သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆလင်တွေကို တဖက်နိုင်ငံဆီ ခေါ်ထုတ်မှု မြန်မာဘက်ကရှင်းပြ


ဘူးသီးတောင်မြို့နယ်အတွင်းရှိ မူဆလင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ထွက်ခွာရန် နယ်စပ် အနီးရောက်ရှိ လာစဉ် တာဝန်ရှိသူများသွားရောက် တွေ့ဆုံညှိနှိုင်း (သတင်းဓာတ်ပုံ- သတင်းကော်မတီ- ပြန်ကြားရေးဝန်ကြီးဌာန)
ဘူးသီးတောင်မြို့နယ်အတွင်းရှိ မူဆလင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်သို့ ထွက်ခွာရန် နယ်စပ် အနီးရောက်ရှိ လာစဉ် တာဝန်ရှိသူများသွားရောက် တွေ့ဆုံညှိနှိုင်း (သတင်းဓာတ်ပုံ- သတင်းကော်မတီ- ပြန်ကြားရေးဝန်ကြီးဌာန)

ရခိုင် ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကနေ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ခွာနေကြတဲ့ အစ္စလမ်ဘာသာဝင်တွေ ရှိနေတာမို့ ဒေသ တွင်း ကျန်ရှိသူနဲ့ ထွက်ခွာသူ အရေအတွက် အမှန်ရရှိနိုင်ဖို့ လူဦးရေစာရင်းကို စတင်ကောက် ယူနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဦးစီးဌာနကပြောပါတယ်။ အခုလို ထွက်ခွာသူအများစုဟာ နိုင်ငံတွင်း စားဝတ်နေရေး အခက်အခဲကြောင့်နဲ့ တဖက်နိုင်ငံ ဘက်ကနေ လာရောက်ခေါ်ဆောင်နေကြတာကြောင့် ထွက်ခွာ သွားနေကြတာဖြစ်ကြောင်းကိုလည်း အာဏာပိုင်တွေဘက်က ထောက်ပြကြပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မ မေခက တင်ပြသွားမှာပါ။

နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းက အစ္စလာမ် ဘာသာဝင်တွေဟာ မြန်မာအာဏာပိုင်တွေရဲ့ ရက်ရက်စက်စက် နှိပ်ကွပ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးနေကြတယ်လို့ အစဉ်တစိုက် ပြောဆိုနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံ၊ နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က စစ်တပ်ကို လုပ်ထုံးလုပ်နည်းဘောင်အတွင်းမှာပဲ လုပ်ဆောင်ဖို့ ညွှန်ကြားထားပြီး စစ်ဆင်ရေးလုပ်ငန်းအားလုံးကို စက်တင်ဘာ (၅) ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်ပြီဖြစ်ပေမယ့် ဘာကြောင့် အခုလို ဆက်လက်ထွက်ပြေးနေတာကို နားမလည်နိုင်ကြောင်း စက်တင်ဘာ (၁၉) ရက်နေ့က သံတမန်တွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

အခုအခါမှာတော့ ထွက်ပြေးသူတချို့ဟာ သူတို့ရဲ့ သဘောဆန္ဒအရ ထွက်ခွာနေကြ တာကို သိရှိရကြောင်း၊ ထွက်ခွာသူနဲ့ ကျန်ရစ်သူစာရင်းကို အတိအကျကောက် ယူနေပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

" ကျနော်တို့ အတတ်နိုင်ဆုံးတော့ နယ်စပ်ဒေသမှာ တရားမဝင် ဖြတ်သွားဖြတ်လာမှုတွေ မရှိအောင်တော့ တားဆီးနေတယ်ခင်ဗျ တားဆီးနေတယ်ဆိုပေမဲ့ ခုနကလို ဒီဘက်က လုံခြုံရေးခြံစည်းရိုးတွေက အားလုံးလုံခြုံအောင် ကာထားတာ မပြီးစီးသေးတဲ့အတွက် သူတို့ကလည်း နည်းမျိုးစုံနဲ့ သစ်သားတန်းတွေဘာတွေ ကျော်ခွပြီးတော့ သွားနေကြတာတွေ ရှိနေသေးတယ်ခင်ဗျ။ ကျနော်တို့ ပြည်ထဲရေးနဲ့ လဝက နဲ့ပေါင်းပြီးတော့ ပဋိပက္ခဖြစ်ပြီးနောက်မှာ လက်ကျန်စာရင်းဇယားတွေကို အဲ့က နယ်မြေတွေမှာ စာရင်းကတော့ ကောက်နေတုန်းပဲခင်ဗျ။ အရင်တုန်းက စာရင်းတွေကတော့ နှစ်စဉ် စာရင်းကောက်ထားတာတွေ လုပ်ထားရှိတဲ့အတွက် အရင်တုန်းက အိမ်ထောင်စုစာရင်းတွေရော ဓာတ်ပုံတွေနဲ့ရော တွဲရက်တွေ ရှိပြီးသားပါဗျ အခုလက်ရှိပဋိပက္ခဖြစ်ပြီးနောက်မှာ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာကိုတော့ စာရင်းကောက်တုန်းပါပဲ အဲ့တာတော့ မသိသေးပါဘူးခင်ဗျ။"

အခုလို စာရင်းကောက်ယူရာမှာ အချို့နေရာတွေက လုံခြုံရေး အားနည်းနေသေး တာကြောင့် ဒေသတွင်း လုံခြုံရေး အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပေမယ့်လည်း အခက်အခဲတချို့ ရှိတယ်လို့လည်း ဦးမြင့်ကြိုင်က ဆိုပါတယ်။

အစ္စလာမ် ဘာသာဝင်အချို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ကနေ စတင်ပြီး ဘင်္ဂလားဒေရှ့်ဘက်ကနေ စက်လှေတွေနဲ့ လာရောက်ခေါ်ယူနေတယ်လို့ အစိုးရ အာဏာပိုင်တွေက ပြောထားပါတယ်။ လက်ရှိမှာ နှစ်နိုင်ငံ နယ်စပ်အနီး မှာ ဒုက္ခသည်တွေ စုပြုံရောက်နေတယ်လို့လည်း အစိုးရဘက်က ပြောပါတယ်။

အစိုးရဘက်ပိုင်းက ဒီလိုထွက်ခွာမယ့်သူတွေကို သူတို့တောင်းဆိုတဲ့ စားဝတ်နေရေး အခက်အခဲ ၊ လုံခြုံမှု အခက်အခဲတွေ ဖြေရှင်းပေးမယ်ဆိုကာ အမျိုးမျိုးဖြောင်းဖျပြောဆို ခဲ့ပေမယ့် တဖက်နိုင်ငံကိုသာ ကိုယ့်သဘောနဲ့ သွားရောက် လိုတယ်လို့ ဆိုတာကြောင့် အာဏာပိုင်တွေဘက်က ခွင့်ပြုခဲ့ရတယ်လို့ မသွားဖို့ ဖြောင်းဖျတာမှာ ပါဝင်ခဲ့တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်က ပြောပါတယ်။

ဒီလို ထွက်ခွာတာမှာ တဖက်နိုင်ငံဘက်ကနေ တရားမဝင် လာရောက်ခေါ်ဆောင်နေတာ တွေရှိနေတဲ့ အပေါ် မှာလည်း အာဏာပိုင်တွေ ဘက်က မေးခွန်း ထုတ်လာတာတွေ ရှိနေပါတယ်။ ရခိုင်ပြည်နယ် အစိုးရအတွင်းရေးမှူး ဦးတင်မောင်ဆွေ က အခုလိုမေးခွန်းထုတ်လိုက်တာ ဖြစ်ပါတယ်။

" နံပတ်တစ်က သူတို့တွေက ခုနကပြောသလို မိမိရဲ့နိုင်ငံသားတွေ မဟုတ်တဲ့အတွက် မိမိတို့ကတော့ အတင်းအကျပ် တားပိုင်ခွင့်တော့ မရှိဘူး။ သူ့သဘောနဲ့သူပေါ့။ တကယ်တမ်းတာဝန်ရှိတာကတော့ တဘက်ကနေပြီးတော့ မိမိနယ်မြေထဲကို မဝင်ဖို့အတွက်တော့ တားဖို့ရှိတာပေါ့ အခုက နှစ်နိုင်ငံ နိုင်ငံခြားရေးမူဝါဒပဲဖြစ်ဖြစ် နယ်စပ်လုံခြုံရေးပဲပြောပြော တဘက်ကနေပြီးတော့ တဘက်နိုင်ငံကနေပြီးတော့ တားဆီးရမှာပေါ့။ ဒါပေမဲ့ ဒီလိုတားဆီးခြင်းလည်း မရှိပဲနဲ့ ဟိုကနေ လိုလိုလားလားကို သင်္ဘောတွေနဲ့လွှတ်ပြီးတော့ အကြိုလွှတ်တာပေါ့ အကြိုလွှတ်နေတဲ့အခါကျတော့ ဒါတွေကလည်း စဉ်းစားစရာတွေပေါ့ အခြေအနေကတော့ ဒီဥစ္စာပါပဲ။ အစိုးရတရပ်အနေနဲ့ ကိုယ့်နိုင်ငံသားတွေ မဟုတ်တဲ့အတွက် ကျနော်တို့အနေနဲ့ တားတယ်။ အစွမ်းကုန် တားတယ် ဖြောင်းဖျတယ်။ လိုအပ်တာတွေ အကုန်ထောက်ပံ့ပေးတယ်။ ရွာတွေမှာလည်း ရိက္ခာတွေ ထောက်ပံ့ပေးထားတယ်။ ဒီလိုတားလို့မရလို့မှ သွားချင်တယ်ဆိုလို့ရှိရင် သူ့သဘောနဲ့သူပဲ။"

ရခိုင်ပြည်နယ်မြောက်ပိုင်းက အစ္စလာမ်ဘာသာဝင်တွေဟာ နောက်ထပ် ထွက်ခွာဖို့ ပြင်ဆင်နေကြရှိနေကြောင်းကိုလည်း ဦးတင်မောင်ဆွေက ပြောပါတယ်။ အစိုးရဘက်က လက်ရှိ ထုတ်ပြန်ထားချက်အရ စက်တင်ဘာ ၂၆ ကနေ စက်တင်ဘာ ၂၉ အထိ အစ္စလမ် ဘာသာဝင် ၂၃၀၀ နီးပါး ဘင်္ဂလားဒေရှ် ဘက်ကို ထွက်ခွာသွားကြပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG