သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံထဲခိုးဝင်သူ ၁၅ ဦး ဖမ်းဆီးခံရ


ထိုင်းနယ်ခြားစောင့်တပ်များ နယ်စပ်မှာကင်းလှည့်နေပုံ (အမှတ်၃ နယ်ခြားစောင့်တပ်)
ထိုင်းနယ်ခြားစောင့်တပ်များ နယ်စပ်မှာကင်းလှည့်နေပုံ (အမှတ်၃ နယ်ခြားစောင့်တပ်)

(Zawgyi/Unicode)

မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ပြီး လူကုန်ကူးသူတွေနဲ့အတူ ထိုင်းနိုင်ငံထဲခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ယောက်ကို ထိုင်းစစ်တပ်က ဇွန်လ ၂၄ ရက်နေ့မှာ ဖမ်းဆီးခဲ့ပါတယ်။ သူတို့ဟာ တရားမဝင် ခိုးဝင်မှုအပါအဝင် ကိုဗစ်ကာကွယ်ရေးဆိုင်ရာ အရေးပေါ်ဥပဒေနဲ့ပါ အရေးယူခံရမယ့် အလားအလာရှိနေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ် တောလမ်းတွေ ကတဆင့် သောင်ရင်းမြစ်ကိုဖြတ်ပြီးခိုးဝင်လာတဲ့မြန်မာနိုင်ငံသား ၁၅ဦး မနေ့ကဖမ်းမိခဲ့ကြောင်း AAC အလုပ်သမားကူညီရေးအဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူကိုရဲမင်းကအခုလိုပြောပါတယ်။

"တရားမဝင်လမ်းကြောင်း ကယ်ရီ ပွဲစားတွေနဲ့ချိတ်ဆက်ပြီးခိုးဝင်လာတဲ့မြန်မာအလုပ်သမားအားလုံး ၁၅ဦးဖမ်းဆီးခံထိပါတယ်။ ယောင်္ကျားလေးက ၇ဦး မိန်းကလေးက ၈ဦးလို့သိရပါတယ်။ ထိုင်းစစ်တပ်နဲ့နယ်ခြားစောင့်တပ်တွေဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးတာကိုခံရတာပါ။ ထိုင်းအစိုးရကထုတ်ပြန်တဲ့ အရေးပေါ် ဥပဒေတွေနဲ့ ထောင်ဒဏ်ငွေဒဏ်တွေ ကျခံနေရမယ့်အနေအထားပေါ့ ။အခုချိန်မှာ ထိုင်းဘက်က တင်းကြပ်နေတယ် အထပ်ထပ်ပိတ်ဆို့နေတာသိတယ်။ သို့ပေမယ့်နေစဉ်လိုလိုဖမ်းဆီးခံထိနေတာပါ။ ဖမ်းဆီခံထိတဲ့ သူ၁၅ဦးကတော့ မြန်မာ-ထိုင်းနယ်စပ် တန်ဆောင်ရမ်းနယ်မြေ မဲ့အူးသုတ်ကျေးရွာအနီးမှာဖမ်းဆီးခံထိတာပါ။"

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မူ့နဲ့အလုပ်အကိုင်ရှားပါးမူတွေ လူငယ်တွေကို အဖမ်းအဆီးများနေတာတွေ ကြောင့် မြန်မာပြည်ထဲမှာနေထိုင်ရ ခက်ခဲလာနေကြတာပါ။ တချို့ရွာတွေမှာမနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်လာသူတွေအပါအဝင် စားဝတ်နေရေးအခက်အခဲကြောင့် အလုပ်လုပ်ဖို့လာကြသူတွေလည်း ထိုင်းနယ်စပ် ဝင်ပေါက်အသီးသီးကနေ နေ့စဉ်ခိုးဝင်လာနေကြတယ်လို့ ကိုရဲမင်းကပြောပါတယ်။

"ပြည်တွင်းမှာစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်အကိုင်တွေယခင်ထက်ကို ရှားပါးပြီးရှိတဲ့အလုပ်ရုံတွေပိတ်တော့ အလုပ်တွေပြုတ်တော့ အနီးစပ်ဆုံးထိုင်းနိုင်ငံထဲကို ဖမ်းနေမှန်းသိပေမယ့် စွန့်စားပြီးခိုးဝင်နေကြတာပါ"

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် ပြီးခဲ့တဲလပိုင်းတွေကစလို့ ထိုင်းနိုင်ငံထဲကို ခိုးဝင်လာသူတွေ ၄ထောင်ထက်မနည်းရှိနေပြီး နေ့စဉ် ဖမ်းဆီးနေတဲ့ကြားကပဲ အစုအဝေးနဲ့ဝင်ရောက်လာနေဆဲဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ပြည်နယ်ထဲမှာတော့ ထိုင်းစစ်တပ်က နယ်မြေလုံခြုံရေးကိုပိုမိုတင်းကြပ်စွာစောင့်ကြည့်စစ်ဆေးနေပြီး နယ်စပ်လမ်းတလျှောက် ကားသွားလာလို့မရတဲ့ တချို့လမ်းတွေမှာ မြင်းတွေနဲ့ကင်းလှည့်တာတွေပါ လုပ်ကိုင်နေပါတယ်။

..........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)







XS
SM
MD
LG