သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မျောက်ကျောက်ရောဂါ သံသယလူနာ ထားဝယ်မှာတွေ့ရှိ 


ထားဝယ်မြို့
ထားဝယ်မြို့

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ မျောက်ကျောက်ရောဂါ သံသယလူနာတဦး တွေ့ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လူနာကို ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ သီးသန့်ထားရှိပြီးတော့ မိသားစုဝင်တွေကိုလည်း ကျန်းမာရေးစစ်ဆေးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ မျောက်ကျောက်ရောဂါ ကူးစက်မှုအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

ထားဝယ်မြို့မှာ မျောက်ကျောက်ရောဂါ သံသယလူနာ အမျိုးသမီးတဦး တွေ့ရှိထားပြီး၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ သီးသန့်ထားရှိ စောင့်ကြည့်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ အဲဒီသံသယလူနာကို ကြက်ခြေနီအဖွဲ့က အကူအနေနဲ့ ဆေးရုံမှာ စောင့်ကြည့်ပေးနေတာ တွေ့ရတယ်လို့ ပြောပါတယ်။

"ကျနော်သိရသလောက်တော့ မျောက်ကျောက် (သံသယ) လူနာထားတဲ့ နေရာကတော့ ကန့်သတ်ထားတယ်။ တခြားလူနာတွေ ဘာတွေနဲ့ အတူတူထားတာတော့ မတွေ့ရဘူးခင်ဗျ။ ကြက်ခြေနီအဖွဲ့ကတော့ စောင့်နေတာတွေ့တယ်။ ပြီးတော့ မိသားစုဝင်တွေကိုလည်း သူတို့စစ်ဆေးတာပေါ့နော်။ ကျန်းမာရေး စစ်ဆေးတာတို့၊ ပြီးတော့ ဆေးထိုးပေးတယ်လည်း ပြောတယ်။"

သံသယလူနာဟာ မလေးရှားနိုင်ငံ၊ ပီနန်မြို့ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၇ ရက်နေ့က ရောက်ရှိခဲ့ပြီး၊ ဇူလိုင်လ ၁၀ ရက်နေ့မှာ ထားဝယ်မြို့ကို ရောက်လာတာလို့ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက မျောက်ကျောက်ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပြည်ပနိုင်ငံကနေ ဝင်လာသူတွေကို ကိုယ်ပူချိန်တိုင်းတာနဲ့ ကျန်းမာရေး ခရီးသွားဖောင်ဖြည့်တာတွေကို ဆောင်ရွက်ထားတယ်လို့ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ထုတ်ပြန်ထားပါတယ်။

မျောက်ကျောက်ရောဂါ သံသယလူနာ တွေ့ရှိခဲ့ရင် ရန်ကုန်မြို့က ဝေဘာဂီဆေးရုံမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားဖို့အတွက် ပြင်ဆင်ထားတယ်လို့လည်း ကြေညာထားပါတယ်။ အခု ဇူလိုင်လကတည်းက လေကြောင်းကနေတဆင့် မြန်မာပြည်ထဲ ဝင်ရောက်လာတဲ့ အမျိုးသမီးကို မျောက်ကျောက်ရောဂါ သံသယလူနာအဖြစ် သတ်မှတ်ထားတဲ့ အခြေအနေနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရတာဝန်ပေးထားတဲ့ ဒေါက်တာသန်းနိုင်စိုးကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိခဲ့သလို၊ စာပို့မေးမြန်းရာမှာလည်း ပြန်လည်ဖြေဆိုတာမျိုး မရှိခဲ့ပါဘူး။

ထားဝယ်မြို့မှာတော့ မျောက်ကျောက်ရောဂါ ကာကွယ်ရေးနည်းလမ်းတွေကို အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေတာ ဆောင်ရွက်ထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"သံသယလူနာကို သူတို့ဆေးရုံကြီးမှာထား ထားတယ်ဆိုတာပဲ ကျနော်တို့သိတယ်။ လောလောဆယ်တော့ ပိုစတာ ဆိုင်းဘုတ်တွေကို လူစည်ကားတဲ့ နေရာတွေမှာ အသိပေးကြေညာ ဒါလောက်ပဲရှိသေးတယ်။"

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါ ကူးစက်မှုကို အရေးပေါ်အခြေအနေအဖြစ် ဩဂုတ်လ ၁၄ ရက်နေ့က ကြေညာခဲ့ပါတယ်။ မျောက်ကျောက်ရောဂါ သံသယဖြစ်နိုင်တဲ့ လက္ခဏာတွေက မျက်စိ၊ ပါးစပ်၊ လက်နဲ့ ခြေထောက်၊ ခန္ဓာကိုယ်၊ စအိုဝန်းကျင်နဲ့ လိင်အင်္ဂါ အဲဒီနေရာတွေမှာ အနီကွက်ထွက်တာနဲ့ အရည်ကြည်ဖုပေါက်တာအပြင် ဖျားနာတာ၊ အကျိတ်တွေရောင်ရမ်းတာနဲ့ လည်ချောင်းနာ၊ ခေါင်းကိုက်၊ ကြွက်သားတွေနာကျင်ပြီး ကျောအောင့်တာ အပါအဝင် မောပန်းနွမ်းနယ်တဲ့ ဝေဒနာတွေကို ခံစားရတာဖြစ်တယ်လို့ ကျန်းမာရေးဌာနက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG