သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွဲပြားသူတွေ ယှဉ်တွဲနေနိုင်ရေး အစိုးရဆန္ဒမှန်လုပ်ရပ် လိုအပ်


ကုတုပလောင် ဒုက္ခသည်စခန်းတွင် ဆုတောင်းပွဲကျင်းပနေသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)
ကုတုပလောင် ဒုက္ခသည်စခန်းတွင် ဆုတောင်းပွဲကျင်းပနေသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (သြဂုတ် ၂၅၊ ၂၀၁၉)

မြန်မာနိုင်ငံတွင်း မတူကွဲပြားတဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ ဘာသာလူမျိုး မတူသူတွေကြား ရန်လိုမုန်းတီးမှုတွေနဲ့ အမုန်းပွားမှုတွေမရှိဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်အောင် အစိုးရအာဏာပိုင်တွေကိုယ်တိုင်က လူထုတွင်း လူမှုအတွေးအခေါ် အပြောင်းအလဲတွေ ဦးဆောင်လုပ်ပြသင့်တယ်လို့ မတူကွဲပြားသူတွေကြား အတူယှဉ်တွဲနေနိုင်ရေး ဦးဆောင်လှုပ်ရှားနေသူတွေက တိုက်တွန်း တောင်းဆိုလိုက်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်လာရဲအောင် မြန်မာနိုင်ငံ အခြေအနေတွေက ကွဲပြားမှုတွေအပေါ် လက်သင့်ခံနိုင်တဲ့ အနေအထား ရောက်တဲ့အထိ အစိုးရအနေနဲ့ တကယ့်ဆန္ဒမှန်နဲ့ လုပ်ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရဲ့ ကုလညီလာခံမှာ တောင်းဆိုချက်အပေါ် အခုလို သုံးသပ် အကြံပြုလိုက်ကြတာပါ။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်တွေပါ တက်ရောက်နေတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့ စက်တင်ဘာလ ၂၇ ရက် သောကြာနေ့က ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ရိုဟင်ဂျာတွေ ဌာနေပြန်ပို့ရေးနဲ့ ပတ်သက်ပြီး ရေရှည်အတွက် ဖြေရှင်းဖို့ အချက် ၄ ချက်ပါတဲ့ အဆိုပြုချက်ကို တင်ပြခဲ့တာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံမှာ အတူယှဉ်တွဲ နေထိုင်နိုင်အောင် လုပ်ပေးဖို့ဆန္ဒ မြန်မာအစိုးရမှာရှိကြောင်း ပြသဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ရဲ့ တောင်းဆိုချက်အပေါ် မြန်မာနိုင်ငံတွင်း ကိုးကွယ်ယုံကြည်မှု မတူညီသူတွေကြား အမုန်းမပွားအောင်လို့ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေး လှုပ်ရှားသူတွေကလည်း လက်ခံ သဘောတူကြပါတယ်။

ရခိုင်ပြည်နယ်တွင်း ရှေးယခင်ကတည်းက အတူယှဉ်တွဲနေထိုင်ခဲ့ကြသူချင်း ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ရေး ဘာသာရေး ခေါင်းဆောင်တွေကပါ ရှေ့ဆောင်လုပ်မှ ရမယ်လို့ မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အဓိကဦးဆောင် ဆောင်ရွက်နေတဲ့ (Religion for Peace - ငြိမ်းချမ်းမေတ္တာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့) အဖွဲ့ဝင်လည်းဖြစ် အစ္စလာမ်ဓမ္မဗိမာန် ဦးဆောင်ဆော်သြရေးမှူး ဦးအေးလွင်က အခုလိုပြောဆိုလိုက်ပါတယ်။

“အတူတကွ နေထိုင်ဖို့ဆိုရင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးပေါ့ Reconciliation က အင်မတန် အရေးကြီးပါတယ်။ မဖြစ်နိုင်စရာအကြောင်းလည်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ တချိန်တုန်းက သူတို့က အေးတူပေါင်းဖက် အတူနေခဲ့ကြတာ ရာစုနှစ် မြောက်မြားစွာ အတူနေခဲ့ကြတာပါ။ အဲဒါကြောင့် ဒီကိစ္စရပ်က အထူးလိုအပ်ချက်တရပ် ဖြစ်တယ်ဆိုတာ အငြင်းပွားစရာ မရှိပါဘူး။ အဲလိုလုပ်ဖို့အတွက် ကျနော်တို့ ငြိမ်းချမ်းမေတ္တာ Religion for Peace ကလည်းပဲ နှစ်ဖက်အုပ်စုများ သဟဇာတ ဖြစ်ရေးအတွက်ကို ကြိုးစားပြီး ဆောင်ရွက်နေတာလေးတွေ တဖြည်းဖြည်းချင်း ကျနော်တို့ လုပ်နေပါတယ်။ သို့သော်လည်းပဲ မှိုင်းတိုက်ထားတဲ့ဟာတွေ၊ အဖျက်သမားတွေ၊ အဓမ္မဝါဒီတွေက သွေးထိုးထားတဲ့ဟာတွေက တော်တော်လေး ပြည်သူတွေကြားမှာ အဆိပ်က သင့်နေတယ်။ အဲဒီအဆိပ်တွေကို ပြေပျောက်အောင် လုပ်ရမယ်။ အောက်ခြေမှာရှိတဲ့ ပြည်သူများပေါ်မှာ သြဇာရှိတဲ့ ဘာသာအသီးသီးက ဘာသာရေးခေါင်းဆောင်များကလည်းပဲ အဲဒီလို သမိုင်းကြောင်းအရရော ကျမ်းဂန် ဒေသနာများမှာလာတဲ့ မေတ္တာတရားနဲ့ အမုန်းတရား မထားရေးဆိုတဲ့ ဒေသနာတော်တွေနဲ့ ပြန်လည်လုပ်မယ်ဆိုရင်တော့ ဒုက္ခသည်များ ပြန်လာရေးရော ရေရှည် ရခိုင်ပြည် ငြိမ်းချမ်းသာယာပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးကရော ဖြစ်လာမယ်လို့ ကျနော် ယုံကြည်ပါတယ်ခင်ဗျ။”

မြန်မာနိုင်ငံတွင်း ဘာသာမတူသူတွေကြား အမုန်းတရားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေမှုတွေရှိနေချိန် မေတ္တာတရားကို အခြေခံတဲ့ လူ့ဘောင်အဖွဲ့အစည်းဖြစ်အောင် တည်ဆောက်ကြဖို့ အစိုးရကိုယ်တိုင်က လူမှုအပြောင်းအလဲ လူမှုအတွေးအခေါ် အပြောင်းအလဲတွေဖြစ်ဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ လက်တွဲလုပ်ဆောင်သင့်တယ်လို့လည်း Synergy လူမှုသဟဇာတ ဖော်ဆောင်ရေးအဖွဲ့က ကိုသက်ဆွေဝင်းက အကြံပြုပါတယ်။

“ဒီအစိုးရရော၊ ကျနော်တို့ဆီမှာက Social Change အကြီးကြီးတခု လုပ်ဖို့လိုပါတယ်။ လူမှုရေး အပြောင်းအလဲ၊ လူမှုအတွေးအခေါ် အပြောင်းအလဲမျိုးတွေ ကျနော်တို့ဆီမှာ လုပ်ဖို့လိုပါတယ်။ ဒါတွေကိုလည်း အစိုးရကနေ ဦးဆောင်ပြီး လုပ်ရမှာပါ။ အဲဒီအခါမှာလည်း အစိုးရဘက်ကနေပြီးတော့ အခုလိုမျိုး ဘက်လိုက်ပြီးတော့ ဘက်တဖက်ကို ကပ်ပြီး ပြောနေတာမျိုးဆိုရင်တော့ အဆင်မပြေနိုင်ပါဘူး။ အရှိတရားတွေကို အသိအမှတ် ပြုပြီးတော့ လုပ်မှ ရပါလိမ့်မယ်။ အဲတော့ ပြန်လာမယ်ဆိုလို့ရှိရင်လည်း အခုလက်ရှိ အနေအထားမှာ မြန်မာပြည်ဘက်က ပြင်ဆင်ထားတာမျိုးတွေ ဘာမှမရှိသလို ရေရှည်မှာ လက်တွဲနေထိုင်သွားဖို့ အတွက်ကိုလည်း လူမှုပေါင်းစည်းရေးတွေ၊ လူမှုသဟဇာတ ဖော်ဆောင်ရေးတွေ အခုချိန်ထိ ဘာမှ လုပ်ဆောင်နေတာမျိုးတွေ မတွေ့ရသေးပါဘူးခင်ဗျ။”

အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်သွားသူ ဒုက္ခသည်တွေအပေါ် လူမှုကွန်ရက်စာမျက်နှာ မီဒီယာတွေကနေတဆင့် လူထုအတွင်း သတင်းဖြန့်ဝေ လှုံ့ဆော်မှုတွေ အမုန်းတရား ဖြန့်ချိမှုတွေကိုလည်း တာဝန်ရှိသူတွေဘက်က အရေးယူကိုင်တွယ်မှုတွေ လုပ်မှပဲ မြန်မာနိုင်ငံမှာ မတူကွဲပြားသူတွေကြား အတူယှဉ်တွဲနေထိုင်ရေး ဖြစ်နိုင်မယ်လို့ ကိုသက်ဆွေဝင်းက ပြောပါတယ်။

“အစိုးရအနေနဲ့က ဒီလူတွေကို ပြန်ခေါ်ဖို့အတွက် နံပါတ်တစ် Political Will မရှိဘူးလို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ နိုင်ငံတကာ ဖိအားကြောင့်မို့သာ လုပ်ပြနေရတာပေါ့နော်။ သိသာတာကတော့ ပြည်တွင်းမှာလည်း ဒီ ရိုဟင်ဂျာဆိုတဲ့သူတွေဟာ ခိုးဝင်ဘင်္ဂါလီတွေ ဖြစ်ပါတယ်ဆိုတဲ့ဟာကို အစိုးရရော၊ တပ်ဘက်ကရော၊ မီဒီယာတွေရော၊ လွှတ်တော်အမတ်တွေကပါ ဒါကို သူတို့ ထပ်ခါထပ်ခါ ပြောနေတာမျိုးတွေ ရှိတုန်းပဲ။ ကျနော်တို့လှုပ်ရှားမှုတွေက ပြည်သူ့အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့က ရေရှည်ရပ်တည်ဖို့အတွက် ရေရှည်လှုပ်ရှားဖို့အတွက် ဒါမျိုးတွေမှာ နိုင်သလောက် လုပ်နေသော်ငြားလည်း ထိရောက်မှုပိုင်းဆိုင်ရာမှာ အစိုးရယန္တရားက လုပ်နိုင်သလောက်မျိုး ကျနော်တို့ မလုပ်နိုင်ပါဘူး။ အဲတော့ ဒီလိုဟာမျိုး လှုပ်ရှားမှုတွေကို အစိုးရက ပူးပေါင်းပြီး ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ လုပ်ရမယ့်ကိစ္စကတော့ အစိုးရဘက်ကနေပြီးတော့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပါ၊ ပေါင်းစည်းပါ၊ ညှိနှိုင်းဆွေးနွေး တိုင်ပင်ပါ။ ပြီးတော့ အတူတကွ လုပ်ဆောင်ပါပေါ့။ အဲဒီအခါကျမှပဲ ကျနော်တို့က ရှေ့ဆက်ပြီး ဘယ်လိုသွားရမလဲဆိုတဲ့ Mechanism တခု လှုပ်ရှားဆောင်ရွက်လို့ရမယ့် ပုံစံတခု ပေါ်လာမှာဖြစ်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ နေရပ်ရင်းပြန်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရ၊ ဒေသတွင်းနိုင်ငံတွေနဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက တောင်းဆိုနေကြချိန်မှာ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံထားတဲ့ မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေ ပြန်လည်လက်ခံဖို့ အသင့်ရှိနေပါပြီ ဆိုတာကို အစဉ်တစိုက် ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

---------------------------

(Unicode)












တိုက်ရိုက် လင့်ခ်


XS
SM
MD
LG