သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယားသမ္မတ မြန်မာနိုင်ငံခရီးစဉ် စတင်


တောင်ကိုးရီးယားသမ္မတ မွန်းဂျယ်အင်းနှင့် သမ္မတကတော်
တောင်ကိုးရီးယားသမ္မတ မွန်းဂျယ်အင်းနှင့် သမ္မတကတော်

တောင်ကိုရီးယားသမ္မတ Moon Jae-In ဟာ သူ့ရဲ့၆ ရက်ကြာ ထိုင်း-မြန်မာ-လာအို အရှေ့တောင်အာရှ သုံးနိုင်ငံခရီးစဉ်အတွင်း မနေ့တုန်းက ထိုင်းဝန်ကြီးချုပ်နဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး၊ ဒီကနေ့မှာတော့ မြန်မာနိုင်ငံမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ သမ္မတမွန်းရဲ့ မြန်မာခရီးစဉ်အတွင်း ကိုးရီးယားဘဏ် လုပ်ငန်းရှင်ကြီးတွေ အတူလိုက်ပါ သွားပါတယ်။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

သမ္မတ မွန်းဂျယ်အင်း အစိုးရလက်ထက်မှာ တောင်ကိုရီးယားရဲ့ ကုန်သွယ်စီးပွားရေး ပိုအားကောင်းလာအောင် အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ကျယ်ပျံ့တဲ့ ဆက်ဆံရေး ထူထောင်သွားမယ်လို့ ရည်မှန်းထားတဲ့အတိုင်း မြန်မာအပါအဝင် အာဆီယံ ၃ နိုင်ငံကို အခုလို ခရီးထွက်နေတာ ဖြစ်ပါတယ်။

လာမယ့် နိုဝင်ဘာလထဲ တောင်ကိုရီးယား ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဘူဆမ်းမှာ ကိုရီးယား-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ ၂ လအလိုမှာ သမ္မတမွန်းရဲ့ အာဆီယံ ၃ နိုင်ငံ ခရီးစဉ် ထွက်ပေါ်လာတာပါ။

အာဆီယံနိုင်ငံတွေထဲမှာ သဘာဝသယံဇာတ ကြွယ်ဝပြီး၊ ဈေးကွက် အလားအလာ အကောင်းဆုံးဖြစ်နေတဲ့ မြန်မာနိုင်ငံကို ကိုရီးယားလုပ်ငန်း ရှင်တွေ မျက်စိကျနေပြီး၊ တရုတ် ဂျပန်တို့နဲ့အပြိုင် နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်နေတာ ဖြစ်တယ်လို့ တောင်ကိုရီးယားမှာ နှစ်ပေါင်းအတော်ကြာနေလာတဲ့ ကိုရန်နိုင်ထွန်းက သုံးသပ်ပါတယ်။

“အဓိကတော့ ကိုရီးယားက မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ စီးပွားရေး စားကျက်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ချင်တယ်။ အဲဒီလုပ်တဲ့နေရာမှာ မြန်မာပြည်မှာရှိတဲ့ ဥပဒေပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ ခက်ခဲမှုတွေ ရှုပ်ထွေးမှုတွေရှိတယ်။ အဲဒါကို ပြေလည်အောင်ဆောင်ရွက်ပေးဖို့လည်း ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်တွေကနေပြီးတော့ သမ္မတကို တိုက်တွန်းထားတာရှိတယ်။ အခုသမ္မတ မွန်းဂျယ်အင်း သွားတဲ့နေရာမှာ ဥပဒေပိုင်းဆိုင်ရာမှာ ဖြေလျော့မှုတွေဖြစ်အောင် ဆွေးနွေးဖု့ိလည်း ပါပါတယ်ခင်ဗျ။ အဓိက စိတ်ရင်းထဲက ရည်ရွယ်ချက်ကတော့ သူတို့ စီးပွားရေး အားကောင်းလာအောင် အရှေ့တောင်အာရှကို ထိုးဖောက်လာတာဖြစ်ပါတယ်။ ပထမ သူတို့ ယဉ်ကျေးမှုနဲ့လုပ်တယ်၊ ရုပ်ရှင်တွေပြတယ်၊ ဘာသာစကားတွေနဲ့ ထိုးဖောက်မှုလုပ်တယ်၊ အစားအစာတွေနဲ့ ထိုးဖောက်မှုလုပ်တယ် K-Pop နဲ့ ထိုးဖောက်မှုလုပ်တယ် အဲလိုလုပ်တာကြောင့် လူတွေက စိတ်ဝင်စားလာတယ်။ မြန်မာနိုင်ငံမှမဟုတ်ဘူး၊ Vietnam ၊ ကမ္ဘောဒီယား၊ လာအို ၊ ထိုင်းအစရှိသဖြင့် ထိုးဖောက်လာသည်နှင့်အမျှ အနောက်ကနေပြီးတော့ စီးပွားရေးပါ တွဲဝင်လာပြီးတော့ ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးက အာရှနိုင်ငံကိုလည်း လွှမ်းမိုးထားအောင် ကြိုးစားနေတာဖြစ်ပါတယ်။”

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ရဲ့ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကိုလာရောက်တဲ့ သမ္မတ မွန်းဂျယ်အင်းဟာ ဒီကနေ့ နေပြည်တော်မှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

စက်တင်ဘာ ၃ ရက်ကနေ ၅ ရက်နေ့ထိ ၃ ရက်ကြာမယ့် သမ္မတမွန်းရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း ကိုရီးယားဘဏ်အုပ်စု အကြီးအကဲတွေလဲ အတူလိုက်ပါသွားတယ်လို့ Korea Herald သတင်းစာမှာ ဖေါ်ပြပါတယ်။ KFB ၊ Shinhan ၊ KB Kookmin နဲ့ IBK ကိုရီးယားစက်မှုဘဏ် ၊ အစိုးရပိုင် သွင်းကုန်ထုတ်ကုန် ဘဏ်အုပ်စုတွေက ဖြစ်ပါတယ်။ KB Kookmin ၊ Hana ၊ Woori ၊ Eximbank နဲ့ IBK ဘဏ်တွေဟာ မြန်မာနိုင်ငံမှာ ဘဏ်ခွဲ ဒါမှမဟုတ် ရုံးခန်း ဖွင့်လှစ်ထားပါတယ်။ Shinhan ဘဏ်ကတော့ ၂၀၁၆ ခုနှစ်မှာ လုပ်ငန်းလိုင်စင်ရခဲ့ပြီး မြန်မာပြည်မှာ ဘဏ်လုပ်ငန်း လည်ပတ်နေပါတယ်။ KB Kookmin ဘဏ်ဟာ ၂၀၁၄ အစောပိုင်း မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းလိုင်စင် လျှောက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ ကိုးရီးယားကုမ္ပဏီပေါင်း (၂၀၀)ကျော် ဝင်ရောက်လုပ်ကိုင်နေတာပါ။ ဒီလုပ်ငန်းရှင်တွေ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ အဆင်ပြေ ချောမွေ့စေရေးအတွက် မြန်မာအစိုးရက ဖန်တီးပေးထားတဲ့ Korea Desk ရုံးဖွင့်ပွဲကိုလည်း သမ္မတမွန်း တက်ရောက်မှာဖြစ်သလို၊ လှည်းကူးမြို့ ညောင်နှစ်ပင်မှာရှိတဲ့ KMIC (Korea-Myanmar Economic Cooperation Industrial Complex) ကိုရီးယားမြန်မာ စက်မှုဇုန် အုပ်မြစ်ချပွဲကိုလည်း တက်ရောက်ဖို့ ရှိပါတယ်။

မြန်မာနိုင်ငံမှာ တောင်ကိုရီးရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၃.၇)ဘီလျံနီးပါးရှိပြီး ၂၀၁၉ နှစ်ကုန်ထိ စီမံကိန်းပေါင်း ၁၇၅ ခုကို ကိုးရီးယားကုမ္ပဏီတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်စာရင်းအရ နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ဒေါ်လာ (၇၁၃)သန်းကျော် ရှိပါတယ်။

စက်တင်ဘာ ၂ ရက်နေ့တုန်းကတော့ သမ္မတမွန်းဂျယ်အင်းဟာ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံပြီး ထိုင်းနိုင်ငံနဲ့ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ MoU ၅ ခုအပါအဝင် စုစုပေါင်းစာချုပ် ၆ ခုကို လက်မှတ်ထိုးခဲ့ပါတယ်။ အဲဒီထဲမှာ ရေစီမံခန့်ခွဲမှု၊ ရထားလမ်း ပြုပြင်တိုးချဲ့ရေး၊ Smart City ဖေါ်ဆောင်ရေးနဲ့ စက်မှုဇုန်ကဏ္ဍတွေ ပါဝင်ပါတယ်။

သမ္မတ မွန်းဂျယ်အင်းရဲ့ မြန်မာနဲ့ ထိုင်းနိုင်ငံကို လာရောက်တဲ့ ခရီးစဉ်ဟာ ပြီးခဲ့တဲ့(၇)နှစ်တာကာလအတွင်း တောင်ကိုရီးယားသမ္မတ တဦး အနေနဲ့ ပထမဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ်ဖြစ်သလို၊ လာအိုနိုင်ငံကိုတော့ တောင်ကိုရီးယားသမ္မတ တဦး ပထမဦးဆုံး သွားရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ စက်တင်ဘာ ၅ ရက်နေ့မှာတော့ သမ္မတမွန်းဟာ မြန်မာကနေ လာအိုနိုင်ငံကို ထွက်ခွာမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG