီတာခကို ယူနစ်နဲ့တွက်ချက်ကောက်ခံတာမျိုးမဟုတ်ဘဲ လျှပ်စစ်ရုံးက တောင်းသလောက်ပေးနေရတဲ့အတွက် အခက်အခဲတွေ့နေရတဲ့အကြောင်း မြို့ခံတွေက ပြောပါတယ်။ လုံခြုံရေးအခြေအနေကြောင့် နေအိမ်အထိလာပြီး မီတာလာဖတ်တာမျိုး မလုပ်တော့ဘဲ မြို့နယ်လျှပ်စစ်ရုံးက ပြောသလောက် ကိုယ်တိုင်သွားရောက် မီတာခပေးဆောင်နေရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။ မုံရွာမြို့တွင်းက လျှပ်စစ်မီတာခ ကောက်ခံမှုအခြေအနေ သတင်းပေးပို့ထားပါတယ်။
မုံရွာမြို့ပေါ်မှာ လျှပ်စစ်မီးပေးချိန်က နေ့ဘက်ထက် ညဉ့်သန်းခေါင်အချိန်တွေမှာပေးတာက ပိုများတယ်လို့ ဒေသခံတဦးက ဗွီအိုအေ ကို ပြောပါတယ်။ မီတာကြေးက အနည်းဆုံး သုံးသိန်းဝန်းကျင်ပေးနေရတယ်လို့ ပြောပါတယ်။
"ဒီကြားထဲ မုံရွာမှာ တော်တော်လေးဆိုးနေတယ်ဗျ။ မီတာကြေးတွေလိုက်ကောက်၊ မီးကမမှန်။ မီတာကြေး ကလည်း တအိမ်အနည်းဆုံး မကျပါဘူးဆိုရင်တောင် ၃ သိန်း။ ၂ သိန်းခွဲဆိုတဲ့အိမ်က ရှားပါတယ်ဗျာ၊ ၃ သိန်း လောက်ကျတယ်။ ကျနော်တို့တောင်မှ ၄ သိန်းလောက်ကျတယ်။ မီးကလည်း ညပိုင်းမှာ များသောအားဖြင့် ပေးတော့တာ။ ညပိုင်း ၁၀ နာရီခွဲ၊ ၁၁ လောက်မှာပေးတယ်။ မနက် ၃ နာရီခွဲလောက်ဆို ပြန်ဖြုတ်သွားတာ။ ညပိုင်းလေးပဲ လာတော့တာ၊ နေ့ပိုင်းတွေက လုံးလုံးမလာသလို ဖြစ်သွားတယ်။ ဘာတွေမှန်းကို မသိပါဘူး။ သူတို့ကလုပ်တာ အကုန်လုံး သူတို့ဖို့ချည်းပဲ။"
မုံရွာမြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကတည်းက လျှပ်စစ်မီတာခ ကောက်ခံတဲ့အခြေအနေဟာ နှုန်းထား ပိုပြီးများလာ တယ်လို့ ဒေသတွင်းမီဒီယာတွေမှာလည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် နေအိမ်တွေထိ မီတာယူနစ် လာရောက် တွက်ချက်တာမျိုး မရှိတော့ပါဘူး။ အိမ်ရှင်တွေကသာ မြို့နယ်လျှပ်စစ်ရုံးကိုသွားရောက်ပြီး မီတာခ ပေးဆောင် ရတာလို့ ပြောပါတယ်။
"အမှန်ဒါတွေဆိုရင် မီးကြေးတွေ လိုက်ကောက်တဲ့အတွက် မီးလင်းအောင် လုပ်ပေးရမှာလေ။ မီတာလိုက် ကောက်တာ တချို့ဆိုရင် မီတာတလုံးကို သိန်း ၃၀ လောက်ကျတယ်။ ကျနော့်မြောက်ဘက်အိမ်ဆိုရင် ၂ သိန်း လောက်ကျတယ်။ တချို့အိမ်ဆို ၁၁ သိန်းလောက်ကျတာ။ မရှိတဲ့အိမ်ကျတော့ ဘယ်လိုလုပ် ဆောင်နိုင် တော့မှာလဲ။ သက်သက်မဲ့ကို ပြည်သူတွေအပေါ်ကို ဖိနှိပ်ပြီးတော့ လုပ်ကိုင်နေတော့တာ။"
အာဏာသိမ်းပြီးနောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေထဲမှာ လျှပ်စစ်မီတာအခွန်ခ မပေးဆောင်တာလည်း ပါဝင်ခဲ့ပါတယ်။ မုံရွာမြို့မှာတော့ လျှပ်စစ်မီတာခ ပေးဆောင်ဖို့ပျက်ကွက်တဲ့ နေအိမ်က မီတာပုံးတွေကို ဖြုတ်သိမ်းတာအပါအဝင် မီတာခကြွေးကျန်နဲ့အတူ ဒဏ်ကြေးကိုပါ ထပ်ဆောင်းပေးနေရတဲ့ အခြေအနေကို ကြုံတွေ့နေရပါတယ်။ မဖြစ်မနေ လျှပ်စစ်မီးလိုအပ်လို့ မီတာခပေးဆောင်နေရတဲ့ သူတွေမှာလည်း လျှပ်စစ်မီးပုံမှန်မရတာကြောင့် အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Forum