ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်လိုက်ကြောင်း ကြေညာထားတဲ့ စဉ့်ကူးမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ ၁ ဒါဇင်ကျော် သေဆုံးကြောင်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ရေးတင်းမာမှုတွေ ပေါ်ပေါက်နေတဲ့ စဉ့်ကူးမြို့နယ်က နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး ကိုငြိမ်းချမ်း တင်ပြထားပါတယ်။
ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ထိန်းချုပ်လိုက်ကြောင်း ကြေညာထားတဲ့ စဉ့်ကူးမြို့နယ်ထဲက ကံတောင်ကျေးရွာနဲ့ နွယ်ရုံကျေးရွာတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ဒေသခံ ၁၃ ဦး သေဆုံးခဲ့ကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့တာပါ။ တိုက်ခိုက်မှုကြောင့် ကံတောင်ကျေးရွာမှာ ၃ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နွယ်ရုံကျေးရွာမှာ ၁၀ ဦး သေဆုံးခဲ့ပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း မန္တလေး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။
"ဒေသအသီးသီးမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီက ရှုံးမဲမဲပြီးတော့ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်နေတာမျိုးတွေ ဆက်တိုက်တွေ့လာရပါတယ်။ဒါကြောင့် ပြည်သူတွေအနေနဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ဗုံးခိုကျင်း စနစ်တကျ တူးထားတာမျိုးတွေလုပ်သင့်ပါတယ်။ လေကြောင်း သတင်းအဆက်မပြတ်နားစွင့်ပြီးတော့ လေကြောင်တိုက်ခိုက်ချိန်မှာ ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာသင့်တယ်လို့ ပြောချင်ပါတယ်။"
သြဂုတ် ၅ ရက်မှာလည်း စစ်တပ်ဘက်က စဉ့်ကူးမြို့နယ်ထဲကို နောက်ထပ် လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
"မနေ့ကစတိုက်တာပေါ့ မနေ့နဲ့ ဒီနေ့နဲ့ ၂ ရက်ရှိပြီ။ ဒီနေ့လည်း စဉ့်ကူးမှာ လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်ပေါ့နော်။ လေကြောင်းတိုက်ခိုက်မှုရှိတယ်။ တံတားဦးက တက်လာတဲ့ ဂျက်ဖိုက်တာတွေ နေ့ခင်းပိုင်း ၁၂ ဝန်းကျင်လောက်ပေါ့။ ဒီနေ့ကတော့ ထိခိုက်မှု ရှိမရှိမကြားရသေးဘူးပေါ့။ အဲ့ဘက်မှာ ဖုန်းလိုင်းတွေပြတ်နေတော့။ မနေ့ကတော့ မနက်ပိုင်း သိရသလောက်တော့ သေတယ်ပေါ့။ ထိခိုက်ဒဏ်ရာရတာလည်းရှိတယ်ပေါ့။"
စဉ့်ကူးမြို့နယ်မှာ တိုက်ခိုက်ခံရမှု အခြေအနေ အသေးစိတ်ကိုတော့ သီးခြားအတည်ပြုလို့ မရသလို၊ စစ်ကောင်စီကလည်း လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီ အခြေစိုက်တဲ့ နေရာတွေကို ဇူလိုင် ၁၇ရက်က ရှင်းလင်းပြီး ထိန်းချုပ်လိုက်ကြောင်း ကြေညာထားပါတယ်။ ဇူလိုင် ၂၆ ရက်မှာတော့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စည်းရုံးရေးဌာနက သိမ်းပိုက်ထားတဲ့မြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး အန္တရာယ်ကင်းရှင်းရေး လမ်းညွှန်ချက်တွေကို ထုတ်ပြန်ခဲ့ကြပါတယ်။
Forum