သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာခရီးစဉ်အတွင်း စီးပွားရေးဦးစားပေးမှု သမ္မတ Moon ကို Yanghee Lee ဝေဖန်


လူ့အခွင့်အရေးရှေ့နေတဦးအဖြစ်နဲ့ ထင်ရှားတဲ့ တောင်ကိုရီယားသမ္မတ Moon Jae-In အနေနဲ့ မြန်မာနိုင်ငံရောက်ရှိ နေစဉ်အတွင်း လူ့အခွင့်အရေးကိစ္စတွေထက် စီးပွားရေးဖက်ကို ဦးစားပေးဆောင်ရွက်တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် Yanhee Lee က ဝေဖန်ခဲ့ပါတယ်။ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဆယ်စုနှစ်တွေနဲ့ကြာ ဒုက္ခရောက်ခဲ့တဲ့ ရိုဟင်ဂျာတွေအရေးကို ပြောဆိုဖို့ အချိန်ကျနေပြီလို့လည်း Ms.Yanhee Lee က တိုက်တွန်းခဲ့ပါတယ်။ Ms.Yanhee Lee နဲ့ AFP သတင်းဌာနဲ့ မေးမြန်းထားတာကို အခြေခံပြီး၊ ကိုသားညွန့်ဦး ပြောပြမှာပါ။

တောင်ကိုရီယားသမ္မတ Moon Jae-In ရဲ့ အခု မြန်မာနိုင်ငံခရီးစဉ်အတွင်း ကမ္ဘာ့အခြားတိုင်းပြည်တွေ ဆောင်ရွက်နေကြအတိုင်းပဲ၊ လူတွေရဲ့နစ်နာခံစားချက်တွေထက် တိုင်းပြည်စီးပွားရေး အကျိုးစီးပွား ကိစ္စတွေကိုသာ ဦးစားပေးဆောင်ရွက်တာဟာ ရှက်ဖွယ်ကိစ္စဖြစ်တယ်လို့ Ms.Yanhee Lee က ပြောခဲ့ပါတယ်။့ မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ ပြယုဂ် တခုလိုဖြစ်ခဲ့သလို၊ တောင်ကိုရီယားသမ္မတ Moon Jae-In ဟာလည်း လူ့အခွင့်အရေးရှေ့နေတဦးအဖြစ် ထင်ရှားခဲ့တာကို ထောက်ပြပြီး ဒီခေါင်းဆောင်နှစ်ဦးတွေ့ဆုံမှုဟာ အခြားခေါင်းဆောင်တွေ တွေ့ဆုံ သလိုတော့မဖြစ်သင့်ဘူးဆိုတဲ့သဘော တောင်ကိုရီးယားနိုင်ငံသား Ms.Yanhee Lee က ဝေဖန်ခဲ့တာပါ။

“ ကျမတို့သမ္မတကြီးဟာ လူ့အခွင့်အရးရှေ့နေတဦးအဖြစ်နဲ့ အထင်ကရ သမိုင်းရှိထားတာပါ။ ဒါပေမယ့်လည်း လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မပြောမဆိုတာကို ကျမ စိုးရိမ်ပါတယ်။”

နိုင်ငံတကာအသိုင်းအဝိုင်းမှာ လူ့အခွင့်အရေးလှုပ်ရှားမှုပြယုဂ်ဖြစ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း သာမန် နိုင်ငံ့ခေါင်းဆောင်တဦးအနေနဲ့ သမိုင်းတန်ဖိုးလျော့ကျသွားတယ်လို့ တောင်ကိုရီယားတက္ကသိုလ် ပါမောက္ခတဦးလည်းဖြစ်သူ Ms.Yanhee Lee က ပြောပါတယ်။ အထုူးသဖြင့်တော့ ဆယ်စုနှစ်နဲ့ ချီခံစားလာခဲ့ရတဲ့ ရိုဟင်ဂျာတွေအရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို ဝေဖန်ခဲ့ပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထု ထောက်ခံမဲကို အတော်ကြီးရထားသူပါ။ သူ့အနေနဲ့ ရိုဟင်ဂျာတွေရဲ့ ခံစား နစ်နာမှုတွေကို ထုတ်ဖော်ပြောသင့်နေပြီလို့ ကျမထင်တယ်။”

မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေအရေးနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဖက်က နုတ်ဆိတ်နေတယ်၊ မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ခုခံ ကာကွယ်ပေးနေတယ်လို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားတာပါ။ ၂၀၁၇ နှစ်တုန်းက ရခိုင်မြောက်ပိုင်းက လုံခြုံရေးစစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာဒုက္ခသည် သိန်းဂဏန်း အိမ်နီးချင်း နယ်စပ်ကို ထွက်ပြေးခဲ့ရပါတယ်။ အဲဒီက လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ Genocide မျိုးဖြုတ်သတ်ဖြတ်မှုဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။ ဒီအတွက် တာဝန်ရှိတယ်လို့ဆိုပြီး မြန်မာစစ်ဖက်ခေါင်းဆောင် တွေကို အမေရိကန်ပြည်ထောင်စုက အရေးယူထားပါတယ်။ မြန်မာအစိုးရဖက်ကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံသလို၊ ဒီအဖြစ်အပျက်တွေကို ပြည်တွင်းမှာပဲ စုံစမ်းစစ်ဆေးမှုတွေလုပ်နေတယ်လို့ ပြောထားပါတယ်။

Ms.Yanhee Lee အပါအဝင် လူ့အခွင့်အရေးသမားတွေကတော့ ဒီအဖြစ်အပျက်မှာ အာဏာရပါတီခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က တစုံတရာတာဝန်ရှိတယ်လို့ ယူဆကြပါတယ်။

မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုရီယားသမ္မတနဲ့ Moon Jae-In တို့ ဒီကနေ့ တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်းမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ဖွံဖြိုးရေးဆိုင်ရာပူးတွဲဆောင်ရွမယ့်ကိစ္စတွေကိုပဲ အလေးပေးပြောခဲ့ပါတယ်။ တောင်ကိုရိယားသမ္မတ ရဲ့ အခု ခရီးစဉ်အတွင်းမှာလည်း မြန်မာနိုင်ငံတွင်းရင်းနှီးမြုပ်နှံလုပ်ကိုင်နေတဲ့ ကိုရီယားကုမ္ပဏီတွေအတွက် ကိုရီယားအစိုးရကုန်သွယ်ရေးရုံးဖွင့်မယ့်ကိစ္စနဲ့ အထူးဇုံအုတ်မြစ်ချဖို့ကိစ္စတွေဟာ အဓိကလိုဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်
တောင်ကိုရီးယား သမ္မတ ခရီးစဉ် Yanhee Lee ရဲ့ အမြင်
please wait

No media source currently available

0:00 0:02:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG