သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ခေါ်ရေးလုပ်ပေမယ့် NVC ကို ဒုက္ခသည်တွေ လက်မခံသေး


အန်ချီပရန် ဒုက္ခသည်စခန်းတွင်း ဆန္ဒပြ ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်များ။ (နိုဝင်ဘာ ၁၅၊ ၂၀၁၈)
အန်ချီပရန် ဒုက္ခသည်စခန်းတွင်း ဆန္ဒပြ ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်များ။ (နိုဝင်ဘာ ၁၅၊ ၂၀၁၈)

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာရင် နိုင်ငံသားစိစစ်မှုသက်သေခံကဒ်ပြား NVC ကတ်ထုတ်ပေးပြီးမှ အဆင့်ဆင့်နိုင်ငံသားဖြစ်ခွင့်အတွက် စိစစ်ဆောင်ရွက်သွားမယ်လို့ အစိုးရဘက်က ပြောဆိုပေမယ့်၊ လက်ရှိတည်ဆဲ ဥပဒေတွေအရ နိုင်ငံသားဖြစ်ဖို့ခက်ခဲတဲ့အပြင် စီစစ်ဆဲကာလမှာလည်း သွားလာနေထိုင်ခွင့်ကအစ လွတ်လပ်မှုတွေ ဆုံးရှုံးမယ်လို့ ဒုက္ခသည်တွေဘက်က မြင်နေပါတယ်။ ဒါဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်တွေ မအောင်မြင်တဲ့ အကြီးမားဆုံး အခက်အခဲတရပ်လည်းဖြစ်နေတာပါ။ မဆုမွန်က စုံစမ်းမေးမြန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက်ဒုက္ခသည်တွေ နေရပ်ပြန်လာရင် သက်သေခံကတ် အရင်ထုတ်ပေးပြီးနောက် နိုင်ငံသားစိစစ်မှုတွေလုပ်နိုင်ဖို့ နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ကတ် (National Verification Card) ထုတ်ပေးမယ်၊ ပြီးတော့မှ National ID Card အမျိုးသားမှတ်ပုံတင် ကိုင်ဆောင်ခွင့်ရဖို့ အဆင့်ဆင့်လုပ်ဆောင်သွားမယ်ဆိုတဲ့ မြန်မာအစိုးရရဲ့ ပြောဆိုချက်တွေအပေါ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေဘက်က လက်မခံတာတွေ ရှိနေတုန်းပါ။ မြန်မာအစိုးရအနေနဲ့ ဒီ ဒုက္ခသည်တွေကို နိုင်ငံသားဖြစ်လာဖို့ စီစစ်လုပ်ဆောင်ပေးမယ်လို့ ဆိုပေမယ့်လည်း ဒီလို ရှည်ရှည်ဝေးဝေးလုပ်ငန်းစဉ်တွေနဲ့၊ ရှုပ်ထွေးတဲ့အခြေအနေတွေကြောင့် ဒုက္ခသည်တွေဘက်ကတော့ ဒီလုပ်ငန်းစဉ်အပေါ်ယုံကြည်မှုမဲ့နေသေးတယ်လို့ဆိုရမှာပါ။

သူတို့အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်ကို တိမ်းရှောင်ထွက်ပြေးကြချိန် စာရွက်စာတမ်းသက်သေ အထောက်အထားတွေ မပါလာတာရှိသလို နေအိမ်မီးရှို့ ဖျက်ဆီးမှုတွေ ပျက်စီးမှုတွေကြားမှာလည်း ပျောက်ဆုံးသွားတာတွေရှိနေလို့ နေရပ်ရင်းပြန်လာတဲ့အချိန် လုံလောက်တဲ့ အထောက်အထားတွေ ပြနိုင်မှာမဟုတ်ဘူးလို့ပြောကြပါတယ်။

ဒါ့အပြင် နိုင်ငံသားဖြစ်ခဲ့သူတွေအနေနဲ့လည်း NVC ကဒ်ကနေ တဆင့် နိုင်ငံသား ဖြစ်ဖို့ပြန်လုပ်ရမယ်ဆိုတာကို လက်မခံနိုင်ဘူး လို့ ကော့ဇ်ဘဇားအနီး ဘာလုခါလီရိုဟင်ဂျာဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ဦးအီစလံကပြောပါတယ်။

“NVC ကဒ်ကိုက ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေက လုံး၀ ကိုင်ဆောင်စရာမလိုဘူးလို့ ကျနော်တို့ ဆိုရမှာပါ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကျနော်တို့က အမျိုးသားမှတ်ပုံတင်ဆိုပြီးတော့ ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေက ရထားတဲ့ လူမျိုးဖြစ်တယ်။ အခုအချိန်မှာ ကျနော်တို့က ဘင်္ဂလီဆိုပြီးတော့ NVC ကဒ်ကို ကိုင်ဆောင်ရမှာ လုံး၀ အဓိပ္ပါယ်မရှိဘူးလို့ဆိုရမှာပါ။ ဘာဖြစ်လို့ဆိုရင် အဲဒါ ကျနော်တို့ကို တမင်သပ်သပ် နိုင်ငံခြားသားဆိုပြီးတော့ သတ်မှတ်တဲ့ လက္ခဏာတခုလို့ ဆိုရမှာပါ။ အဲဒါကြောင့်မို့လို့ NVC ကဒ်ကို ကျနော်တို့ ဘယ်တော့အခါမှ လက်ခံနိုင်စရာမရှိဘူး။ NVC ကဒ်နဲ့ သွားရမယ့်ကိစ္စ ကျနော်တို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက တဦးတယောက်မှ လက်ခံတာ မရှိဘူး။”

ကြားစခန်းတွေမှာနေထိုင်ခိုင်းပြီး ဒီကြားထဲမှာ နိုင်ငံသားစီစစ်မှုတွေလုပ်မယ်ဆိုတဲ့အနေအထားကြောင့် သူတို့ရဲ့ သွားလာလှုပ်ရှားခွင့်လို အခြေခံအခွင့်အရေးတွေ ဆုံးရှုံးမှာကိုလည်း စိုးရိမ်နေကြပါတယ်။

“အထောက်အထားစုံတဲ့လူတွေကို သူတို့က နိုင်ငံသားဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ပြောထားတာရှိတယ်။ နောက်အထောက်အထားမရှိတဲ့သူတွေကို NVC ကဒ်ထုတ်ပေးမယ်လို့ အဲလိုပြောတယ်။ အထောက်အထားဆိုတာ ဘယ်အထောက်အထားကို ဆိုလိုတာလဲ ဆိုတာ ကျနော်တို့ မသိသေးဘူး။ ကိုဖီအာနန်ဦးဆောင်တဲ့ အကြံပြုချက်မှာလည်း ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ချက်ပေးပြီးတော့ အဲဒီအကြံပြုချက်ကိုလည်း အခုအချိန်အထိ ဘာတခုမှ အကောင်အထည်ဖော်တာမရှိဘူး။ နောက်ယနေ့အချိန်ကာလအထိ စစ်တွေ IDP စခန်းသော်လည်းကောင်း တခြား IDP စခန်းတွေမှာပါ အခုအထိ အဲဒီအတိုင်း နေတုန်းပဲ IDP စခန်းမှာ နေတဲ့လူတွေက ဘယ်မှ သွားလာခွင့်လည်း မရှိဘူး။ ရခိုင်ပြည်နယ်ကနေ ရန်ကုန်တိုင်းတို့ မန္တလေးတိုင်းတို့ ၊ မကွေးတိုင်းတို့ အဲလိုနေရာကို ရခိုင်ကနေ သွားတယ်ဆိုရင် ကျနော်တို့ကို လွတ်လွတ်လပ်လပ်သွားလာခွင့်မပေးဘူး။ အဖမ်းခံပြီးတော့ ထောင်ချခံရတာကို ဆန့်ကျင်ကြပါတယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ နေရပ်ပြန်မယ့်အစီအစဉ်ကို လုံးဝလမ်းကြောင်းမမြင်ပါဘူးခင်ဗျ။”

နေရပ်ပြန်သူအချို့ ဖမ်းဆီးစစ်ဆေးခံနေရတာတွေရှိလို့ ဘေးကင်းလုံခြုံရေး အာမခံချက်အတွက်လည်း စိုးရိမ်မိတယ်လို့ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံကပြောပါတယ်။

“အဓိကတော့ လူတွေက စိုးရိမ်စိတ်က အများကြီးရှိတယ်။ ဘာဖြစ်လို့ဆိုရင် အရင်နှစ်ပေါင်းများစွာ ကလည်း ဒီလို မဟုတ်မမှန် စွပ်စွဲမှုတွေ ကိုယ်တိုင် ခံစားခဲ့ရတယ်။ အခုလည်း ဒီကနေ သွားမယ်ဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ခင်ဗျားတို့ ပူးပေါင်းတယ်။ ဘာညာလုပ်တယ်ဆိုပြီး လက်နက်ကိုင် အဖွဲ့အစည်း ကို ကျနော်တို့က မြင်တောင်မမြင်ခဲ့ဘူး။ အဲဒါမျိုး စွပ်စွဲခံရမှာကို လူတိုင်းက စိုးရိမ်ပါတယ်။”

အခုလို ပြန်လာမယ့်သူတွေ နိုင်ငံသားဟုတ်-မဟုတ် စိစစ်ဆောင်ရွက်မှုမှာ ဥပဒေပညာရှင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဆောင်ရွက်သင့်သလို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်သင့်တယ်လို့လည်း ANP ရခိုင်အမျိုးသားပါတီအကြီးအကဲလည်းဖြစ် ဥပဒေပညာရှင်ရှေ့နေတဦးလည်းဖြစ်တဲ့ ဒေါ်အေးနုစိန်က မြင်ပါတယ်။

“၈၂ခုနှစ် နိုင်ငံသားဥပဒေဟာ တည်ဆဲဥပဒေဖြစ်တဲ့အတွက် အဲဒီဥပဒေမှာ ဘယ်လိုလူတွေက နိုင်ငံသားဖြစ်ထိုက်သလဲဆိုတာကို အဲဒီမှာ အတိအကျ ပြဌာန်းထားပြီးသား ဖြစ်ပါတယ်။ အဲဒါနဲ့ စိစစ်ပြီးတော့ ညီတယ်ဆိုရင် ပေးပေါ့။ ဒါက ကျမတို့ ရပ်တည်ချက်ပါပဲ။ ဒီဒေသနဲ့ဆိုင်တဲ့ နိုင်ငံရေးပါတီတွေ ဒေသခံတွေရဲ့ ဆန္ဒတွေရော အလေးထား သုံးသပ် တိုင်ပင် ဆွေးနွေးဖို့ လိုတယ်ပေါ့နော်။ ဒီကိစ္စကို ကျွမ်းကျွမ်းကျင်ကျင် နားလည်တဲ့လူတွေနဲ့ ဆွေးနွေးတိုင်ပြင်ပြီးတော့ လုပ်တာက ပိုပြီးတော့ အဆင်ပြေနိုင်တာပေါ့လေ။”

ဒါပေမယ့်လည်း ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေဟာ နိုင်ငံသားဖြစ်ဖို့တင်းကြပ်ထားတဲ့ ဥပဒေဖြစ်တယ်လို့ဝေဖန် ထောက်ပြမှုတွေလည်းရှိပါတယ်။ ရခိုင်အရေး ကိုဖီအာနန်ကော်မရှင် အကြံပြုချက်တွေထဲမှာ ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပြန်လည်စိစစ်သုံးသပ်ဖို့ ပါဝင်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကိုတော့ မြန်မာအစိုးရဘက်က လက်သင့်မခံပါဘူး ဒါပေမယ့်လို့ ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေကို ပြန်လက်ခံမယ်လို့တော့ ကတိပြုထားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေရဲ့ကုလ အထွေထွေညီလာခံမိန့်ခွန်းထဲမှာတော့ မြန်မာဘက်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရှိသူတွေကို နိုင်ငံသား အသိအမှတ်ပြု မှတ်ပုံတင် ထုတ်ပေးမယ်၊ ကျန်တဲ့သူတွေကိုတော့ အမေရိကန် ပြည်ထောင်စုမှာ အမြဲတမ်းနေထိုင်ခွင့် Green Card နဲ့ ဆင်တူတဲ့ NVC ကတ်တွေ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

......................

{Unicode}















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG