သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး နိုင်ငံမဲ့ကိစ္စမှာ UNHCR ထည့်သွင်းဆွေးနွေး


ဘင်္ဂလားဒေရှ့်က ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေး လုပ်ငန်းစဉ် မအောင်မြင် ခဲ့ပေမယ့်လည်း ဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက် မြန်မာဘက်က လမ်းဖွင့်ထားတယ်ဆိုတာနဲ့ ဆန္ဒအလျောက် ဌာနေပြန်ရေးကို အလေးထားတယ်ဆိုတဲ့ အရေးကြီးတဲ့ သတင်းစကားကိုတော့ ပါးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက UNHCR အမှုဆောင် ကော်မတီ အစည်းအဝေး အဖွင့်မှာ မှတ်ချက်ပေး ပြောဆိုသွားပါတယ်။ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမှာ တနလာၤနေ့က စတင်လိုက်တဲ့ UNHCR အမှုဆောင် ကော်မတီ အစည်းအဝေးတွင်း နိုင်ငံမဲ့တွေ အရေး ဆွေးနွေးခဲ့ကြတာမှာတော့ UNHCR ရဲ့ ချစ်ကြည်ရေး သံတမန် သြစတေးလျ ရုပ်ရှင် သရုပ်ဆောင် Cate Blanchett လည်း ပါဝင်ခဲ့ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အကြိမ် ၇၀ မြောက် အမှုဆောင် ကော်မတီ အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ တနလာၤနေ့က စတင်တာမှာ နိုင်ငံမဲ့တွေ အရေးကို ဆွေးနွေးခဲ့ကြပါတယ်။ UNHCR အမှုဆောင် ကော်မတီ အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေကိုတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်နေတာပါ။ တနလာၤနေ့ အစည်းအဝေး အဖွင့်မှာတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filipo Grandi က ဒုက္ခသည်အရေး အဖွင့်မိန့်ခွန်းမှာ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး အတွက် မြန်မာ အစိုးရဘက်က အသိအမှတ်ပြုထားတဲ့ အချက်ကို အခုလို ထည့်သွင်းပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံ အစိုးရက ဘင်္ဂလားဒေရှ့်က ဒုက္ခသည်တွေရဲ့ ဌာနေပြန်ခွင့်ကို အသိအမှတ်ပြုထားပြီး ဆုံးဖြတ်ချက်တွေကို အသိပေးနိုင်ရေးနဲ့ ယုံကြည်ချက် တည်ဆောက်နိုင်ရေး အတွက် ဒုက္ခသည်တွေနဲ့ အရေးကြီးတဲ့ ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပါတယ်။ UNHCR နဲ့ UNDP တို့ကလည်း ဌာနေပြန်ရေးမှာ အထောက်အကူ ပေးတဲ့ အနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ လူမှုပေါင်းစည်းရေး ဆိုင်ရာ စီမံကိန်းတွေ ဆောင်ရွက်နေပါတယ်။ ဒါတွေက အရေးကြီးတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒုက္ခသည်တွေရဲ့ စိုးရိမ်ချက်တွေ ဖြစ်တဲ့ လွတ်လပ်စွာ သွားလာခွင့်၊ နိုင်ငံတွင်းက ဒုက္ခသည်တွေ အရေး ဖြေရှင်းဖို့နဲ့ နိုင်ငံသား ဖြစ်ခွင့်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ရှိဖို့ စတဲ့ အရေးကြီးတဲ့ ကိစ္စရပ်တွေမှာတော့ ပိုပြီး ထင်သာ မြင်သာရှိတဲ့ အပြောင်းအလဲတွေ ဖြစ်ထွန်းလာဖို့ လိုအပ်နေပါတယ်။”

ရခိုင်ပြည်နယ်တွင်း ၂၀၁၇ ခုနှစ် သြဂုတ်လ နှောင်းပိုင်းက အကြမ်းဖက်မှုတွေ နောက်ပိုင်း ဘင်္ဂလားဒေရှ့်ဘက်ကို ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီဒုက္ခသည်တွေ ဌာနေပြန်ရေး အတွက် မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ သဘောတူညီချက်နဲ့ နှစ်ကြိမ်တိုင်တိုင် ကြိုးစားခဲ့ပေမယ့် မအောင်မြင်သေးပါဘူး။ မြန်မာ အစိုးရဘက်က ဒုက္ခသည်တွေကို ပြန်လက်ခံမယ်လို့ ပြောဆိုထားပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ ဒါ့အပြင် နိုင်ငံသား ဖြစ်ခွင့်နဲ့ ပတ်သက်ပြီးလည်း ခိုင်မာတဲ့ အာမခံချက် မပေးပါဘူး။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filipo Grandi ကတော့ ဒုက္ခသည်တွေ ဌာနေပြန်ရေး မအောင်မြင်သေးတဲ့ အပေါ်မှာ အခုလို ပြောပါတယ်။

“ဌာနေပြန်ရေး စတင်ဖို့ သြဂုတ်လ အတွင်း နှစ်နိုင်ငံ ပူးပေါင်းပြီး ဒုတိယ အကြိမ်မြောက် ဆောင်ရွက်မှုမှာလည်း ဒုက္ခသည် တဦးတယောက်မှ မပြန်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်ဟာဆိုရင် ဌာနေပြန်ရေး အတွက် ဖွင့်ထားပြီး ဆန္ဒအလျောက် ဖြစ်စေဖို့ အလေးထားတယ်ဆိုတဲ့ အရေးကြီးတဲ့ သတင်းစကားကိုတော့ ပေးနိုင်ခဲ့ပါတယ်။

ဒီအချက်ဟာဆိုရင် ဒုက္ခသည်တွေရဲ့ တောင်းဆိုချက်တွေနဲ့ ရွေးချယ်မှုကသာ အခရာ ဖြစ်တဲ့ ပိုပြီး ထိရောက်နိုင်တဲ့ ချဉ်းကပ်ဆောင်ရွက်မှု အတွက် လမ်းပွင့်သွားစေနိုင်တယ်လို့ ကျနော် မျှော်လင့်ပါတယ်။ UNHCR အနေနဲ့ကတော့ အကြံဉာဏ်ပေးဖို့နဲ့ ထောက်ပံ့ဖို့ အဆင့်သင့် ရှိနေပါတယ်။”

UNHCR ရဲ့ အကြိမ် ၇၀ မြောက် အမှုဆောင် ကော်မတီ အစည်းအဝေး အဖွင့်မှာဘဲ ကမ္ဘာတလွှား နိုင်ငံမဲ့ ဖြစ်နေကြရသူတွေ အရေးကိုလည်း အထူးဆွေးနွေးခဲ့ကြပါတယ်။ ဒီဆွေးနွေးပွဲ အပြီးမှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ UNHCR ရဲ့ ချစ်ကြည်ရေး သံတမန် သြစတေးလျ ရုပ်ရှင် သရုပ်ဆောင် Cate Blanchett က ကမ္ဘာတလွှား နိုင်ငံမဲ့ ပြဿနာကို ရိုဟင်ဂျာ အရေးလို ကြီးထွားမလာဖို့ လိုတယ်လို့ တိုက်တွန်းသွားပါတယ်။

“ဘင်္ဂလားဒေရှ့်ကို ကြည့်မယ်ဆိုရင် ကျမ အဲဒီကို ရောက်ခဲ့ချိန်မှာ နိုင်ငံမဲ့ ရိုဟင်ဂျာတွေကြောင့် ဖြစ်ရတဲ့ ပြဿနာက အဆမတန် ကြီးမားပါတယ်။ ဒီပြသနာကြီးကနေ ကျမတို့ သင်ယူကြရမယ်လို့ ထင်ပါတယ်။ ဒေသတွင်း ပြဿနာလေးက ဆယ်စုနှစ်တွေနဲ့ချီ ကြာလာတဲ့ အခါမှာ နိုင်ငံ နယ်နိမိတ်ကို ကျော်လွန်လာပြီးနောက် နိုင်ငံတကာ ပြဿနာကြီး ဖြစ်လာခဲ့တာပါ။ ဆိုတော့ တခြား နိုင်ငံမဲ့ ပြဿနာတွေကိုလည်း အခု ဘင်္ဂလားဒေရှ့် ကြုံတွေ့နေရတဲ့ ရိုဟင်ဂျာ ပြသနာမျိုး အထိ ကြီးထွားမလာစေဖို့ လိုအပ်ပါတယ်။”

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR က ကမ္ဘာတလွှား နိုင်ငံမဲ့ ပြဿနာတွေ ၂၀၂၄ ခုနှစ်မှာ အဆုံးသတ်နိုင်ရေး ရည်ရွယ်တဲ့ #IBelong ဆိုတဲ့ လှုပ်ရှားမှုကို ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့ပြီး အခု ၂၀၁၉ ခုနှစ်မှာ လှုပ်ရှားမှုကာလ ထက်ဝက်ပြည့်ချိန် ဖြစ်ပါတယ်။ လှုပ်ရှားမှု ကာလ ၅ နှစ်တာ အတွင်း နိုင်ငံမဲ့ လူဦးရေ ၂၂၀၀၀၀ ဟာ နိုင်ငံသား ဖြစ်ခွင့်ရခဲ့ပြီး ဖြစ်ပါတယ်။ ဒီနှစ် ဇူလိုင်လမှာဘဲ Kyrgyztan နိုင်ငံက ဖော်ထုတ်သိရှိထားသမျှ နိုင်ငံမဲ့ ဖြစ်မှု အားလုံးကို အပြည့်အ၀ ဖြေရှင်းပြီးပြီလို့ ကမ္ဘာ့ ပထမဆုံး နိုင်ငံ အဖြစ် ကြေညာနိုင်ခဲ့ပါတယ်။

..................

{Unicode}











တိုက်ရိုက် လင့်ခ်


XS
SM
MD
LG