သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးအရေးအခင်းကြောင့် ဖမ်းခံရသူတွေ လွတ်လာပြီးမှ ပြန်အဖမ်းခံရ


မြောက်ဦးအဓိကရုဏ်းမှာ ဒဏ်ရာရသူများ
မြောက်ဦးအဓိကရုဏ်းမှာ ဒဏ်ရာရသူများ

မြောက်ဦးအရေးအခင်းကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလဲထဲ ဖမ်းဆီးချုပ်နှောင်ခဲ့တဲ့ ရခိုင်လူငယ်(၈)ဦးကို မနေ့တုန်းက ပြန်လွှတ်ပေးလိုက်ပေမယ့် ညနေပိုင်းမှာ ပြန်လည်ဖမ်းဆီးလိုက်တဲ့ လုပ်ရပ်ဟာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်ဘူးလို့ အမှုလိုက်ရှေ့နေတွေက ပြောပါတယ်။ ပြန်လွတ်လာတဲ့ ရခိုင်လူငယ်(၈)ဦးကို စစ်တွေခရိုင်ရဲစခန်းမှာ ချုပ်နှောင်ထားပြီး နောက်ထပ်အမှုဖွင့် တရားစွဲနိုင်ဖို့ ရမန် ယူထားကြောင်း ရှေ့နေတွေက ပြောပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

၂၀၁၈ ဇန်နဝါရီလဲထဲ မြောက်ဦးမြို့နယ်မှာ ညဘက်ဖြစ်ခဲ့တဲ့ လူစုလူဝေးနဲ့ စီတန်းလှည့်လည်တဲ့ အရေးအခင်းကို လုံခြုံရေး ရဲတွေက ပစ်ခတ် နှိမ်နင်းပြီး ရခိုင်လူငယ်(၈)ဦးကို ဖမ်းဆီး တရားစွဲခဲ့တာဖြစ်ပါတယ်။ တရားရုံးက သူတို့ကိုထောင်ဒဏ် (၈)လစီချမှတ်ခဲ့ပြီး စက်တင်ဘာလ(၂၄) တနင်္လာ မနေ့တုန်းက ပြန်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံတော်အလံအမှုနဲ့ ထပ်စွဲလိုတာကြောင့် စစ်တွေအမှတ်(၁) ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင် ထားတယ်လို့ ရခိုင်လူငယ်တွေရဲ့ အမှုလိုက်ရှေ့နေ ဒေါ်အေးနုစိန်က VOA ကိုပြောပါတယ်။

“ အဲဒီနေ့က ရုံးမှာရှိတဲ့အလံတိုင် .. အဲဒီ အလံနဲ့ပတ်သက်တဲ့အမှုတမှု ထပ်စွဲဦးမယ် ဆိုပြီးတော့ ချုပ်ရမန်ယူတယ်လို့ သိရတယ်။ အလံကို ဘာလုပ်တယ်လို့တော့ မသိပါဘူး။ ကျမတို့စစ်တဲ့အမှုမှာတော့ မပေါ်ပါဘူး။ ကျမစစ်ခဲ့တဲ့ အမှုမှာတော့ သူတို့ဟာ အဲဒီအလံနဲ့ ပတ်သက်တဲ့ ကျူးကျော်မှုကို လုပ်တယ်လို့ ဘယ်သူတယောက်ကမှ မထွက်ပါဘူး။ ကျမတို့က တရားရုံးကတဆင့် စုံစမ်းလိုက်တော့ (အဲဒီ ရခိုင်လူငယ် တွေကို) စစ်တွေအမှတ်(၁) ရဲစခန်းထဲကို သွင်းပြီးချုပ်ထားလိုက်တယ်ဆိုတာ သိရတယ်။ ဒါနဲ့ပဲ ကျမတို့က တွေ့ခွင့်တောင်းတယ်။ အဲဒါ တွေ့ခွင့်မရဘူး။ မရတဲ့အပြင် ကျမတို့ ၄-၅-၆ ယောက် လမ်းဘေးတွေမှာ လူတွေစုစု စုစုနဲ့ ဖြစ်လာတော့ ရဲကားကြီး(၄)စီး - လူအပြည့် လက်နက်တွေ အပြည့်နဲ့ ရောက်လာတာ တွေ့ရတယ်။ လုံခြုံရေး တင်းတင်းကြပ်ကြပ်လေး လုပ်ထားတာပေါ့လေ။ ”

အခုလို ရခိုင်လူငယ်(၈)ဦးကို ပြန်လည်ဖမ်းဆီးတာနဲ့ပတ်သက်လို့ စစ်တွေခရိုင် တာဝန်ကျ ရဲအရာရှိတွေကို မေးမြန်းဖို့ VOA ကဆက်သွယ် ခဲ့ပေမယ့် အဆက်သွယ်မရခဲ့ပါဘူး။

အမှုစီရင် အမိန့်ချပြီးကာမှ ရခိုင်လူငယ်တွေကို ထပ်ပြီးတရားစွဲဖို့ဆိုတဲ့ လုပ်ဆောင်ချက်ဟာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

“ ဘာလို့လည်းဆိုတော့ သူတို့ (၈)လတိုင်တိုင် အမှုရင်ဆိုင်နေတဲ့ အချိန်အတွင်းမှာ အဲဒီနေ့က ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ အမှုစွဲစရာ ကျန်တယ်ဆိုရင် ၊ ဒီတရားစွဲဆိုရမယ့် ရဲက မလုပ်နိုင်စရာအကြောင်း လုံးဝမရှိဘူး။ သူတို့နဲ့ ညိစွန်းတယ်ဆိုတဲ့ အမှုနဲ့လည်း စွဲခဲ့ပြီးပြီလေ၊ စစ်ခဲ့ ပြီးပြီလေ။ အဲဒီတော့ ဒီနေ့ လွတ်ရမယ်ဆိုတဲ့ အဆင့်မှာမှ၊ မလွှတ်သေးဘူး ပြန်ချုပ်ဦးမယ် နောက်ထပ်တမှု စွဲဦးမယ်ဆိုတာတွေကတော့ ကျမတို့ရဲ့ တရားဥပဒေစိုးမိုးရေး တအားကို တိမ်းစောင်းသွားဖွယ်ရာ ရှိသွားပြီလေ။ ”

ပြန်လွတ်လာတဲ့ ရခိုင်လူငယ်တွေကို အခုလို နောက်ထပ်အမှုစွဲတင်ဖို့ ပြန်လည်ထိန်းသိမ်းတဲ့ လုပ်ရပ်ကတော့ မဖြစ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ် လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များမဟာမိတ်အဖွဲ့ ရခိုင်တာဝန်ခံ ကိုဇော်ဇော်ထွန်းက သုံးသပ်ပါတယ်။

“ ကျနော်ကတော့ ဒါဟာ လုံးဝ မဖြစ်သင့်တဲ့ ကိစ္စတခုလို့ မြင်တယ်ပေါ့လေ။ ဘာလို့လည်းဆိုတော့ ဒီတရားစီရင်စဉ် ကာလမှာ ကတည်းက ဒါတွေဟာ တပါထဲ ပါပြီးသားဖြစ်နေရမှာလေ။ ဒါပေမဲ့ အခုကကျတော့ မနက်ပိုင်းလွှတ်ပြီးတော့ ညနေပိုင်း ပြန်ဖမ်းတယ်ဆိုတာက ဒါ မဖြစ်သင့်တဲ့ ကိစ္စတခုဖြစ်တယ်။ နောက် ဘာကြောင့် ပြန်ဖမ်းတယ်ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်း မရှိဘူး။ တကယ်တမ်းဆိုရင် ဒါဟာ အားပြိုင်နေတဲ့ သဘောဖြစ်တယ်။ ဒါက တရားစီရင်ရေးအထက်မှာ အခြားသော ဒီတရားစီရင်ရေးကို ချုပ်ကိုင်နေတဲ့ တစုံတဦး ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲဗျ။ ”

ရခိုင်ပြည်နယ် ရှေးဟောင်းမြို့တော် မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်းအခမ်းအနား ကျင်းပခွင့် မရတဲ့အတွက် ဒေသခံ ရခိုင်လူငယ်တွေက ဇန်နဝါရီလ ၁၆ ရက် အင်္ဂါညက လမ်းလျှောက် ဆန္ဒပြရာကနေ လူစုလူဝေး ဖြစ်လာပြီး၊ မြောက်ဦးမြို့နယ် ရဲစခန်းရှေ့ ဆန္ဒပြ တောင်းဆိုတဲ့ လူထုကို ရဲက ပစ်ခတ်လူစုခွဲခဲ့ရာမှာ အနည်းဆုံး လူ(၇)ဦးသေဆုံးပြီး (၁၂)ကျော် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ အခုပြန်လွတ်ပြီး ချက်ချင်း ပြန်အဖမ်းခံရတဲ့ ရခိုင်လူငယ်(၈)ဦးလည်း အဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG