ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားမှာ ခိုလှုံနေရတဲ့ မြန်မာဘက်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး နိုင်ငံသားဥပဒေအရ နိုင်ငံသားဖြစ်ခွင့် ရှိသူတွေကို နိုင်ငံသား အသိအမှတ်ပြု မှတ်ပုံတင် ထုတ်ပေးမှာဖြစ်ပြီး ကျန်တဲ့သူတွေကိုတော့ အမေရိကန် ပြည်ထောင်စုမှာ အမြဲတမ်းနေထိုင်ခွင့် Green Card နဲ့ ဆင်တူတဲ့ NVC ကတ်တွေ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂ အထွေထွေညီလာခံမိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။
စနေနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေက အထွေထွေမူဝါဒရေးရာ မိန့်ခွန်းမှာ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးရသူတွေကို မြန်မာဘက်က လက်ခံလိုကြောင်း၊ ဘင်္ဂလားဒေ့ရှ်ဘက်က နှစ်နိုင်ငံ သဘောတူညီချက် အတိုင်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းသွားပါတယ်။
ရခိုင်အရေးကိစ္စက မြန်မာရင်ဆိုင်နေရတဲ့ အရှုပ်ထွေးဆုံး ကိစ္စဖြစ်ပြီး လက်ရှိ မြန်မာအစိုးရရဲ့ ဦးစားပေးလုပ်ငန်းကတော့ နေရပ်စွန့်ခွာသွားသူတွေကို စိစစ်ပြီး ပြန်လည်လက်ခံရေးနဲ့ ပြန်ရောက်လာသူတွေကို ကောင်းမွန်တဲ့ပတ်ဝန်းကျင် ဖန်တီးပေးရေးတို့ ဖြစ်တယ်လို့လည်း မူဝါဒရေးရာ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ဌာနေပြန်ရေးက နှစ်ကြိမ်တိုင်တိုင် မအောင်မမြင် ဖြစ်ခဲ့တာပါ။ ဒုက္ခသည်တွေဘက်က ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ်ပြုဖို့၊ နောက် နိုင်ငံသားဖြစ်ခွင့်ပေးဖို့ တစိုက်မတ်မတ် တောင်းဆိုနေပေမယ့် မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်သင့်မခံပါဘူး။ ဒါ့အပြင် နိုင်ငံသားဖြစ်ရေးအတွက် တည်ဆဲဥပဒေအရ ဆောင်ရွက်ရမယ်လို့ ပြောဆိုထားတာကြောင့် နိုင်ငံသားဖြစ်ခွင့်ကလည်း မရေမရာ ဖြစ်နေဆဲပါ။
---------------------------
(Unicode)