သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းကို မြန်မာ MoU လုပ်သား ၂ဝဝဝ စတင်ပို့လွှတ်မည်


COVID - 19 အရေးပေါ် ကာလမှာအလုပ်ရပ်နားခံရတဲ့ MOU အလုပ်သမားများ (ဓာတ်ပုံ - AAC)
COVID - 19 အရေးပေါ် ကာလမှာအလုပ်ရပ်နားခံရတဲ့ MOU အလုပ်သမားများ (ဓာတ်ပုံ - AAC)

မြန်မာလုပ်သား အများအပြားကို ခေါ်ယူဖို့ ထိုင်းအစိုးရက မကြာသေးခင်က ကမ်းလှမ်းပြီးတဲ့နောက် လုပ်သား ၂,၀၀၀ ဝန်းကျင်ကို သင်္ကြန်မတိုင်ခင် စေလွှတ်သွားမယ်လို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတချို့က ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်း ကိုရဲမွန် က ပြောပြမှာပါ။


ထိုင်းကို မြန်မာ MoU လုပ်သား ၂ဝဝဝ စတင်ပို့လွှတ်မည်

{{Zawgyi/Unicode}}
မြန်မာလုပ်သား အများအပြားကို ခေါ်ယူဖို့ ထိုင်းအစိုးရက မကြာသေးခင်က ကမ်းလှမ်းပြီးတဲ့နောက် လုပ်သား ၂,ဝဝဝ ဝန်းကျင်ကို သင်္ကြန်မတိုင်ခင် စေလွှတ်သွားမယ်လို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီတချို့က ဗွီအိုအေကို ပြောပါတယ်။ ဒါဟာ ကိုဗစ်ရောဂါကြောင့် မြန်မာနဲ့ ထိုင်းနိုင်ငံကြားမှာ MoU လုပ်သားစေလွှတ်တာကို ၂နှစ်လောက် ရပ်နားထားပြီးတဲ့နောက် ပထမဆုံးအကြိမ် တရားဝင် စေလွှတ်တာ ဖြစ်ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်း ကိုရဲမွန် က ပြောပြမှာပါ။

မြန်မာMoUလုပ်သား သောင်းနဲ့ချီပြီး ခေါ်ယူသွားမယ်လို့ ထိုင်းဘက်က မြန်မာအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေကို ကမ်းလှမ်းထားပေမဲ့ မြန်မာဘက်ကတော့ ကနဦးအနေနဲ့ လုပ်သား ၂,၀၀၀ လောက်ကိုပဲ စပြီးပို့ဖို့ ပြင်ဆင်နေတယ်လို့ လူထိပ်မိုး ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီက ကိုကျော်ဇင်က ဗွီအိုအေကို ပြောပါတယ်။ ကနဦးအနေနဲ့ မြန်မာအေဂျင်စီ ၁၀ခုကျော်က ပို့ခွင့်ရထားပြီလို့ သူကပြောပါတယ်။

“ ဒီမှာ ကုမ္ပဏီ ၁၂ခုလောက်တော့ demand ခွင့်ပြုပြီ၊ စာချုပ်ချုပ်ခွင့်ပေးပြီ။ ဧပြီ သင်္ကြန်မတိုင်ခင်ပေါ့နော် မတ်လထဲလည်း ဖြစ်ချင်ဖြစ်မယ်။ လုပ်သားဦးရေ ၂,၀၀၀ လောက်တော့ ( ပထမအသုတ်) သွားနိုင်မယ်ဗျ၊ ဒီ တလအတွင်းလောက်မှာဗျ။ ဆောက်လုပ်ရေးတွေများမယ်၊ နောက်ပြီး စက်ရုံတွေလည်းရှိမယ် ဒါတော့မျှတယ် အရင်လိုမဟုတ်ဘူး၊ ဘာလို့ဆို အခုကလုပ်သား တော်တော်ပြတ်လပ် နေတာကိုး။ ဟိုဘက်က တအားလိုနေပြီ။”

ထိုင်းဘက်က ပြည်ပလုပ်သားလိုအပ်ချက်က သိန်းနဲ့ချီပြီး ရှိတယ်လို့ မြန်မာအလုပ်သမားရေးဌာနရဲ့ အမြဲတမ်းအတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံ မဲဆောက်နဲ့ ရနောင်းက မြန်မာလုပ်သားတွေကိုထားမဲ့ ကွာရန်တင်းစင်တာမှာ တပတ်ကို လူအယောက် ၅၀၀ စီပဲ လက်ခံမှာဖြစ်လို့ ဒီနှုန်းအတိုင်းနဲ့ လွှတ်မယ်ဆိုရင် မြန်မာဘက်က တလကိုအများဆုံး လုပ်သား ၄,၀၀၀ လောက်ပဲ လွှတ်နိုင်လိမ့်မယ်လို့ သူကပြောပါတယ်။

“ ပြောချင်တာက မြန်မာ အေဂျင်စီတွေလက်ထဲကို (အလုပ်ခေါ်စာတွေ) ၄၀၀၀၀- ၅၀၀၀၀ လောက်ရောက်နေပြီ။ အဲဒီအပေါ်မှာ ကျနော်တို့က ဖြည်းဖြည်းချင်းစစ်ပြီးတော့ လွှတ်ဖို့လုပ်နေတယ်။ တပတ်မှာ ကျနော်တို့က ၁,၀၀၀ ပေါ့ဗျာ၊ လောလောဆယ် မတ်လအကုန်လောက်မှာ လွှတ်ရင်တော့ တလကို ၄၀၀၀ နဲ့ ၅၀၀၀ ကြား အဲလောက်ပဲသွားနိုင်မှာ ဖြစ်ပါတယ်၊ လောလောဆယ်အနေအထား ပြောတာပါ။ ထိုင်းဘက်က ဖြေလျှော့မှုတွေ၊ ကွာရန်တင်းဝင်ဖို့ရက်တွေ လျှော့လာတာရှိရင်တော့ တလကို သောင်းနဲ့ချီပြီးလွှတ်နိုင်မယ့် အနေအထားရှိမှာပေါ့။"

ထိုင်းဘက်က မြန်မာလုပ်သား အများအပြား လိုနေပေမဲ့လည်း ကမ်းလှမ်းလာတဲ့ တချို့စက်ရုံတွေက အသစ်ဖြစ်နေတာ၊ လုပ်သားခေါ်ယူဖို့ အချက်အလက်တွေ မပြည့်စုံတာ စတဲ့လိမ်ညာပြီး အလုပ်ခေါ်တယ်လို့ သံသယရှိတဲ့ လုပ်ငန်းရှင်တွေကို သေချာစစ်ဆေးနေရတယ်လို့ သူကပြောပါတယ်။

ထိုင်းဘက်က ကွာရန်တင်း အကန့်အသတ်တွေအပြင် မြန်မာဌာနဆိုင်ရာဘက်က လုပ်ထုံးလုပ်နည်း ကြန့်ကြာတာတွေကြောင့် လောလောဆယ်တော့ အလုပ်သမား အနည်းအကျဉ်းပဲ လွှတ်နိုင်ဦးမယ်လို့ အေဂျင်စီတချို့က ပြောပါတယ်။

“ ဟိုဘက်က demand ဘယ်လောက်ရှိရှိ ကျနော်တို့နိုင်ငံက နည်းနည်းကြန့်ကြာတယ်၊ ဒါကတော့ ခေတ်အဆက်ဆက် ဖြစ်လာတာလေ။ လုပ်ငန်းရှင်က တလအတွင်းလောက် လိုချင်တယ်ဆိုရင် ကျနော်တို့နိုင်ငံက တလအတွင်းလောက် မဖြစ်နိုင်ဘူး၊ အဲဒီ procedure တွေ ဖြေလျှော့ပေးရင်တော့ ကျနော်တို့ဆီက လူအများကြီး ယူမှာပေါ့နော်။ ကျနော်တို့မြန်မာက ခိုးဝင်တာပဲရှိတယ် တရားဝင်မပို့နိုင်ဘူး၊ သူများနိုင်ငံတွေက တရားဝင်သွားနေပြီ ကမ္ဘောဒီးယားဆို တရားဝင်သွားနေပြီ။ ဒီဘက်က အလုပ်သမား ဝန်ကြီးဌာနရဲ့ အားနည်းချက်တွေက အဲဒါတွေ ဖြေလျှော့မှရမယ်။”

ထိုင်းဘက်ကိုရောက်လာမယ့် မြန်မာလုပ်သားတွေကို ကိုဗစ်စစ်ဆေးတာ၊ ကွာရန်တင်းထားတာ၊ ကာကွယ်ဆေးထိုးတာ ဒီကုန်ကျစရိတ်တွေကို အလုပ်ရှင်နဲ့ အလုပ်သမား ဘယ်သူက ကျခံသင့်လဲဆိုတာ နှစ်နိုင်ငံအတော်ကြာအောင် ညှိနှိုင်းပြီးတဲ့နောက် ထိုင်းအလုပ်ရှင်က တာဝန်ပေးဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ ဒါပေမဲ့ ထိုင်းဗီဇာဝင်ခ၊ ထိုင်းအစိုးရရဲ့ လူမှုဖူလုံကြေး အာမခံခနဲ့ အထွေထွေ ရောဂါလေးမျိုး စစ်ဆေးခကိုတော့ မြန်မာအလုပ်သမားဘက်က ကုန်ကျခံရမှာပါ။

ထိုင်းမှာ ကိုဗစ်ရောဂါကြောင့် ပြည်ပလုပ်သား အများအပြားနေရပ်ပြန်ခဲ့ကြပြီး စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်သားလိုအပ်ချက် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ထိုင်းတနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်ပလုပ်သား ၉သောင်းလောက် လိုအပ်တယ်လို့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ထိုင်းအစိုးရက ကြေညာခဲ့တာပါ။ ထိုင်းအလုပ်ရှင်တွေက မြန်မာဘက်ကို ကမ်းလှမ်းထားတဲ့ အလုပ်ခေါ်စာတွေထဲမှာ ဆောက်လုပ်ရေး၊ ရေထွက်ကုန်နဲ့ စားသောက်ကုန်လုပ်ငန်းက အများဆုံးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

............................................



{{Zawgyi/Unicode}}










XS
SM
MD
LG