သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ဂ်ပန္နဲ႔ မေလးရွားေရာက္ ျမန္မာေရႊ႕ေျပာင္းလုပ္သားမ်ား အခက္အခဲ


မေလးရွား ထိန္းသိမ္းေရးစခန္းကေန ေနရပ္ျပန္ၾကတဲ့ ျမန္မာႏိုင္ငံသားမ်ား။ (ေဖေဖာ္ဝါရီ ၁၇၊ ၂၀၂၁။ ဓာတ္ပံု - ျမန္မာလူမႈကူညီေရးအသင္း - မေလးရွား)

(Zawgyi / Unicode)

ကမၻာ့ကပ္ေရာဂါ COVID-19 ျဖစ္ပြားေနခ်ိန္ ျဖစ္တဲ့အျပင္ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြေၾကာင့္ ျပည္ပထြက္ခြာလိုသူ အလုပ္သမားေတြနဲ႔ ျပည္ပေရာက္ အလုပ္သမားေတြမွာ တရားဝင္ အလုပ္လုပ္ကိုင္ခြင့္ အပါအဝင္ ေနထိုင္ခြင့္ဗီဇာ ပတ္စ္ပို႔သက္တမ္းတိုး ကိစၥေတြမွာ စိန္ေခၚမႈ အခက္အခဲမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ ျမန္မာေရႊ႕ေျပာင္းအလုပ္သမားေတြ အမ်ားဆုံး ျပည္ပထြက္ခြာ အလုပ္လုပ္ကိုင္ေနတဲ့ ႏိုင္ငံေတြထဲက ဂ်ပန္နဲ႔ မေလးရွားႏိုင္ငံက အလုပ္သမားေတြ လက္ရွိရင္ဆိုင္ေနရတဲ့ အလုပ္လုပ္ကိုင္ႏိုင္ခြင့္ အေတြ႔အႀကဳံေတြကို ဆက္သြယ္ေမးျမန္းၿပီး မဆုမြန္ တင္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ အလုပ္အကိုင္ ရွားပါးတာေၾကာင့္ေရာ ျပည္ပထြက္ခြာၿပီး ဝင္ေငြရွာလိုတဲ့ ျမန္မာႏိုင္ငံေနရာ အႏွံ႔အျပားက အလုပ္လုပ္ကိုင္သူ ေတာ္ေတာ္မ်ားမ်ားဟာ အိမ္နီးခ်င္း ထိုင္းႏိုင္ငံ၊ မေလးရွားႏိုင္ငံ၊ စင္ကာပူႏိုင္ငံ၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယား၊ ေနာက္ ဒူဘိုင္း အပါအဝင္ ျပည္ပႏိုင္ငံေတြဆီကို အလုပ္လုပ္ကိုင္ႏိုင္ဖို႔ ထြက္ခြာလုပ္ကိုင္ၾကေလ့ ရွိပါတယ္။ ဒီႏွစ္ပိုင္းေတြအတြင္း ကမၻာ့ကပ္ေရာဂါ ကိုဗစ္ကပ္ေရာဂါကာလ ျဖစ္ေနတာေၾကာင့္ေရာ ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလကစ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္ပထြက္ခြာ အလုပ္လုပ္လိုသူ ေနာက္ ျပည္ပမွာ အလုပ္လုပ္ေနသူေတြၾကား အခက္အခဲ စိန္ေခၚမႈမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။

ျမန္မာႏိုင္ငံသားေတြ သြားေရာက္အလုပ္လုပ္ဖို႔ စိတ္ပါဝင္စားမႈမ်ားတဲ့ ဂ်ပန္ႏိုင္ငံမွာ ကိုဗစ္ေၾကာင့္ေရာ စစ္အာဏာသိမ္းမႈေၾကာင့္ပါ အလုပ္သမားေတြၾကား လက္ရွိ ေတြ႔ႀကဳံေနၾကရတဲ့ အေျခအေနကို ဂ်ပန္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားတဦးျဖစ္တဲ့ ျပည္ေထာင္စုျမန္မာႏိုင္ငံသားမ်ားအသင္း (ဂ်ပန္) ရဲ႕ ဥကၠ႒ ဦးသန္းေဆြက ဗြီအိုေအျမန္မာပိုင္းကို ရွင္းျပပါတယ္။

“အာဏာသိမ္းတဲ့ကိစၥ မတိုင္ခင္ကတည္းက ဂ်ပန္မွာ ဒီ ကို႐ိုနာကိစၥျဖစ္ေတာ့ ဂ်ပန္နဲ႔ ျမန္မာႏိုင္ငံၾကားထဲမွာ Flights ေတြ အကုန္ရပ္သြားတယ္။ အေရးေပၚသုံးတဲ့ Relief Flights ေလာက္ပဲ ရွိတဲ့အခါက်ေတာ့ ဂ်ပန္ကလည္း ႏိုင္ငံျခားအဝင္ အကုန္လုံးကို ပိတ္ထားတာကိုး။ ဒါေၾကာင့္ ဂ်ပန္မွာ ရွိေနၿပီးသား ဂ်ပန္မွာ ေရာက္ေနၿပီးသား ျမန္မာေတြကပဲ အလုပ္လုပ္လို႔ရၿပီးေတာ့ ဂ်ပန္မွာ ဗီဇာက်ၿပီးသားသူေတြေတာင္ ဝင္ခြင့္မရွိတဲ့ အခါက်ေတာ့ အာဏာသိမ္းၿပီးေနာက္ပိုင္း ဂ်ပန္ကို ေရာက္လာတဲ့သူဆိုတာ သိပ္မရွိသေလာက္ ျဖစ္သြားတယ္။”

မဆုမြန္ - ဟုတ္ကဲ့၊ အဲ့ေတာ့ ဝင္လာဖို႔က ဂ်ပန္အစိုးရရဲ႕ ေပၚလစီအရေရာ ျမန္မာဘက္ကလည္း တရားဝင္ထြက္လာဖို႔ အတြက္လည္း အဆင္မေျပေတာ့ ဒီမွာ ေရာက္ေနၿပီးသား ျမန္မာေတြေပါ့ေနာ္ အထူးသျဖင့္ တရားဝင္ပတ္စ္ပို႔ေတြနဲ႔ ေနၿပီးေတာ့ အလုပ္လုပ္ေနရတဲ့သူေတြ အတြက္ေရာ ဘယ္လိုမ်ိဳး အခက္အခဲေတြရွိတာ ၾကားမိလဲရွင္။

ဦးသန္းေဆြ - “အခုအေနအထားကေတာ့ ဂ်ပန္ႏိုင္ငံကို ေရာက္ၿပီးေတာ့ေပါ့ေလ၊ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျပန္ႏိုင္တဲ့ ျပန္ခ်င္တဲ့ အေနအထားေတြကလည္း ရပ္သြားၾကတယ္။ ၉၀၊ ၉၅ ရာခုိင္ႏႈန္းေလာက္က စစ္အုပ္စုရွိတဲ့ ေနရာကိုေတာ့ မျပန္ေတာ့ဘူးဆိုတာ ျဖစ္လာတယ္။ ဂ်ပန္အစိုးရဘက္ကလည္း ျမန္မာႏိုင္ငံမွာ အာဏာသိမ္းလိုက္တဲ့ အတြက္ေၾကာင့္မို႔လို႔ ဗီဇာသက္တမ္းေစ့တဲ့သူေတြ ဗီဇာသက္တမ္း ျပည့္သြားတဲ့သူေတြ တကယ္လို႔မ်ား မျပန္ခ်င္ဘူးဆိုရင္ ဒီႏိုင္ငံမွာ ဆက္ၿပီးေတာ့ ေနလို႔ရေအာင္ ယာယီေနထိုင္ခြင့္ ၆ လ၊ ၆ လ ထုတ္ေပးပါတယ္။ တပတ္မွာ ၂၈ နာရီပဲ လုပ္လို႔ရတဲ့ ၆ လနဲ႔ တပတ္မွာ နာရီ ၄၀ အထက္ လုပ္လို႔ရတဲ့ ၆ လဆိုၿပီး ဂ်ပန္လဝကက ၆ လ သက္တမ္းေတြ ထုတ္ေပးပါတယ္။ ၆ လ ျပည့္တဲ့အခ်ိန္ ျမန္မာႏိုင္ငံမွာ မေျပာင္းလဲေသးဘူးဆိုရင္ ေနာက္ထပ္ ၆ လ သက္တမ္းတိုး အဲ့လို ပုံစံမ်ိဳးေတြနဲ႔ သြားေနၾကရတယ္။ ေလာေလာဆယ္မွာေတာ့ ဂ်ပန္မွာရွိတဲ့ ျမန္မာေတြက တရားဝင္ အလုပ္လုပ္ခြင့္ေလးေတာ့ ရေတာ့ ရေနၾကတယ္။ အခု ကို႐ိုနာကလည္း က်လာၿပီဆိုေတာ့ သူတို႔ ဗီဇာေတြကို ျပန္ဖြင့္ေပးေတာ့မယ္ေပါ့၊ ႏိုင္ငံျခားသားေတြကို၊ ဒီမွာ အလုပ္သမားလိုအပ္ခ်က္ေတြ အရမ္းႀကီးေနတဲ့ အတြက္ေၾကာင့္မို႔ ေနာက္လေလာက္မွာ ျပန္ဖြင့္ေပးေတာ့မယ္ဆိုတဲ့ သတင္းေတြ သူတို႔ ေၾကညာေနပါတယ္။”

ႏိုင္ငံတဝန္းက ျမန္မာႏိုင္ငံသားေတြ အမ်ားစု သြားေရာက္အလုပ္လုပ္ကိုင္ေနတဲ့ မေလးရွားႏိုင္ငံဘက္မွာလည္း ျမန္မာႏိုင္ငံသား ေရႊ႕ေျပာင္းအလုပ္သမားေတြၾကား လက္ရွိႀကဳံေနရတဲ့ အေျခအေနေတြကို မေလးရွားေရာက္ ျမန္မာအလုပ္သမားေတြအေရး၊ အဖမ္းခံရတဲ့ အက်ဥ္းစခန္းေတြမွာေရာ ျမန္မာေတြ ေနရပ္ျပန္ခြင့္ရဖို႔အေရး စတာေတြပါ လိုက္ပါကူညီ ေဆာင္ရြက္ေပးေနတဲ့ ကိုသီဟေမာင္ေမာင္က အခုလိုေျပာျပပါတယ္။

“ကုိဗစ္ စျဖစ္ကတည္းကေပါ့ေနာ္၊ ၂၀၂၀ မတ္လ ၁၈ ရက္ေန႔ေပါ့ေနာ္၊ Lock Down စခ်ကတည္းက အလုပ္သမား ေခၚယူတာေတြ မရွိေတာ့ဘူးေပါ့။ မေလးရွားအစိုးရကလည္း အလုပ္သမား ေခၚယူဖို႔အတြက္ေတြ အခက္အခဲ ရွိတဲ့အတြက္ မေလးရွားထဲမွာပဲ Overstay ျဖစ္ေနတဲ့သူေတြ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ေပါ့ေနာ္၊ တရားမဝင္ ေနထိုင္သူေတြအတြက္ Work Permit ေပးဖို႔အတြက္ကို ၿပီးခဲ့တဲ့ႏွစ္ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာ ၃၁ ရက္အထိ လာၿပီး Register လုပ္ပါဆိုၿပီး ခြင့္ျပဳထားတယ္။ အဲ့ဒီ Register လုပ္ထားတဲ့သူေတြက အခု Immigration မွာ လက္ေဗြႏွိပ္တာတို႔ Permit တင္ဖို႔ Process ေတြ စလုပ္ေနၾကပါၿပီ။ ျမန္မာျပည္ကေန တရားဝင္လာၿပီး အလုပ္ရွင္ေတြနဲ႔ သက္တမ္းတိုးေနတဲ့သူေတြ အတြက္ေတာ့ အဆင္ေျပတယ္ခင္ဗ်။”

မဆုမြန္ - ဟုတ္ကဲ့ ကိုသီဟ၊ အဲ့ဒီေတာ့ မေလးရွားအစိုးရဘက္က စီစဥ္ေပးေနခ်ိန္ မေလးရွားမွာ ေရာက္ေနတဲ့ ျမန္မာအလုပ္သမားေတြ သူတို႔ လက္ရွိရင္ဆိုင္ေနရတဲ့ အခက္အခဲေတြ ရွိတယ္ဆိုရင္ ဘာေတြမ်ား ျဖစ္မလဲရွင့္။

ကိုသီဟေမာင္ေမာင္ - “လက္ရွိျဖစ္ေနတဲ့ အခက္အခဲက်ေတာ့ တခ်ိဳ႕က်ေတာ့လည္း သူ႔ရဲ႕အလုပ္ရွင္ရဲ႕ လုပ္ငန္းက ခိုင္မာမႈမရွိတဲ့ အခါက်ေတာ့ အလုပ္ရွင္ရဲ႕ ေထာက္ခံခ်က္ေတြ စာရြက္စာတမ္းေတြ မျပည့္စုံတဲ့ အခါက်ေတာ့ မတင္ရတဲ့သူေတြရွိတယ္။ တခ်ိဳ႕က်ေတာ့လည္း အငွားကုမၸဏီေတြနဲ႔ လုပ္ေနတာေတြ ရွိတယ္။ ျမန္မာႏိုင္ငံကို ျပန္စိစစ္တဲ့ဟာေတြလည္း ရွိေတာ့ သူတို႔ တကယ့္တကယ္ Permit တင္ဖို႔ Immigration တင္ဖို႔ သြားတဲ့အခါ လက္ထဲမွာ ပတ္စ္ပို႔စာအုပ္ မရွိတဲ့အတြက္ တခ်ိဳ႕ မတင္လိုက္ရတဲ့သူေတြလည္း ရွိတယ္ေပါ့ေနာ္။ အခက္အခဲေတြကေတာ့ အဲ့ဒါေတြေပါ့။”

မဆုမြန္ - အဲ့ေတာ့ မေလးရွားမွာ ကိုယ့္ရဲ႕ဗီဇာ ကိုယ့္ရဲ႕ပတ္စ္ပို႔က Expired ျဖစ္သြားၿပီေပါ့ေနာ္၊ ေနဖို႔လည္း အဆင္မေျပေတာ့ဘူးဆိုရင္ ျမန္မာႏိုင္ငံဆိုင္ရာ သံ႐ုံးဘက္က သူတို႔ ဘာေတြ လုပ္ေပးႏိုင္တာမ်ိဳးေတြရွိလဲ။

ကိုသီဟေမာင္ေမာင္ - “ဟုတ္ကဲ့ ပတ္စ္ပို႔သက္တမ္း ေသသြားတဲ့သူေတြ အတြက္ေတာ့ သံ႐ုံးဘက္က သက္တမ္းတိုးေပးေနတာေတြ ရွိတယ္။ တကယ္လို႔ အဲ့ဒီသူက ျမန္မာႏိုင္ငံကို အၿပီးျပန္မယ္၊ လက္ထဲမွာ ပတ္စ္ပို႔စာအုပ္က သက္တမ္းမရွိေတာ့ဘူးဆိုရင္ A Certificate of Identity (COI) လို႔ေခၚတဲ့ CI ေလွ်ာက္ၿပီး ျပန္လို႔ရတဲ့ နည္းလမ္းေတြလည္း ရွိတယ္ေပါ့။ တခ်ိဳ႕ကလည္း လက္ထဲမွာ ပတ္စ္ပို႔ကို မရွိေတာ့တဲ့သူေတြ အတြက္လည္း မွတ္ပံုတင္၊ အိမ္ေထာင္စုစာရင္းနဲ႔ CI လာေလွ်ာက္လို႔ရတယ္။ အခုက မေလးရွားအစိုးရက ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာအထိ ဖြင့္ေပးထားတယ္ဆိုေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဒီ ကိုဗစ္ကာလမွာ အခက္အခဲ ရွိတဲ့အတြက္ ၂၀၂၂ ခုႏွစ္ ဇြန္အထိကို ဖြင့္ေပးထားတဲ့အတြက္ ျပန္ခ်င္တဲ့သူေတြက CI ေလွ်ာက္ၿပီး ျပန္လို႔ရပါေသးတယ္ခင္ဗ်။ ဒဏ္ေၾကးအားျဖင့္ေတာ့ မေလးရွားရင္းဂစ္ ဒဏ္ေၾကး ၅၀၀ ေဆာင္ရပါမယ္။ အဲ့ဒီမျပန္ခင္မွာ ကုိဗစ္ကင္းရွင္းေၾကာင္း စစ္ရေသးတယ္ဆိုေတာ့ အဲ့ဒါကလည္း ရင္းဂစ္ ၂၀၀ ဝန္းက်င္ဆိုေတာ့ သြားစရိတ္ လာစရိတ္ မပါေပါ့ေနာ္၊ သူတို႔ကုန္က်စရိတ္က ၁,၅၀၀ ဝန္းက်င္ေလာက္ရွိတယ္။”

ဒီလိုအေျခအေနေတြ ရွိေနေပမယ့္လို႔ မလးရွားႏိုင္ငံဘက္ျခမ္းကို တရားမဝင္ လမ္းေၾကာင္းေတြကေန နယ္စပ္ျဖတ္ေက်ာ္ၿပီး လာေရာက္ အလုပ္လုပ္ကိုင္ေနၾကတဲ့ ျမန္မာႏိုင္ငံသားေတြလည္း ရွိေနပါတယ္။ ကပ္ေရာဂါ ကိုဗစ္စည္းကမ္းေၾကာင့္ေရာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ လုံၿခံဳေရး တင္းက်ပ္ စစ္ေဆးမႈေတြေၾကာင့္ပါ တရားဝင္လမ္းေၾကာင္းေတြနဲ႔ ျပည္ပထြက္ခြာ အလုပ္လုပ္လိုသူေတြအတြက္ အခက္ေတြ႔ေနခ်ိန္မွာပဲ ျမန္မာႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ ထိုင္းႏိုင္ငံဘက္ျခမ္းကို တရားမဝင္ထြက္ခြာၿပီး အလုပ္လာလုပ္လိုၾကတဲ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ေန႔စဥ္လို ရာနဲ႔ခ်ီ ဝင္ေရာက္ေနၾကတာပါ။

ထိုင္းအစိုးရဘက္ကလည္း ကိုဗစ္ကူးစက္မႈ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရး အပါအဝင္ လူဝင္မႈႀကီးၾကပ္ေရး စည္းကမ္းတင္းက်ပ္မႈေၾကာင့္ပါ ေန႔စဥ္လို တရားမဝင္ ဝင္ေရာက္လာတဲ့ ျမန္မာႏိုင္ငံသားေတြကို ဖမ္းဆီးၿပီး ျမန္မာႏိုင္ငံဘက္ျခမ္းကို ျပန္ပို႔ေနတာ လပိုင္းအတြင္းမွာကို ေသာင္းနဲ႔ခ်ီရွိေနၿပီ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အလုပ္အကိုင္ စီးပြားေရးလုပ္ငန္းေတြ အဆင္မေျပ ခက္ခဲလာတာေၾကာင့္ေရာ ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာ စီးပြားေရး လုပ္ငန္းႀကီးေတြနဲ႔ ကုမၸဏီတခ်ိဳ႕ ပိတ္သိမ္းကုန္တဲ့အတြက္ ႏိုင္ငံတြင္းမွာ အလုပ္အကိုင္ရွားပါးၿပီး စားဝတ္ေနေရး ခက္ခဲလာၾကတဲ့အတြက္ ျမန္မာႏိုင္ငံသား တခ်ိဳ႕ဟာ ရတဲ့နည္းလမ္းေပါင္းစုံနဲ႔ ျပည္ပထြက္ခြာ အလုပ္လုပ္ကိ္ုင္ခြင့္ ရႏိုင္ေရး ႀကိဳးပမ္းေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------------

(Unicode)

ဂျပန်နဲ့ မလေးရှားရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်အခဲ

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားနေချိန် ဖြစ်တဲ့အပြင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ပြည်ပထွက်ခွာလိုသူ အလုပ်သမားတွေနဲ့ ပြည်ပရောက် အလုပ်သမားတွေမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် အပါအဝင် နေထိုင်ခွင့်ဗီဇာ ပတ်စ်ပို့သက်တမ်းတိုး ကိစ္စတွေမှာ စိန်ခေါ်မှု အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံး ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံတွေထဲက ဂျပန်နဲ့ မလေးရှားနိုင်ငံက အလုပ်သမားတွေ လက်ရှိရင်ဆိုင်နေရတဲ့ အလုပ်လုပ်ကိုင်နိုင်ခွင့် အတွေ့အကြုံတွေကို ဆက်သွယ်မေးမြန်းပြီး မဆုမွန် တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးတာကြောင့်ရော ပြည်ပထွက်ခွာပြီး ဝင်ငွေရှာလိုတဲ့ မြန်မာနိုင်ငံနေရာ အနှံ့အပြားက အလုပ်လုပ်ကိုင်သူ တော်တော်များများဟာ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဂျပန်နဲ့ တောင်ကိုရီးယား၊ နောက် ဒူဘိုင်း အပါအဝင် ပြည်ပနိုင်ငံတွေဆီကို အလုပ်လုပ်ကိုင်နိုင်ဖို့ ထွက်ခွာလုပ်ကိုင်ကြလေ့ ရှိပါတယ်။ ဒီနှစ်ပိုင်းတွေအတွင်း ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ကပ်ရောဂါကာလ ဖြစ်နေတာကြောင့်ရော မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်ပထွက်ခွာ အလုပ်လုပ်လိုသူ နောက် ပြည်ပမှာ အလုပ်လုပ်နေသူတွေကြား အခက်အခဲ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။

မြန်မာနိုင်ငံသားတွေ သွားရောက်အလုပ်လုပ်ဖို့ စိတ်ပါဝင်စားမှုများတဲ့ ဂျပန်နိုင်ငံမှာ ကိုဗစ်ကြောင့်ရော စစ်အာဏာသိမ်းမှုကြောင့်ပါ အလုပ်သမားတွေကြား လက်ရှိ တွေ့ကြုံနေကြရတဲ့ အခြေအနေကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတဦးဖြစ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း (ဂျပန်) ရဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေက ဗွီအိုအေမြန်မာပိုင်းကို ရှင်းပြပါတယ်။

“အာဏာသိမ်းတဲ့ကိစ္စ မတိုင်ခင်ကတည်းက ဂျပန်မှာ ဒီ ကိုရိုနာကိစ္စဖြစ်တော့ ဂျပန်နဲ့ မြန်မာနိုင်ငံကြားထဲမှာ Flights တွေ အကုန်ရပ်သွားတယ်။ အရေးပေါ်သုံးတဲ့ Relief Flights လောက်ပဲ ရှိတဲ့အခါကျတော့ ဂျပန်ကလည်း နိုင်ငံခြားအဝင် အကုန်လုံးကို ပိတ်ထားတာကိုး။ ဒါကြောင့် ဂျပန်မှာ ရှိနေပြီးသား ဂျပန်မှာ ရောက်နေပြီးသား မြန်မာတွေကပဲ အလုပ်လုပ်လို့ရပြီးတော့ ဂျပန်မှာ ဗီဇာကျပြီးသားသူတွေတောင် ဝင်ခွင့်မရှိတဲ့ အခါကျတော့ အာဏာသိမ်းပြီးနောက်ပိုင်း ဂျပန်ကို ရောက်လာတဲ့သူဆိုတာ သိပ်မရှိသလောက် ဖြစ်သွားတယ်။”

မဆုမွန် - ဟုတ်ကဲ့၊ အဲ့တော့ ဝင်လာဖို့က ဂျပန်အစိုးရရဲ့ ပေါ်လစီအရရော မြန်မာဘက်ကလည်း တရားဝင်ထွက်လာဖို့ အတွက်လည်း အဆင်မပြေတော့ ဒီမှာ ရောက်နေပြီးသား မြန်မာတွေပေါ့နော် အထူးသဖြင့် တရားဝင်ပတ်စ်ပို့တွေနဲ့ နေပြီးတော့ အလုပ်လုပ်နေရတဲ့သူတွေ အတွက်ရော ဘယ်လိုမျိုး အခက်အခဲတွေရှိတာ ကြားမိလဲရှင်။

ဦးသန်းဆွေ - “အခုအနေအထားကတော့ ဂျပန်နိုင်ငံကို ရောက်ပြီးတော့ပေါ့လေ၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြန်နိုင်တဲ့ ပြန်ချင်တဲ့ အနေအထားတွေကလည်း ရပ်သွားကြတယ်။ ၉၀၊ ၉၅ ရာခိုင်နှုန်းလောက်က စစ်အုပ်စုရှိတဲ့ နေရာကိုတော့ မပြန်တော့ဘူးဆိုတာ ဖြစ်လာတယ်။ ဂျပန်အစိုးရဘက်ကလည်း မြန်မာနိုင်ငံမှာ အာဏာသိမ်းလိုက်တဲ့ အတွက်ကြောင့်မို့လို့ ဗီဇာသက်တမ်းစေ့တဲ့သူတွေ ဗီဇာသက်တမ်း ပြည့်သွားတဲ့သူတွေ တကယ်လို့များ မပြန်ချင်ဘူးဆိုရင် ဒီနိုင်ငံမှာ ဆက်ပြီးတော့ နေလို့ရအောင် ယာယီနေထိုင်ခွင့် ၆ လ၊ ၆ လ ထုတ်ပေးပါတယ်။ တပတ်မှာ ၂၈ နာရီပဲ လုပ်လို့ရတဲ့ ၆ လနဲ့ တပတ်မှာ နာရီ ၄၀ အထက် လုပ်လို့ရတဲ့ ၆ လဆိုပြီး ဂျပန်လဝကက ၆ လ သက်တမ်းတွေ ထုတ်ပေးပါတယ်။ ၆ လ ပြည့်တဲ့အချိန် မြန်မာနိုင်ငံမှာ မပြောင်းလဲသေးဘူးဆိုရင် နောက်ထပ် ၆ လ သက်တမ်းတိုး အဲ့လို ပုံစံမျိုးတွေနဲ့ သွားနေကြရတယ်။ လောလောဆယ်မှာတော့ ဂျပန်မှာရှိတဲ့ မြန်မာတွေက တရားဝင် အလုပ်လုပ်ခွင့်လေးတော့ ရတော့ ရနေကြတယ်။ အခု ကိုရိုနာကလည်း ကျလာပြီဆိုတော့ သူတို့ ဗီဇာတွေကို ပြန်ဖွင့်ပေးတော့မယ်ပေါ့၊ နိုင်ငံခြားသားတွေကို၊ ဒီမှာ အလုပ်သမားလိုအပ်ချက်တွေ အရမ်းကြီးနေတဲ့ အတွက်ကြောင့်မို့ နောက်လလောက်မှာ ပြန်ဖွင့်ပေးတော့မယ်ဆိုတဲ့ သတင်းတွေ သူတို့ ကြေညာနေပါတယ်။”

နိုင်ငံတဝန်းက မြန်မာနိုင်ငံသားတွေ အများစု သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မလေးရှားနိုင်ငံဘက်မှာလည်း မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကြား လက်ရှိကြုံနေရတဲ့ အခြေအနေတွေကို မလေးရှားရောက် မြန်မာအလုပ်သမားတွေအရေး၊ အဖမ်းခံရတဲ့ အကျဉ်းစခန်းတွေမှာရော မြန်မာတွေ နေရပ်ပြန်ခွင့်ရဖို့အရေး စတာတွေပါ လိုက်ပါကူညီ ဆောင်ရွက်ပေးနေတဲ့ ကိုသီဟမောင်မောင်က အခုလိုပြောပြပါတယ်။

“ကိုဗစ် စဖြစ်ကတည်းကပေါ့နော်၊ ၂၀၂၀ မတ်လ ၁၈ ရက်နေ့ပေါ့နော်၊ Lock Down စချကတည်းက အလုပ်သမား ခေါ်ယူတာတွေ မရှိတော့ဘူးပေါ့။ မလေးရှားအစိုးရကလည်း အလုပ်သမား ခေါ်ယူဖို့အတွက်တွေ အခက်အခဲ ရှိတဲ့အတွက် မလေးရှားထဲမှာပဲ Overstay ဖြစ်နေတဲ့သူတွေ အကြောင်းအမျိုးမျိုးကြောင့်ပေါ့နော်၊ တရားမဝင် နေထိုင်သူတွေအတွက် Work Permit ပေးဖို့အတွက်ကို ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ လာပြီး Register လုပ်ပါဆိုပြီး ခွင့်ပြုထားတယ်။ အဲ့ဒီ Register လုပ်ထားတဲ့သူတွေက အခု Immigration မှာ လက်ဗွေနှိပ်တာတို့ Permit တင်ဖို့ Process တွေ စလုပ်နေကြပါပြီ။ မြန်မာပြည်ကနေ တရားဝင်လာပြီး အလုပ်ရှင်တွေနဲ့ သက်တမ်းတိုးနေတဲ့သူတွေ အတွက်တော့ အဆင်ပြေတယ်ခင်ဗျ။”

မဆုမွန် - ဟုတ်ကဲ့ ကိုသီဟ၊ အဲ့ဒီတော့ မလေးရှားအစိုးရဘက်က စီစဉ်ပေးနေချိန် မလေးရှားမှာ ရောက်နေတဲ့ မြန်မာအလုပ်သမားတွေ သူတို့ လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ရှိတယ်ဆိုရင် ဘာတွေများ ဖြစ်မလဲရှင့်။

ကိုသီဟမောင်မောင် - “လက်ရှိဖြစ်နေတဲ့ အခက်အခဲကျတော့ တချို့ကျတော့လည်း သူ့ရဲ့အလုပ်ရှင်ရဲ့ လုပ်ငန်းက ခိုင်မာမှုမရှိတဲ့ အခါကျတော့ အလုပ်ရှင်ရဲ့ ထောက်ခံချက်တွေ စာရွက်စာတမ်းတွေ မပြည့်စုံတဲ့ အခါကျတော့ မတင်ရတဲ့သူတွေရှိတယ်။ တချို့ကျတော့လည်း အငှားကုမ္ပဏီတွေနဲ့ လုပ်နေတာတွေ ရှိတယ်။ မြန်မာနိုင်ငံကို ပြန်စိစစ်တဲ့ဟာတွေလည်း ရှိတော့ သူတို့ တကယ့်တကယ် Permit တင်ဖို့ Immigration တင်ဖို့ သွားတဲ့အခါ လက်ထဲမှာ ပတ်စ်ပို့စာအုပ် မရှိတဲ့အတွက် တချို့ မတင်လိုက်ရတဲ့သူတွေလည်း ရှိတယ်ပေါ့နော်။ အခက်အခဲတွေကတော့ အဲ့ဒါတွေပေါ့။”

မဆုမွန် - အဲ့တော့ မလေးရှားမှာ ကိုယ့်ရဲ့ဗီဇာ ကိုယ့်ရဲ့ပတ်စ်ပို့က Expired ဖြစ်သွားပြီပေါ့နော်၊ နေဖို့လည်း အဆင်မပြေတော့ဘူးဆိုရင် မြန်မာနိုင်ငံဆိုင်ရာ သံရုံးဘက်က သူတို့ ဘာတွေ လုပ်ပေးနိုင်တာမျိုးတွေရှိလဲ။

ကိုသီဟမောင်မောင် - “ဟုတ်ကဲ့ ပတ်စ်ပို့သက်တမ်း သေသွားတဲ့သူတွေ အတွက်တော့ သံရုံးဘက်က သက်တမ်းတိုးပေးနေတာတွေ ရှိတယ်။ တကယ်လို့ အဲ့ဒီသူက မြန်မာနိုင်ငံကို အပြီးပြန်မယ်၊ လက်ထဲမှာ ပတ်စ်ပို့စာအုပ်က သက်တမ်းမရှိတော့ဘူးဆိုရင် A Certificate of Identity (COI) လို့ခေါ်တဲ့ CI လျှောက်ပြီး ပြန်လို့ရတဲ့ နည်းလမ်းတွေလည်း ရှိတယ်ပေါ့။ တချို့ကလည်း လက်ထဲမှာ ပတ်စ်ပို့ကို မရှိတော့တဲ့သူတွေ အတွက်လည်း မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းနဲ့ CI လာလျှောက်လို့ရတယ်။ အခုက မလေးရှားအစိုးရက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာအထိ ဖွင့်ပေးထားတယ်ဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဒီ ကိုဗစ်ကာလမှာ အခက်အခဲ ရှိတဲ့အတွက် ၂၀၂၂ ခုနှစ် ဇွန်အထိကို ဖွင့်ပေးထားတဲ့အတွက် ပြန်ချင်တဲ့သူတွေက CI လျှောက်ပြီး ပြန်လို့ရပါသေးတယ်ခင်ဗျ။ ဒဏ်ကြေးအားဖြင့်တော့ မလေးရှားရင်းဂစ် ဒဏ်ကြေး ၅၀၀ ဆောင်ရပါမယ်။ အဲ့ဒီမပြန်ခင်မှာ ကိုဗစ်ကင်းရှင်းကြောင်း စစ်ရသေးတယ်ဆိုတော့ အဲ့ဒါကလည်း ရင်းဂစ် ၂၀၀ ဝန်းကျင်ဆိုတော့ သွားစရိတ် လာစရိတ် မပါပေါ့နော်၊ သူတို့ကုန်ကျစရိတ်က ၁,၅၀၀ ဝန်းကျင်လောက်ရှိတယ်။”

ဒီလိုအခြေအနေတွေ ရှိနေပေမယ့်လို့ မလးရှားနိုင်ငံဘက်ခြမ်းကို တရားမဝင် လမ်းကြောင်းတွေကနေ နယ်စပ်ဖြတ်ကျော်ပြီး လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း ရှိနေပါတယ်။ ကပ်ရောဂါ ကိုဗစ်စည်းကမ်းကြောင့်ရော စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လုံခြုံရေး တင်းကျပ် စစ်ဆေးမှုတွေကြောင့်ပါ တရားဝင်လမ်းကြောင်းတွေနဲ့ ပြည်ပထွက်ခွာ အလုပ်လုပ်လိုသူတွေအတွက် အခက်တွေ့နေချိန်မှာပဲ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ထိုင်းနိုင်ငံဘက်ခြမ်းကို တရားမဝင်ထွက်ခွာပြီး အလုပ်လာလုပ်လိုကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား နေ့စဉ်လို ရာနဲ့ချီ ဝင်ရောက်နေကြတာပါ။

ထိုင်းအစိုးရဘက်ကလည်း ကိုဗစ်ကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေး အပါအဝင် လူဝင်မှုကြီးကြပ်ရေး စည်းကမ်းတင်းကျပ်မှုကြောင့်ပါ နေ့စဉ်လို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ပြန်ပို့နေတာ လပိုင်းအတွင်းမှာကို သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် စီးပွားရေးလုပ်ငန်းတွေ အဆင်မပြေ ခက်ခဲလာတာကြောင့်ရော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ ကုမ္ပဏီတချို့ ပိတ်သိမ်းကုန်တဲ့အတွက် နိုင်ငံတွင်းမှာ အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေး ခက်ခဲလာကြတဲ့အတွက် မြန်မာနိုင်ငံသား တချို့ဟာ ရတဲ့နည်းလမ်းပေါင်းစုံနဲ့ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်ခွင့် ရနိုင်ရေး ကြိုးပမ်းနေကြပါတယ်။

XS
SM
MD
LG