သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာျပည္ကို ျပန္လို - မျပန္လိုတဲ႔ ဒုကၡသည္တခ်ိဳ႕


ဘဂၤလားေဒ့ရွ္ေရာက္ ရိုဟင္ဂ်ာဒုကၡသည္ေတြထဲမွာလည္း တခ်ိဳ႕က ျမန္မာျပည္ဘက္ကို ျပန္လာေနၾကျပီျဖစ္ေပမယ့္ တခ်ိဳ႕ကေတာ့ အေျခခံလူ႔အခြင့္အေရးေတြမရလို႔ ျပန္ခ်င္ေပမယ့္ မျပန္ဘူးလို႔ ေျပာေနၾကသူေတြလည္း ရွိပါတယ္။

ဒီအေၾကာင္းကို မဆုမြန္က ဆက္ၿပီးေတာ့ ေျပာျပမွာပါ။

ဘဂၤလားေဒ့ရွ္ေရာက္ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြထဲမွာလည္း ျမန္မာႏုိင္ငံကုိ ျပန္လုိသူေတြ ရွိေနၾကပါတယ္။ ဒါေပမဲ့လည္း ေနရပ္ျပန္တဲ့အခါ လုံၿခံဳမႈနဲ႔ အေျခခံအခြင့္အေရးေတြ ရဖုိ႔လည္း ေတာင္းဆုိေနၾကတာပါ။ ေမာင္ေတာၿမိဳ႕နယ္ကေန အခုအခါ မိသားစု၀င္ ၁၂ ေယာက္နဲ႔အတူ ဘဂၤလားေဒ့ရွ္ႏုိင္ငံ Cox's Bazar က ကူတူပေလာင္ ဒုကၡသည္စခန္းမွာ ေနထုိင္ေနတဲ့ ႐ုိဟင္ဂ်ာ ဒုကၡသည္တဦးျဖစ္တဲ့ Surat Alam ကေတာ့ စခန္းတြင္းမွာ မျပည့္မစုံေနထုိင္ေနရတယ္လုိ႔ ဗြီအုိေအ ဘဂၤလားေဒ့ရွ္ဌာနကုိ ေျပာပါတယ္။ ဒီအတြက္လည္း သားသမီးေတြ ေရွ႕ေရးဟာ စိတ္ပူစရာ ေကာင္းတယ္လုိ႔ ေျပာခဲ့တာပါ။

“က်က်နန ပညာသင္ေပးတာမ်ဳိး မရွိတဲ့အတြက္ က်ေနာ္တုိ႔ ကေလးေတြရဲ႕ အနာဂတ္ဟာ တေန႔ထက္တေန႔ ပ်က္စီးလာေနပါတယ္။ ဒါေၾကာင့္လည္း ဒီစခန္းေတြမွာ တစကၠန္႔ေလးေတာင္ မေနခ်င္ေတာ့ပါဘူး။ က်ေနာ္တုိ႔ရဲ႕ ႏုိင္ငံသား အခြင့္အေရး၊ ေဘးကင္းလုံၿခံဳမႈေတြသာ ရွိမယ္ဆုိရင္ က်ေနာ္တုိ႔ ခ်က္ခ်င္းျပန္မွာပါ။”

၂၀၁၇ ၾသဂုတ္လထဲ ရခုိင္ျပည္နယ္ ေျမာက္ပုိင္းမွာရွိတဲ့ လုံၿခံဳေရးကင္းစခန္းေတြကုိ စီးနင္း တုိက္ခုိက္ခဲ့တဲ့ ARSA ႐ုိဟင္ဂ်ာ အစြန္းေရာက္အုပ္စုကုိ ျမန္မာစစ္တပ္က လုိက္လံရွင္းလင္းရာက သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာေတြ ဘဂၤလားေဒ့ရွ္ ႏုိင္ငံဘက္ ထြက္ေျပးခဲ့ၾကတာပါ။

ျမန္မာအစုိးရကေတာ့ ႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ လက္မခံေပမဲ့ ဒုကၡသည္ေတြ ျပန္လည္ လက္ခံဖုိ႔အတြက္ ဘဂၤလားေဒ့ရွ္ႏုိင္ငံနဲ႔ေရာ ဒုကၡသည္မ်ားဆုိင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး (UNHCR) နဲ႔႔ပါ သီးျခားစီ သေဘာတူညီခ်က္ေတြကုိ လက္မွတ္ေရးထုိးထားတာပါ။ ဒါေပမဲ့လည္း ဒုကၡသည္ ေနရပ္ျပန္ပုိ႔ေရး ၂ ႀကိမ္တုိင္တုိင္ စီစဥ္ခဲ့တာေတြ မေအာင္မျမင္ ျဖစ္ခဲ့ၿပီး ေနာက္မွာေတာ့ အျပန္အလွန္ အျပစ္တင္တာေတြလည္း ရွိခဲ့ပါတယ္။

႐ုိဟင္ဂ်ာ ဒုကၡသည္ Surat Alam ကေတာ့ အေျခခံအခြင့္အေရးေတြနဲ႔ တရားမွ်တမႈေတြ ရရွိမွသာ ေနရပ္ျပန္ဖုိ႔ ဆုံးျဖတ္ထားတယ္လုိ႔ ေျပာပါတယ္။

“ဇာတိေျမကုိျပန္ဖုိ႔ က်ေနာ္တုိ႔ ေတာင္းဆုိထားတာ တခ်ဳိ႕ရွိပါတယ္။ ဒါေတြကေတာ့ နံပတ္ ၁ ႏုိင္ငံသား အခြင့္အေရး ျပန္လည္ရရွိေရး၊ နံပတ္ ၂ ေဘးကင္းလုံၿခံဳေရး၊ နံပတ္ ၃ ကုလသမဂၢ လုံၿခံဳေရးတပ္ဖဲြ႔၊ နံပတ္ ၄ ကေတာ့ က်ေနာ္တုိ႔အေပၚ ရာဇ၀တ္မႈေတြ က်ဳးလြန္ခဲ့သူေတြကုိ ဥပေဒနဲ႔အညီ အေရးယူဖုိ႔နဲ႔ နစ္နာဆုံး႐ႈံးခဲ့ရတာေတြကုိ အေလ်ာ္ေပးဖုိ႔ ျဖစ္ပါတယ္။”

ကုလသမဂၢရဲ႕ ခန္႔မွန္းခ်က္အရ ၂၀၁၇ ႏွစ္မွာ ေနာက္ထပ္ ေရာက္လာသူေတြနဲ႔ပါဆုိရင္ အခုအခါ ၉ သိန္းေက်ာ္အထိ ရွိေနတဲ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး မေရမရာ ျဖစ္ေနခ်ိန္မွာပဲ ဘဂၤလားေဒ့ရွ္ ႏုိင္ငံက ဒုကၡသည္ေတြကုိ တတိယႏုိင္ငံေတြက လက္ခံဖုိ႔ ဆႏၵရွိမရွိ သေဘာထား ေမးျမန္းတာေတြလည္း ရွိေနပါတယ္။ ဒုကၡသည္အေရး ေျဖရွင္းဖုိ႔ နည္းလမ္းတခုအျဖစ္ တျခားႏုိင္ငံ တခုခုက လက္ခံဖုိ႔ လမ္းဖြင့္ထားေၾကာင္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီး Dr. AK Abdul Momen က ဒီသီတင္းပတ္ထဲ နယူးေယာက္ၿမိဳ႕မွာ က်င္းပေနတဲ့ ကုလသမဂၢ ႏွစ္ပတ္လည္ အေထြေထြ ညီလာခံအတြင္း သတင္းေထာက္ေတြကုိ ေျပာခဲ့တာပါ။ ဒါေပမဲ့လည္း ဒုကၡသည္ေတြကုိ အလုံးအရင္းနဲ႔ လက္ခံဖုိ႔ထက္ လူၾကား ေကာင္းေလာက္ေအာင္ မေျပာပေလာက္တဲ့ အေရအတြက္ေလာက္ကုိသာ လက္ခံဖုိ႔ ေျပာဆုိေနတဲ့ ႏုိင္ငံတခ်ဳိ႕သာ ရွိေနေသးတယ္လုိ႔လည္း ေျပာဆုိခဲ့ပါတယ္။

................

{Unicode}

မြန်မာပြည်ကို ပြန်လို - မပြန်လိုတဲ့ ဒုက္ခသည်တချို့

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာလည်း တချို့က မြန်မာပြည်ဘက်ကို ပြန်လာနေကြပြီဖြစ်ပေမယ့် တချို့ကတော့ အခြေခံလူ့အခွင့်အရေးတွေမရလို့ ပြန်ချင်ပေမယ့် မပြန်ဘူးလို့ ပြောနေကြသူတွေလည်း ရှိပါတယ်။ ဒီအကြောင်းကို မဆုမွန်က ဆက်ပြီးတော့ ပြောပြမှာပါ။

ဘင်္ဂလားဒေ့ရှ်ရောက် သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲမှာလည်း မြန်မာနိုင်ငံကို ပြန်လိုသူတွေ ရှိနေကြပါတယ်။ ဒါပေမဲ့လည်း နေရပ်ပြန်တဲ့အခါ လုံခြုံမှုနဲ့ အခြေခံအခွင့်အရေးတွေ ရဖို့လည်း တောင်းဆိုနေကြတာပါ။ မောင်တောမြို့နယ်ကနေ အခုအခါ မိသားစုဝင် ၁၂ ယောက်နဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ကူတူပလောင် ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တဦးဖြစ်တဲ့ Surat Alam ကတော့ စခန်းတွင်းမှာ မပြည့်မစုံနေထိုင်နေရတယ်လို့ ဗွီအိုအေ ဘင်္ဂလားဒေ့ရှ်ဌာနကို ပြောပါတယ်။ ဒီအတွက်လည်း သားသမီးတွေ ရှေ့ရေးဟာ စိတ်ပူစရာ ကောင်းတယ်လို့ ပြောခဲ့တာပါ။

“ကျကျနန ပညာသင်ပေးတာမျိုး မရှိတဲ့အတွက် ကျနော်တို့ ကလေးတွေရဲ့ အနာဂတ်ဟာ တနေ့ထက်တနေ့ ပျက်စီးလာနေပါတယ်။ ဒါကြောင့်လည်း ဒီစခန်းတွေမှာ တစက္ကန့်လေးတောင် မနေချင်တော့ပါဘူး။ ကျနော်တို့ရဲ့ နိုင်ငံသား အခွင့်အရေး၊ ဘေးကင်းလုံခြုံမှုတွေသာ ရှိမယ်ဆိုရင် ကျနော်တို့ ချက်ချင်းပြန်မှာပါ။”

၂၀၁၇ သြဂုတ်လထဲ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ လုံခြုံရေးကင်းစခန်းတွေကို စီးနင်း တိုက်ခိုက်ခဲ့တဲ့ ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကို မြန်မာစစ်တပ်က လိုက်လံရှင်းလင်းရာက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ကြတာပါ။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံပေမဲ့ ဒုက္ခသည်တွေ ပြန်လည် လက်ခံဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ရော ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR) နဲ့ပါ သီးခြားစီ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးထားတာပါ။ ဒါပေမဲ့လည်း ဒုက္ခသည် နေရပ်ပြန်ပို့ရေး ၂ ကြိမ်တိုင်တိုင် စီစဉ်ခဲ့တာတွေ မအောင်မမြင် ဖြစ်ခဲ့ပြီး နောက်မှာတော့ အပြန်အလှန် အပြစ်တင်တာတွေလည်း ရှိခဲ့ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် Surat Alam ကတော့ အခြေခံအခွင့်အရေးတွေနဲ့ တရားမျှတမှုတွေ ရရှိမှသာ နေရပ်ပြန်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

“ဇာတိမြေကိုပြန်ဖို့ ကျနော်တို့ တောင်းဆိုထားတာ တချို့ရှိပါတယ်။ ဒါတွေကတော့ နံပတ် ၁ နိုင်ငံသား အခွင့်အရေး ပြန်လည်ရရှိရေး၊ နံပတ် ၂ ဘေးကင်းလုံခြုံရေး၊ နံပတ် ၃ ကုလသမဂ္ဂ လုံခြုံရေးတပ်ဖွဲ့၊ နံပတ် ၄ ကတော့ ကျနော်တို့အပေါ် ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့သူတွေကို ဥပဒေနဲ့အညီ အရေးယူဖို့နဲ့ နစ်နာဆုံးရှုံးခဲ့ရတာတွေကို အလျော်ပေးဖို့ ဖြစ်ပါတယ်။”

ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ ၂၀၁၇ နှစ်မှာ နောက်ထပ် ရောက်လာသူတွေနဲ့ပါဆိုရင် အခုအခါ ၉ သိန်းကျော်အထိ ရှိနေတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မရေမရာ ဖြစ်နေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒုက္ခသည်တွေကို တတိယနိုင်ငံတွေက လက်ခံဖို့ ဆန္ဒရှိမရှိ သဘောထား မေးမြန်းတာတွေလည်း ရှိနေပါတယ်။ ဒုက္ခသည်အရေး ဖြေရှင်းဖို့ နည်းလမ်းတခုအဖြစ် တခြားနိုင်ငံ တခုခုက လက်ခံဖို့ လမ်းဖွင့်ထားကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr. AK Abdul Momen က ဒီသီတင်းပတ်ထဲ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေ ညီလာခံအတွင်း သတင်းထောက်တွေကို ပြောခဲ့တာပါ။ ဒါပေမဲ့လည်း ဒုက္ခသည်တွေကို အလုံးအရင်းနဲ့ လက်ခံဖို့ထက် လူကြား ကောင်းလောက်အောင် မပြောပလောက်တဲ့ အရေအတွက်လောက်ကိုသာ လက်ခံဖို့ ပြောဆိုနေတဲ့ နိုင်ငံတချို့သာ ရှိနေသေးတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG