သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NVC ကိုင်ဆောင်သူတွေကို စိစစ်ပြီး ၆ လ အတွင်း နိုင်ငံသားပေးမည်


ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ UNHCR အမှုဆောင်ကော်မတီ အစည်းအဝေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်။ (ဓာတ်ပုံ - ပြန်ကြားရေး ဝန်ကြီးဌာန)
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ UNHCR အမှုဆောင်ကော်မတီ အစည်းအဝေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်။ (ဓာတ်ပုံ - ပြန်ကြားရေး ဝန်ကြီးဌာန)

NVC နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူတွေကို စိစစ်ပြီး ၆ လအတွင်း နိုင်ငံသားဖြစ်အောင် ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ အောက်တိုဘာလ ၇ - ၁၁ ရက်နေ့ထိ ကျင်းပနေတဲ့ အကြိမ် (၇၀) မြောက် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အမှုဆောင်ကော်မတီ အစည်းအဝေးကို တက်ရောက်နေတဲ့ ဒေါက်တာဝင်းမြတ်အေး ကနေ ဒုက္ခသည်တွေ ဌာနေပြန်ရေး အဓိကဖြစ်နေတဲ့ နိုင်ငံသားဖြစ်ခွင့် ကိစ္စအကြောင်း ရှင်းပြခဲ့တာပါ။ မအင်ကြင်းနိုင်က အသေးစိတ်ကို ဆက်ပြီးတင်ပြမှာပါ။

ဘင်္ဂလားဒေ့ရှ် နယ်စပ်က ဒုက္ခသည်တွေ ရခိုင်ပြည်နယ်က နေရပ်ကို ပြန်နိုင်ရေး မြန်မာအစိုးရက စီစဉ်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အောက်တိုဘာလ (၈) ရက်နေ့က UNHCR အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ရှင်းပြခဲ့ပါတယ်။ သူကိုယ်တိုင် ဘင်္ဂလားဒေ့ရှ် Cox’s Bazar ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဌာနေပြန်ရေး အစီအစဉ်ကို ဒုက္ခသည်တွေကို ရှင်းပြခဲ့ကြောင်းလည်း ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။
ရခိုင်ပြည်နယ်သာမက အခြား မြန်မာနယ်စပ်တလျောက် ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်မှာ NVC နိုင်ငံသားစိစစ်ရေးကတ် ရရှိထားသူတွေ အနေနဲ့ နိုင်ငံသားဖြစ်ခွင့် ကြာမြင့်တဲ့အချိန်ဟာ အရင်လို ၂ နှစ် မဟုတ်တော့ပဲ ၆ လပဲ ကြာမှာဖြစ်တယ်လို့ ဒေါက်တာ ဝင်းမြတ်အေးက အခုလိုပြောပါတယ်။

" မြန်မာတနိုင်ငံလုံးမှာ ရှိနေတဲ့ မှတ်ပုံတင် အထောက်အထား မရှိသူတွေရဲ့ ပြဿနာကို ဖြေရှင်းရာမှာ အချက်အလက်တွေကို စနစ်တကျ ပြုစုဖို့ အလွန့်အလွန်ကို အရေးကြီးပါတယ်။ ဒီအကြောင်းအရာနဲ့ ဆက်စပ်ပြီး ပြောရရင် NVC နိုင်ငံသား စိစစ်ရေးကတ်ပြားကို မြန်မာနိုင်ငံသား ဥပဒေအရ ထုတ်ပေးထားတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က အိုးအိမ်စွန့်ခွာထွက်ပြေးသူတွေ၊ ထိုင်း ဒုက္ခသည်စခန်းတွေ ကနေ နေရပ်ပြန်လာသူတွေ အပါအဝင် တနိုင်ငံလုံးမှာ ဒီအစီစဉ်အတိုင်း ဆောင်ရွက်ပါတယ်။ NVC ဆိုတာဟာ နိုင်ငံသားဖြစ်ဖို့ လမ်းကြောင်းဖြစ်ပါတယ်။ အရင်က NVC ကတ် ကိုင်ထားသူတွေ အနေနဲ့ နိုင်ငံသားဖြစ်ဖို့ ၂ နှစ် ကြာပေမယ့် အခုတော့ အချိန်တို ၆ လအတွင်း ရအောင် လုပ်ပေးမှာဖြစ်ပါတယ်။"

မြန်မာနိုင်ငံတွင်း မွေးဖွားတဲ့ ကလေးမှန်သမျှ အခုအသစ်ပြဌာန်းလိုက်တဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေသစ်အရ မွေးဖွားစားရင်းလက်မှတ် ရရှိမှာဖြစ်တယ်လို့လည်း သူက အခုလို ရှင်းပြပါတယ်။

" မြန်မာနိုင်ငံရဲ့ ကလေးသူငယ်ဆိုင်ရာ ဥပဒေသစ်အရ လူမျိုး၊ဘာသာ၊ ကျား၊မ မခွဲခြားဘဲ ကလေးအားလုံးအတွက် မွေးဖွားချိန်မှာ မှတ်ပုံတင်နိုင်ခွင့်ကို အာမခံပေးထားပါတယ်။ ဘယ်ကလေးမှ နောက်ကျ မကျန်စေရဘူးဆိုတဲ့ ရည်မှန်းချက် အကောင်အထည်ဖေါ်ဖို့ တနိုင်ငံလုံးမှာ ကလေးမွေးစာရင်းကို အခမဲ့ မှတ်ပုံတင်လို့ရအောင် ဆောင်ရွက်ပေးနေပါတယ်။ ဒီအတွက် လှုပ်ရှားတဲ့အဖွဲ့တွေကို ဝေးလံတဲ့ ဒေသတွေဆီ စေလွှတ်ထားသလို၊ တချို့ပြည်နယ်တွေမှာ အင်တာနက် အွန်လိုင်းစနစ်ကို စမ်းသပ်လုပ်ဆောင် နေပါတယ်။"

၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်မှာ ARSA အဖွဲ့က ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်စပ်က လုံခြုံရေးစခန်းတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် မြန်မာစစ်တပ်က ပြန်လည်နှိမ်နင်းတဲ့ ပြင်းထန်လှတဲ့ နယ်မြေရှင်းလင်းရေးမှာ ဒေသခံ ရိုဟင်ဂျာတွေ သိန်းနဲ့ချီပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ်ကို မြန်မာအစိုးရက အသိအမှတ်ပြု လက်ခံခြင်း မရှိပါဘူး။

ဒေါက်တာ ဝင်းမြတ်အေးကတော့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြတဲ့ ဒုက္ခသည်တွေကို ပြန်ပြီးလက်ခံဖို့ အစိုးရက အဆင်သင့်ဖြစ်နေကြောင်း UNHCR အစည်းအဝေးမှာ ပြောသွားပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြား သဘောတူညီမှုမှာ ဌာနေပြန်သူတွေအတွက် သက်သေခံကတ်ပြားထုတ် ပေးရေး အာမခံဖို့ ဆိုတဲ့အချက်ပါဝင်ပါတယ်။ Cox’s Bazar ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်ခဲ့ကြသူတွေထဲမှာ နေထိုင်ခွင့် ရထားတဲ့ ပုံစံအမျိုးမျိုး ရှိနေတယ်လို့လည်း ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။

ဒါကြောင့် အချက်အလက်ပြည့်စုံသူတွေဆိုရင် နိုင်ငံသားမှတ်ပုံတင်ကတ်ကို ထုတ်ပေးမှာဖြစ်ပြီး၊ ဘာသက်သေခံ ကတ်ပြားမှ မရှိသူတွေကိုတော့ NVC ကတ်ကို ချက်ခြင်းထုတ်ပေးမှာဖြစ်ကြောင်း ဒေါက်တာ ဝင်းမြတ်အေးက အစည်းအဝေးမှာ အခုလို ရှင်းပြသွားပါတယ်။

" သူတို့အားလုံးကို နိုင်ငံမဲ့တွေပါလို့ ကျနော်တို့ သတ်မှတ်လို့မရပါဘူး။ တချို့မှာ မြန်မာအစိုးရက ထုတ်ပေးထားတဲ့ သက်သေခံကတ်ပြားတွေရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာပြဌာန်းထားတဲ့ နိုင်ငံသားဥပဒေအရ တချို့သူတွေရဲ့ အချက်အလက်တွေ ပြည့်မီတယ်ဆိုရင် နိုင်ငံသားမှတ်ပုံတင် ကတ် ထုတ်ပေးမှာဖြစ်ပါတယ်။ သက်သေခံကတ်ပြား ဘာမှမရှိသူတွေအတွက်တော့ NVC ကတ်ကို ချက်ခြင်း ထုတ်ပေးမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ သူတို့ကို နိုင်ငံသားအဖြစ် လျှောက်ထားဖို့ သတ်မှတ်ချက်တွေအတိုင်း ဆက်လက် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။"

ဘင်္ဂလားဒေ့ရှ်နယ်စပ်က နေရပ်ပြန်လာမယ့် ဒုက္ခသည်တွေထဲ NVC ကဒ်ကိုင်ထားမယ့်သူတွေအတွက် သွားလာလှုပ်ရှားခွင့် ကိစ္စကို သူက အခုလိုပြောပါတယ်။

" NVC ကတ် ကိုင်ထားသူတွေအတွက် လုံခြုံရေး အတိုင်းအတာ ခွင့်ပြုထားသလောက် လွတ်လပ်စွာ သွားလာခွင့်ရှိမှာ ဖြစ်ပါတယ်။ ဒါအပြင် NVC ကတ် ကိုင်ထားသူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်နဲ့ သွားခွင့်ရမှာဖြစ်ပါတယ်။ NVC ကတ် အတွက် သူတို့အနေနဲ့ မြန်မာအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ သူတို့မှာ လွတ်လပ်စွာသွားလာခွင့်နဲ့ ပတ်သက်လို့ လူမှုဆိုင်ရာ ကန့်သတ်ချက်တွေ ရှိနေတယ်ဆိုတဲ့အချက်ကို ကျနော်တို့ လျစ်လျူ ပြုထားလို့ မရပါဘူး။ လူမှုအသိုင်းအဝိုင်းတွေကြားမှာ ယုံကြည်မှုနဲ့ သဟဇာတဖြစ်မှုတွေကို တည်ဆောက်ပြီး ဒီပြဿနာကို ကျနော်တို့ ဖြေရှင်းနေပါတယ်။"

မြန်မာအစိုးရအနေနဲ့ ဌာနေပြန်ရေးအစီအစဉ်ကို မြန်နိုင်သမျှ မြန်ဆန်အောင် ဆောင်ရွက်ဖို့ ဦးစားပေးထားကြောင်း ဒေါက်တာဝင်းမြတ်အေးက ဆိုပါတယ်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို သုံးကြိမ်တိုင် သွားရောက်ခဲ့ကြောင်းလည်း သူကပြောပါတယ်။

ဒါအပြင် နှစ်ပေါင်း ၇၀ ကြာ ပြည်တွင်းစစ်နဲ့ နှစ်ပေါင်း ၅၀ ကြာ စစ်တပ်က အုပ်ချုပ်ခဲ့တာ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး နှစ်အနည်းငယ်လောက်ပဲ ရှိနေသေးတာ စတဲ့ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကိုလည်း ဒေါက်တာဝင်းမြတ်အေးက ပြောသွားပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်မှာ UNHCR ၊ UNDP တို့ဘက်က ကူညီဆောင်ရွက်မယ့် ကိစ္စအတွက် မြန်မာအစိုးရနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးထားတဲ့ ကိစ္စကိုလည်း ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အမှုဆောင်ကော်မတီအစည်းအဝေးမှာ အလေးပေး ပြောကြားခဲ့ပါတယ်။

(Unicode)
















တိုက်ရိုက် လင့်ခ်
XS
SM
MD
LG