သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်စခန်း ခြံစည်းရိုးခတ်မည့်ကိစ္စ HRW ကန့်ကွက်


“no-man’s land” ဇုံရှိ သံဆူးကြိုးများ (ဓါတ်ပုံ © 2018 Ye Aung Thu/AFP/Getty Images)
“no-man’s land” ဇုံရှိ သံဆူးကြိုးများ (ဓါတ်ပုံ © 2018 Ye Aung Thu/AFP/Getty Images)

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေအားလုံးမှာ သံဆူးကြိုးကာရံမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ အစီအစဉ်ဟာ ထိန်းသိမ်းရေးစခန်းတွေမှာ ချုပ်နှောင်ထားတဲ့ပုံစံမျိုး ဖြစ်နေတဲ့အတွက် အစီအစဉ်ကို ရပ်တန့်ဖို့ နယူးရောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးက မနေ့ အင်္ဂါနေ့က တောင်းဆို လိုက်ပါတယ်။

ဒုက္ခသည်တွေ သွားလာခွင့်ကို ပိုမိုတင်းကြပ်လာမယ့်အခြေအနေကြောင့် အခက်အခဲတွေ ပိုပြီးရင်ဆိုင်လာရမှာကို စိုးရိမ်နေကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတဦးကပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

ဘင်္ဂလားဒေ့ရှ် Cox’s Bazar မှာရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရဲ့ ပတ်ပတ်လည်လည်မှာ သံဆူးကြိုးတွေ ကာရံပြီး လုံခြုံရေး ကင်းစောင့်မျှော်စင်တွေ တည်ဆောက်ဖို့ ဝန်ကြီးချုပ် Sheikh Hasina က အတိအကျ ညွန်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan က ၂၀၁၉ စက်တင်ဘာလ ၂၆ ရက် မှာ ကြေညာခဲ့တာပါ။ ဒီအစီအစဉ်ဟာ ဒုက္ခသည်တွေရဲ့ လွတ်လပ်စွာ သွားလာခွင့်ကို ချိုးဖောက်ရာရောက်တယ်လို့ အောက်တိုဘာလ (၁)ရက် အင်္ဂါနေ့ ကထုတ်ပြန်တဲ့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ ကြေညာချက်မှာ ဝေဖန်ထားပါတယ်။

ဒုက္ခသည်တွေကို အကာအကွယ်ပေးမယ့်အစား သံဆူးကြိုးခတ်ပြီး ထိန်းသိမ်းရေးစခန်းလို ထားမယ့် ကိစ္စဟာ လက်ခံနိုင်ဖွယ်မရှိဘူးလို့ HRW အာရှရေးရာ တာဝန်ခံ Brad Adams က ဗွီအိုအေကို ပြောပါတယ်။

“ဒုက္ခသည်စခန်းတွေမှာ ရာဇဝတ်ကျူးလွန်မှုတွေ၊ ရာဇဝတ်ဂိုဏ်းအုပ်စုတွေနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ စိုးရိမ်ရမယ်ဆိုတာ မှန်ပါတယ်။ အဲဒီနေရာတွေမှာလည်း ရာဇဝတ်ပြစ်မှု ကျူးလွန်မယ့် သူတွေရှိပါလိမ့်မယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ အဲဒီမှာရှိတဲ့ ဒေသခံအသိုင်းအဝိုင်းကို ကောင်းမွန် လုံခြုံမှုတွေ ရှိစေချင်မှာပါ။ အခုလို သိန်းနဲ့ချီတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေက သူတို့ရဲ့ သဘာဝအရင်းအမြစ်တွေကို သုံးစွဲနေတာကိုလည်း သူတို့ စိုးရိမ်ကြပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေကို သံဆူးကြိုးတွေခတ်ပြီး လုံခြုံရေးမျှော်စင်တွေနဲ့ ထိန်းသိမ်းရေး စခန်းလိုမျိုး ထားမယ့်ကိစ္စကတော့ အဖြေမဟုတ်ပါဘူး။ အဖြေကတော့ ညှဉ်းပမ်းရာမျိုး မရောက်တဲ့ အခြေအနေမျိုးကို ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။”

လူတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးတာ၊ အသက်မွေးဝမ်းကျောင်း လုပ်ခွင့်ပြု တာတွေကို လုပ်ဆောင်ပေး သင့်တယ်လို့ Brad Adams ကပြောပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ သံဆူးကြိုး ကာရံမယ့် အစီအစဉ်ကို ရပ်ဆိုင်းဖို့ HRW အနေနဲ့ ပြင်းပြင်းထန်ထန် တိုက်တွန်းကြောင်း သူက အခုလိုပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ သူတို့ရဲ့ စဉ်းစားချက်ကို ပြောင်းလဲဖို့ ကျနော်တို့ လှိုက်လှိုက်လှဲ လှဲ တိုက်တွန်းနေပါတယ်။ ဒီလမ်းကြောင်းကို မသွားပါနဲ့။ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုကြောင့် ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေကို လက် ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ သူတို့ကို ထိန်းသိမ်းရေးအကျဉ်းစခန်းတွေလိုမျိုးမှာ ထည့်ထားမယ့်လုပ်ရပ်ဟာ တကယ်ဆိုးရွားလွန်းပါတယ်။

မေး။ ။ ဒါဆိုရင် ရခိုင်ပြည်နယ်ဘက်ကနေ ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက် ထွက်ပြေးလာတုန်းကတော့ လက်ခံခိုလှုံခွင့် ပေးထားတဲ့အတွက် ဝန်ကြီးချုပ် Sheikh Hasina ကို နိုင်ငံတကာက ဝိုင်းဝန်းချီးကျူးခဲ့တာ ဆိုတော့ အခုလို သူတို့ ဘာကြောင့် စိတ်ပြောင်းလဲ သွားတယ်လို့ မြင်လဲရှင့်။

ဖြေ။ ။ သူတို့ အလွန်အလွန်ကို စိတ်အနှောင့်အယှက်ဖြစ်နေတာပါ။ ကျနော်တို့ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ စကားပြောပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အခြေအနေတွေကို မြန်မာစစ်တပ်နဲ့ မြန်မာ အစိုးရက ဖန်တီးပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က မျှော်လင့်ထားတာပါ။ ဒါပေမယ့် ပြဿနာက မြန်မာဘက်က စခဲ့တာပါ။ ဒီပြဿနာအတွက် ဘင်္ဂလားဒေ့ရှ်မှာ တာဝန်မရှိပါဘူး။ အဲဒီမှာတင် နှစ်ဘက် ဖြေရှင်း မရဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ်ဘက် မြန်မာအစိုးရက ဖိအားအမြင့်ဆုံးပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာက မြန်မာအစိုးရက ဒါကို ဂရုမစိုက်ပါဘူး။ ဒါကြောင့်လည်း ဘင်္ဂလားဒေ့ရှ်က တရုတ်ထိတောင် သွားခဲ့ပြီး မြန်မာကို ဖိအားပေးဖို့ အကူအညီတောင်းခဲ့တာပါ။”

စက်တာဘာလ (၄)ရက်နေ့က ဘင်္ဂလားဒေ့ရှ် လွှတ်တော် ရဲ့ အမြဲတမ်းကော်မတီကနေ ဒုက္ခသည်စခန်းတွေ တဝိုက် လုံခြုံရေးအရ သံဆူးကြိုးတွေကာရံ တည်ဆောက်ဖို့ အကြံပြုခဲ့ပါတယ်။ ဒုက္ခသည်စခန်းတွေထဲက တဦးတယောက်မှ အပြင် ထွက်မရအောင်နဲ့ အပြင်ကနေ ဒုက္ခသည်စခန်းတွေထဲ ဝင်လို့မရအောင် တားဆီးဖို့ ဖြစ်တယ်လို့လည်း လွှတ်တော်ကော်မတီက ဆိုပါတယ်။

သက်ဆိုင်ရာ အာဏာပိုင်တွေဘက်ကတော့ ဒီသံဆူးကြိုးခတ်မယ့် အစီအစဉ်ကို ဒုက္ခသည်တွေကို အကြောင်းကြားခြင်း မရှိဘူးလို့ ကုတုပလောင် ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ ဦးမောင်မောင်က ဗွီအိုအေကို ပြောပါတယ်။

““သံဆူးကြိုးကာဖို့ဆိုပြီးတော့ သူတို့က ပြောတယ် ။ ဒါပေမယ့် တခြားမီဒီယာတွေမှာလည်း ကျနော်တို့တွေ့ရတယ် တခြားမီဒီယာတွေမှာ ပြောတဲ့အတိုင်းပါပဲ သူတို့ သံဆူးကြိုးကာဖို့ဆိုတဲ့ ကိစ္စမှာ အဓိက ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်သားတွေကို တာဝန်ချပေးလိုက်တယ် လို့ ကျနော်တို့ သိရပါတယ်။”

အခုလို သံဆူးကြိုးခတ်မယ့်အစီအစဉ်ဟာ ဒုက္ခသည်စခန်းတွေထဲမှာ နေထိုင်ကြတဲ့ မိဘ၊ ဆွေမျိုး၊ မိသားစုတွေကြား ဆက်သွယ်ရေးနဲ့ အခြား ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်တွေမှာ အခက်အခဲတွေ ပိုပြီး ကြုံလာရမယ့် အခြေအနေကို စိုးရိမ်မိကြောင်း ဦးမောင်မောင်ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရာဇဝတ်ကျူးလွန်မှုတွေ၊ ရာဇဝတ်ဂိုဏ်းတွေ ပိုပြီးများလာတဲ့ အခြေအနေတွေကို ထိန်းချုပ်ဖို့ စက်တင်ဘာလ (၉)ရက်ကစပြီး 3G နဲ့ 4G အင်တာနက်လိုင်း ဝန်ဆောင်မှုတွေကို ဘင်္ဂလားဒေ့ရှ် အစိုးရ ပိတ်ပစ်ခဲ့ပြီးနောက် အခု သံဆူးကြိုးခတ်မယ့် အစီအစဉ်ကို ကြေညာခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ စိစစ်ပြီးသား ဒုက္ခသည်တွေကို ပြန်ပြီးလက်ခံဖို့ အသင့်ဖြစ်နေကြောင်း ပြောဆိုထားပေမယ့် သူတို့ ဌာနေပြန်ရေး အစီအစဉ်မှာ နိုင်ငံသားဖြစ်ခွင့် ဆိုင်ရာ တောင်းဆိုချက်တွေကို မြန်မာအစိုးရက လိုက်လျောဖို့ လိုကြောင်း ဒုက္ခသည်တွေဘက်ကလည်း တောင်းဆိုထားပါတယ်။

.........................

{Unicode}

















တိုက်ရိုက် လင့်ခ်


ဆက်စပ်သတင်းများ ...

XS
SM
MD
LG