သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆိုင်ကယ်သမား ၂ ဦး နော်ဝေရောက်ပြီ


မြန်မာဆိုင်ကယ်သမား ၂ ဦး နော်ဝေးရောက် (Motourlogue facebook)
မြန်မာဆိုင်ကယ်သမား ၂ ဦး နော်ဝေးရောက် (Motourlogue facebook)

မော်တော်ဆိုင်ကယ် ကိုယ်စီနဲ့ စွန့်စွန့်စားစား ကမ္ဘာပတ်ခရီးသွားနေတဲ့ မြန်မာနိုင်ငံသားနှစ်ဦးဟာ အခုဆိုရင် နော်ဝေနိုင်ငံကို ရောက်ရှိနေပြီး ရောက်ခဲလှတဲ့ အာတိတ်စက်ဝိုင်းတွင်းရှိနေတဲ့ ဥရောပတိုက် မြောက်ဘက်အစွန်းကို အရောက် မောင်းနှင်ခဲ့ကြပါတယ်။ ဒီသြဂုတ်လကုန်ပိုင်းမှာတော့ ဗြိတိန်နိုင်ငံကို ရောက်ဖို့ ရည်မှန်းထားတယ်လို့ Motourlogue ခရီးသွားနှစ်ဦးဖြစ်တဲ့ စိုင်းဇွန်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့က ပြောပါတယ်။

နှစ်လတာအတွင်း နိုင်ငံပေါင်း ၁၃ နိုင်ငံကို ရောက်ရှိခဲ့ပြီ ဒီကနေ့မှာ ၁၄ နိုင်ငံမြောက်အဖြစ် ဆွီဒင်နိုင်ငံကို ဆက်လက်ထွက်ခွာကြမယ့်အကြောင်း မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

စိုင်းဇွန်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့ဟာ ဖင်လန်ကနေ နော်ဝေနိုင်ငံကို သြဂုတ်လ (၁)ရက်နေ့ကရောက်ရှိခဲ့ကြတာဖြစ်ပါတယ်။ လေးရက်ကြာ နော်ဝေခရီးစဉ်အတွင်း ဥရောပတိုက်ရဲ့ မြောက်ဘက်အစွန်းဆုံးနေရာဖြစ်တဲ့ နော်ဝေ နိုင်ငံမြောက်ပိုင်းက Magerøya ကျွန်း မြောက်ဘက်စွန်းအငူကို စိုင်းဇွန်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့နှစ်ဦးလုံး အရောက်မောင်းနှင်ခဲ့ကြပြီး အဲဒီနေရာရောက်ရှိချိန်မှာ Motourlogue Facebook ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သလို ခရီးသွားမှတ်တိုင်အသစ် စိုက်ထူနိုင်ခဲ့တဲ့ အတွေ့အကြုံတွေကို သူတို့နှစ်ဦးလုံးက အခုလို ပြောပြပါတယ်။

“ဥရောပတိုက်ရဲ့ မြောက်ဘက်စွန်း ကားတို့ စက်ဘီးတို့ ဆိုင်ကယ်တို့နဲ့ သွားလို့ရတဲ့ အဲဒီနေရာ ကမ္ဘာလုံးပုံစံလေးပေါ့နော် ။ ခရီးသည်တွေလည်း အများကြီးလာကြတယ် Nordkapp လို့ခေါ်တဲ့ ဥရောပတိုက်ရဲ့ မြောက်ဘက် အကျဆုံးနေရာ map ကို ကြည့်မယ်ဆိုရင် ကျနော်တို့ နော်ဝေးရဲ့ မြောက်ဘက် အစွန်ဆုံးနေရာကျွန်းလေး အဲဒါတောင်မှ ထိပ်ဆုံးနေရာ ထောင့်လေးနားမှာ ကျနော်တို့ GPS လေးနဲ့ ရိုက်ပြီးတော့ ပြပေးပါ့မယ် ဘယ်လောက်အစွန်းရောက်သွားလဲဆိုတာ ။ တော်တော်လေးကို အစွန်းရောက်နေတာပါ ဒီနေရာလေးက ဒါက မြောက်ဘက်စွန်းပဲ ။ ကမ္ဘာကြီးကို အလုံးလိုက်ကြည့်ရင် ဝန်ရိုးစွန်းတန်းက ဟိုဘက်မှာပဲ မြင်ရတော့တယ်။ ဟိုဘက်မှာ ဘာမှ မရှိဘူး Greenland တို့ ရေခဲတောင်တွေ၊ ရေခဲတွေ ဒါပဲရှိတော့တယ်။ ကမ္ဘာလုံးကြီးကို ကြည့်လိုက်တယ်ဆိုရင် ထိပ်တည့်တည့်ပေါ့နော် ဒါဟိုဘက်မှာ မြင်ရမယ် ။ အဲဒီကနေ ကြည့်လိုက်ရင် ဒီဘက်က ကုန်းပိုင်းပဲ ဖြစ်သွားတယ် နောက် ဒီနေရာလေးက တကယ့်ကို သမိုင်းဝင်နေရာလေးပါ အဲဒါကြောင့် ကျနော်တို့ ရောက်ဖြစ်အောင် လာလိုက်တာပါ။”

အာတိတ်စက်ဝိုင်းဒေသ ရာသီဥတု အေးပြီး ကြမ်းတမ်းတဲ့ ဒဏ်ကို ကြံကြံခံပြီး ပင်လယ်နဲ့ကပ်နေတဲ့ အဝေးပြေးလမ်းမကြီးတလျောက် မော်တော်ဆိုင်ကယ်မောင်းနှင်ခဲ့ကြပုံကိုလည်း အခုလို ဆက်ပြောပါတယ်။

“ရာသီဥတုက အရမ်းအေးပါတယ်။ အထူးသဖြင့် မောင်းနေတဲ့အချိန်အရမ်းအေးပါတယ် ဆောင်းရာသီတော့ ဘယ်လိုနေမလဲမသိဘူး။ နွေရာသီမှာတောင် တော်တော်လေးကို ဒီမှာနေတဲ့ သူတို့တွေကိုယ်တိုင်က ချမ်းနေကြတယ် သူတို့လည်းပြောတယ်။ ပြီးခဲ့တဲ့နှစ်က ကျနော်တို့ ဒီကနေ ၃ နာရီလောက်သွားရတဲ့ မြို့လေးမှာ ၃၀ လောက်ရှိတာ အခုကတော့ ၈-၉ ပဲ ရှိတော့တယ်။ ကျနော်တို့က ဒီနေရာကို အယ်တာ ကနေ တဆင့်လာတာ တောင်ကြားက မြို့လေး၊ ဘာသာစကားတွေ တော်တော်ဆင်တယ် ။ အယ်တာကနေ ၃ နာရီခွဲလောက် ဒီနေရာကို လာရတာ ပြီးတော့ အဲဒီနေရာကို ပြန်သွားမှာဖြစ်တယ်။ ဒီနေရာပတ်ဝန်းကျင်က ဘာမှ မရှိဘူး ကျနော်တို့ လမ်းတလျောက်က ပင်လယ်နားကို ကပ်ပြီးတော့ ဆောက်ထားတဲ့ လမ်းကနေ လာတာပါ။ တော်လှတယ် ဓါတ်ပုံတွေတော့ မရိုက်ရသေးဘူး ဘာကြောင့်လဲဆိုတော့ ဒီနေရာကို ရောက်အောင် အရင်လာမယ်ဆိုပြီးတော့။ အားလုံးကလည်း ပြောနေတာက ရာသီဥတုက ကြောက်ဖို့ကောင်းတယ် မိနစ်ပိုင်းအတွင်း ရာသီဥတုက ပြောင်းလဲနေတော့လေ။”

ကမ္ဘာပေါ်က ထူးခြားတဲ့ နေရာတွေဆီ အရောက်မောင်းနှင်နိုင်ဖို့အတွက်လည်း ဖြတ်သန်းသွားတဲ့ နိုင်ငံတွေက ဒေသခံတွေ၊ အခြား ခရီးသွားတွေနဲ့ ပြောဆို အကြံဉာဏ်ယူခဲ့ကြကြောင်းလည်း စိုင်းဇွန်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့က ပြောပါတယ်။ ဒါအပြင် နော်ဝေနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနဲ့ တိုင်းရင်းသား မိသားစု အတော်များများကလည်း သူတို့ဆီ အရောက်လာဖို့ ဖိတ်ခေါ်ကြတဲ့ အကြောင်းလည်း စိုင်းဇွန်ဖက ပြောပါတယ်။

“ ဒီမှာလည်း ကျနော်တို့ မြန်မာတွေ တော်တော်များများလည်း ဖိတ်ခေါ်ကြတယ်ခင်ဗျ။ ကျနော်တို့ကလည်း လမ်းကြောင်းမှာ ရှိတယ်ဆိုရင်တော့ ကျနော်တို့လည်း ဝင်ပါတယ်။ လမ်းကြောင်းနဲ့ အရမ်းကြီး ဆန့်ကျင်ဘက် ဖြစ်နေတယ်ဆိုမှသာ ကျနော်တို့ မတွေ့ဖြစ်တာပါ။ တကယ်တမ်းဖြစ်နိုင်ရင်တော့ ကျနော်တို့ အားလုံးတွေ့ချင်ပါတယ်။ ဒီမှာရှိနေတဲ့လူတွေအားလုံးကိုလေ။”

အရင်က လျာထားတဲ့ ရုရှားကနေ ဖင်လန်၊ နော်ေ၀ ခရီးစဉ်အစား ရုရှားကနေ ပိုလန်ကို မောင်းပြီးမှ အဲဒီကနေ တဆင့် ဘောလ်တစ်ဒေသ သုံးနိုင်ငံဖြတ်ပြီး ဖင်လန်ဘက်ကို ပြန်ပြီး မောင်းနှင်ခဲ့ရတဲ့ အဖြစ်အပျက် ကိုလည်း စိုင်းဇွန်ဖက အခုလိုရှင်းပြပါတယ်။

“Finland ကို ကျနော်တို့ကst Petersburg ကနေ မကူးပဲနဲ့ ကျနော်တို့ ဒီဘက်ကနေ ကူးလိုက်တာ အဓိကတော့ နော်ဝေး၊ Finland နဲ့ ဆွီဒင်မှာ အချိန်နည်းနည်း ပိုလိုချင်လို့ ။ Russia မှာ ကျနော်တို့ ၂ ပတ်နီးပါး ကြာသွားတော့ အချိန်လေးလည်း နည်းလာတယ် ။ နည်းလာတော့ ကျနော်တို့ အက်စတိုးနီးယားကနေ တဆင့် st Petersburg ကနေ Finland ကို ပြန်ဝင်ရမယ့် ဟာလေးရှိတယ်။ အဲဒါကို st Petersburg ကနေ မဝင်ပဲနဲ့ အက်စတိုးနီးရားကနေ cruise ကို စီးဖြစ်သွားတာပါ။ cruise ကလည်း ၂ နာရီခွဲပဲ ကြာတယ် တကယ်ပြောရရင် ကျနော်တို့ အချိန် ၂ ရက်ခွဲလောက်ကို ပိုထွက်လာတာပေါ့နော်။”

အလားတူ ရုရှားနိုင်ငံကို ဖြတ်သန်းမောင်းနှင်မယ့် အစီအစဉ်မှာ ကာဇစ်စတန်နိုင်ငံကို ဖြတ်ဖို့ ရည်မှန်းထားခဲ့ပေမဲ့ ရုရှားအဝင်အထွက် လုပ်ရမယ့် ဗီဇာကန့်သတ်ချက် ကာလရှိနေတာ၊ ရုရှားမှာ အချိန် နှစ်ပတ်ကြာခဲ့တဲ့အတွက် ကာဇစ်စတန်နိုင်ငံကို မရောက်ခဲ့ကြောင်း၊ အပြန်ခရီးမှာတော့ ဝင်နိုင်အောင် လျာထားတယ်လို့ Motorulogue ခရီးသွားနှစ်ဦးက ဆိုပါတယ်။

ဒီကနေ့မှာတော့ ဆွီဒင်နိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပြီး သြဂုတ်လအကုန်ပိုင်းမှာ ဗြိတိန်နိုင်ငံ လန်ဒန်အထိရောက်ဖို့ ရည်မှန်းထားကြောင်း သူတို့နှစ်ဦးက အခုလိုပြောပါတယ်။

“လန်ဒန်ကို ကျနော်တို့ ဒီလကုန်လောက် ရောက်မယ်လို့ မျှော်မှန်းထားပါတယ်။ နောက်ပြီး ဒီကြားထဲမှာ ဘယ်ကိုရောက်မလဲဆိုတာကတော့ ဆိုင်ကယ် ဦးတည့်ရာ လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ရောက်တော့မှာပါ။ ကျနော်တို့ကိုလည်း အားပေးနေတဲ့လူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အားလုံးပို့သတဲ့ မေတ္တာကြောင့် အဆင်ပြေပါတယ်ခင်ဗျ။”

မေလ (၂၆)ရက်နေ့က မြန်မာနိုင်ငံကနေ စတင်ထွက်ခွာလာခဲ့ကြတဲ့ စိုင်းဇွန်ဖနဲ့ ကိုအောင်ကျော်ဝင်းတို့နှစ်ဦးဟာ မိုင်ပေါင်း သုံးသောင်းဝေးကွာတဲ့ ဗြိတိန်နိုင်ငံထိ မော်တော်ဆိုင်ကယ်စီနဲ့ မောင်းနှင်နေကြရာမှာ အချိန်နှစ်လတာအတွင်း နိုင်ငံပေါင်း ၁၃ နိုင်ငံ ကို ဖြတ်ကျော်ခဲ့ပြီပါပြီ။ BMW အမျိုးအစား မော်တော်ဆိုင်ကယ်နဲ့ မောင်းနှင်နေတဲ့ Motourlogue ခရီးစဉ်အတွက် MPRL E&P စွမ်းအင်ကုမ္ပဏီကနေ အဓိက ပံ့ပိုးပေးထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG