သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းရွှေဈေး ကျပ် ၁၀၀,၀၀၀ နီးပါးပြန်ကျ


ရန်ကုန်မြို့ရှိ ရွှေဆိုင်တခုမှာ ရွှေရောင်းပေးနေတဲ့ ဝန်ထမ်းတဦး။ (ဧပြီ ၂၃၊ ၂၀၁၃)
ရန်ကုန်မြို့ရှိ ရွှေဆိုင်တခုမှာ ရွှေရောင်းပေးနေတဲ့ ဝန်ထမ်းတဦး။ (ဧပြီ ၂၃၊ ၂၀၁၃)

[Zawgyi/Unicode]

မြန်မာနိုင်ငံမှာ တပတ်အတွင်း ကျပ် ၂၀၀,၀၀၀ ကျော်အထိ တက်ခဲ့တဲ့ ပြည်တွင်းရွှေဈေးဟာ ဒီကနေ့မှာ ကျပ် ၁၀၀,၀၀၀ နီးပါး ဈေးကျသွားပါတယ်။ ဒီနေ့ အခေါက်ရွှေ ၁ ကျပ်သားကို ၁,၆၃၀,၀၀၀ ဈေးပေါက်ပါတယ်။ ဗဟိုဘဏ်က ဒေါ်လာငွေတွေ ထုတ်ရောင်းနေချိန်မှာ ခုလို ရွှေဈေးတွေ ကျသွားတာဖြစ်ပါတယ်။ ရန်ကုန်ကလာတဲ့ ရွှေဈေးကွက်သတင်း အပြည့်အစုံကို မခင်ဖြူထွေးက ပြောပြပါမယ်။

ပြည်တွင်းမှာ အခေါက်ရွှေတကျပ်သားကို မနေ့တုန်းက မြန်မာကျပ်ငွေ ၁၇ သိန်းကျော် ဈေးပေါက်ခဲ့ပေမဲ့ ဒီကနေ့မှာတော့ ၁၆ သိန်းကျော်အထိ ပြန်ကျသွားပါတယ်။ ဘဏ်စနစ်အပေါ် ယုံကြည်မှု ကင်းမဲ့လာတာရဲ့ နောက်ဆက်တွဲ ပြည်သူတွေဟာ လက်ထဲမှာငွေမထားတော့ဘဲ ရွှေဝယ်ယူ စုဆောင်းသူများလာလို့ ပြည်တွင်းရွှေဈေး တရိပ်ရိပ်တက်လာခဲ့တာပါ။ ဒါကြောင့် ၁ ပတ်ထဲမှာ ကျပ် ၂၀၀,၀၀၀ ကျော်အထိ ဈေးတက်ခဲ့တာဖြစ်ပါတယ်။ အတက်ကြမ်းခဲ့တဲ့ မြန်မာ့ရွှေဈေးဟာ ဒီကနေ့မှာတော့ ကျပ် ၁၀၀,၀၀၀ လောက် ပြန်ကျသွားပါတယ်။

ဗဟိုဘဏ်က ဒေါ်လာငွေစက္ကူတွေကို ပထမဆုံးအကြိမ် ပြည်သူတွေကို ထုတ်ရောင်းသလို ပုဂ္ဂလိကဘဏ်တွေကို လေလံစနစ်နဲ့ ရောင်းနေတဲ့အတွက် ရွှေဈေးကျသွားတာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဗွီအိုအေကိုပြောပါတယ်။

“အဓိကတော့ ဒေါ်လာထုတ်ရောင်းတာလည်း အဓိကပေါ့။ နောက်တခုက ကမ္ဘာ့ရွှေဈေးလည်း ကျသွားတယ်ဗျ၊ ၁,၈၅၀ ကနေ ၁,၈၁၅ လောက်ပဲရှိတယ်။ ရွှေဈေးကွက်က လောလောဆယ်တော့ အကျဘက်ပဲ သွားဦးမယ်ဗျ။ ကမ္ဘာ့ရွှေဈေးလည်း တအိအိဆင်းလာတယ်ပေါ့၊ ဒီဘက်က ပြည်တွင်းဒေါ်လာဈေးကလည်း မနက်ဖြန်များ ဆက်ရောင်းပေးဦးမလား မသိဘူး၊ မပြောတတ်ဘူး။ ဆက်ရောင်းပေးမယ်ဆိုရင်တော့ ရွှေဈေးနည်းနည်းထပ်ကျမယ်။ ရွှေဈေးကတော့ ကျမှာပါ၊ လောပြီးတော့ အဝယ်မကျွံဖို့ပဲပေါ့။ အဝယ်ကျွံခဲ့ရင်တော့ ပြန်ရောင်းတဲ့အခါကျတော့ အရှုံးပေါ်သွားမှာကြောက်လို့။”

မေလ ၁၂ ရက် နဲ့ ဒီနေ့ ၁၃ ရက်မှာ လေလံစနစ်နဲ့ ဒေါ်လာ စုစုပေါင်း ၁၂ သန်း ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်တွေကို ရောင်းခဲ့သလို ဒေါ်လာ ၁.၆ သန်းကိုလည်း အများပြည်သူကို ပထမဆုံးအကြိမ် ဒီနေ့ ထုတ်ရောင်းပါတယ်။

နိုင်ငံရေးအခြေအနေကို စိုးရိမ်ပြီး ရွှေဝယ်စုသူတွေ များလာတာကြောင့် ပြည်တွင်းအခေါက်ရွှေ ဈေးနှုန်းဟာ မနေ့ မေလ ၁၂ ရက်က ၁,၇၀၆,၀၀၀ ကျပ်ဈေးအထိ ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံဗဟိုဘဏ်က မနေ့ညနေပိုင်းမှာပဲ အမေရိကန်ဒေါ်လာ ၆,၀၀၀,၀၀၀ ကို ပုဂ္ဂလိကဘဏ်တွေကို လေလံစနစ်နဲ့ ရောင်းချတယ်လို့ ကြေညာခဲ့ပြီးနောက် ရွှေဈေးက ၁၆ သိန်း စွန်းစွန်းအထိ ပြန်ကျသွားခဲ့တာပါ။ ဒီနေ့ မေလ ၁၃ရက် မနက်ပိုင်းက အခေါက်ရွှေတကျပ်သားကို ၁,၅၆၀,၀၀၀ အထိဈေးကျခဲ့တာပါ။ ဆက်ပြီးတော့လည်း ရွှေဈေးတွေကျလာနိုင်တယ်လို့ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ရွှေဆိုင်ပိုင်ရှင်တဦးဖြစ်သူ မချမ်းမြေ့ကြည်က ပြောပါတယ်။

“ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းလိုက်တာနဲ့ ရွှေကတော့ ဆက်ကျမယ်လို့ ထင်တယ်။ ၁,၆၀၀,၀၀၀၊ ၁,၅၈၀,၀၀၀ အဲဒီလောက် ပတ်ဝန်းကျင်တော့ ပြန်သွားလောက်မယ် ထင်တယ်ရှင့်။”

ဒေါ်လာဈေး အပြောင်းအလဲတွေကြား တန်ဖိုးခိုင်မာတယ်လို့ ယူဆထားတဲ့ ရွှေတွေကို ဝယ်စုသူတွေအနေနဲ့ ဈေးကျချိန်စောင့်ပြီး ဝယ်ယူသင့်တယ်လို့လည်း ရွှေလုပ်ငန်းကျွမ်းကျင်သူ ကိုအေးဟန်က ပြောပါတယ်။

“ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းတော့ အားလုံးက ဒေါ်လာဈေး ဆက်ကျမယ်လို့ ထင်တာပေါ့နော်။ အဲဒီတော့ ရွှေဈေးလည်း ဆက်ကျနိုင်တယ်ဆိုပြီးတော့ ရွှေကိုလည်း ထုတ်ရောင်းကြတာပေါ့။ ကမ္ဘာ့ရွှေဈေးကတော့ လောလောဆယ်ကျနေသေးတယ်ပေါ့။ ဒါပေမဲ့ သိပ်တော့ကျနိုင်မှာ မဟုတ်ဘူး။ မြန်မာ့ရွှေကလည်း ပြောမယ်ဆို နိုင်ငံရေးအခြေအနေကြောင့် ကျပ်ငွေအပေါ် မယုံကြည်မှုတွေကြောင့် တောက်လျှောက်တော့ တက်နေတယ်ပေါ့။ အခုကျတာကလည်း အခိုက်အတံ့အားဖြင့် အကျပါပဲ။ ရွှေကတော့ ပြောမယ်ဆိုရင် တောက်လျှောက်ရေရှည်ကတော့ အတက်ပါပဲ။ ဒါပေမဲ့ လက်ရှိအနေအထားကတော့ ဈေးအမြင့်မှာ ဝယ်ဖို့ခက်တယ်ပေါ့ဗျာ။ ပြီးတော့ အခုချိန်မှာလည်း သမိုင်းတလျှောက် အမြင့်ဆုံးဈေးဆိုတော့ နည်းနည်းလေးအမြင့်ဈေး ဖြစ်နေတယ်ပေါ့။ အဲဒါကြောင့် ဝယ်မယ်ဆိုရင်လည်း တချက်ကျတဲ့အချိန်မှာပဲ ဝယ်သင့်တာကောင်းတယ်။”

မြန်မာနိုင်ငံမှာ အခေါက်ရွှေ ၁ ကျပ်သားကို ၁,၆၃၀,၀၀၀ ဒီနေ့ ပေါက်ဈေးရှိပြီး ဒေါ်လာဈေးကတော့ ပြင်ပ ငွေလွှဲကောင်တာတွေမှာ ဝယ်မယ်ဆိုရင် တဒေါ်လာကို ၁,၇၂၀ ကျပ် ဈေးပေါက်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG