သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားဖျန့်အွန်လိုင်းငွေလိမ်ဂိုဏ်းမှာပါဝင်သူ ၄ သောင်းကျော် တရုတ်ကို မြန်မာပြန်ပို့ 


ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကထုတ်တဲ့ သတင်းဓာတ်ပုံမှာ မြန်မာရဲအရာရှိက ဆိုင်ဘာရာဇဝတ်မှုကျူးလွန်တဲ့ တရုတ်နိုင်ငံသားတွေကို နိုင်ငံတကာလေဆိပ်မှာ တရုတ်ရဲအရာရှိဆီ ပြန်လည်လွှဲအပ်နေစဥ်။​(သြဂုတ်လ ၂၆၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနကထုတ်တဲ့ သတင်းဓာတ်ပုံမှာ မြန်မာရဲအရာရှိက ဆိုင်ဘာရာဇဝတ်မှုကျူးလွန်တဲ့ တရုတ်နိုင်ငံသားတွေကို နိုင်ငံတကာလေဆိပ်မှာ တရုတ်ရဲအရာရှိဆီ ပြန်လည်လွှဲအပ်နေစဥ်။​(သြဂုတ်လ ၂၆၊ ၂၀၂၃)

ကျားဖျန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပါဝင်တယ်လို့ သံသယရှိသူတွေကို မြန်မာဘက်က တရုတ်ကို ၂၀၂၃ ခုနှစ်အတွင်း လွှဲပေးခဲ့သူ ၄ သောင်းကျော်တယ်လို့ တရုတ်အစိုးရပိုင်သတင်းမီဒီယာက ဒီနေ့သောကြာနေ့မှာ သတင်းထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံသားတွေသာမက လူကုန်ကူးခံရသူတွေပါဝင်တဲ့ တခြားနိုင်ငံကသူတွေကို မြန်မာနိုင်ငံနယ်စပ်မှာ အတင်းအဓမ္မပိတ်လှောင်ပြီး အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေမှာ ခိုင်းစေတာဖြစ်ပါတယ်။

တနှစ်ဝင်ငွေ ဒေါ်လာသန်း ထောင်ချီရနေတဲ့ ငွေလိမ်လုပ်ငန်းတွေကြောင့် တရုတ်နိုင်ငံသားအများအပြား ငွေကြေးဆုံးရှုံး ထိခိုက်ခဲ့ပြီး ဒီငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့ တရုတ်အစိုးရက မြန်မာကို အကြိမ်ကြိမ်ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အင်တာနက် အွန်လိုင်း၊ ဖုန်းလိုင်းတွေကနေ ငွေလိမ်ညာတဲ့လုပ်ငန်းတွေအပေါ် နှိမ်နှင်းခဲ့တာကြောင့် ၂၀၂၃ ခုနှစ် ဩဂုတ်လကစလို့ လိမ်ညာမှုတွေ သိသိသာသာ ကျဆင်းခဲ့တယ်လို့ CCTV သတင်းက ပြောပါတယ်။ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်မှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း အင်တာနက်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ လုပ်ကိုင်သူ ၄၁၀၀၀ ကို မြန်မာကနေ တရုတ်လက်ကို လွှဲပေးခဲ့တယ်လို့ CCTV သတင်းကဖော်ပြပေမဲ့ ဘယ်နိုင်ငံသားတွေလဲဆိုတာတော့ အတိအကျ ပြောထားခြင်း မရှိပါဘူး။

အွန်လိုင်းပရိုမိုရှင်း၊ ငွေမည်း ငွေဖြူခဝါချမှု၊ နည်းပညာတိုးတက်မှုစတဲ့ တရားမဝင်ဝန်ဆောင်မှုပေးနေတဲ့ တရုတ်ရာဇတ်ဝတ်ဂိုဏ်းတွေနဲ့ နိုင်ငံခြားငွေလိမ်လုပ်ငန်းတွေဆီ တရားမဝင်လူတွေပို့နေတဲ့ ဂိုဏ်းတွေကိုလည်း ပြည်သူ့လုံခြုံရေးရာတရုတ်ဝန်ကြီးဌာနကလည်း အကြီးအကျယ်နှိမ်နင်းခဲ့တယ်လို့ တရုတ်အစိုးရပိုင် CCTV သတင်းထဲမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံက ကျားဖျန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ပိတ်လှောင်ခံခဲ့ရသူ ၁ သိန်း ၂ သောင်းထက် မနည်းရှိတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့နှစ်ထဲမှာ ပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG