သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ ဥက္ကဌ ကုလခန့်အပ်


 ကမ္ဘောဒီးယားဆိုင်ရာ အထူးတရားရုံး ရဲ့ နိုင်ငံတကာ တွဲဖက် ရှေ့နေ Nicholas Koumjian
ကမ္ဘောဒီးယားဆိုင်ရာ အထူးတရားရုံး ရဲ့ နိုင်ငံတကာ တွဲဖက် ရှေ့နေ Nicholas Koumjian

နိုင်ငံတကာရာဇဝတ်ခုံရုံး တရားစီရင်ရေးမှာ နှစ်ပေါင်း ၃၀ ကျော်အတွေ့အကြုံရှိထားတဲ့ အမေရိကန်ရှေ့နေ Nicholas Koumjian ကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌအဖြစ် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က ဧပြီလ (၂)ရက်နေ့ အင်္ဂါနေ့ ကခန့်အပ်လိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကတော့ အခုလို ခန့်အပ်မှုကို ကန့်ကွက်ကြောင်း ဗွီအိုအေကိုပြောပါတယ်။ ဒါပေမဲ့လည်း နိုင်ငံတကာ ရာဇဝတ်မှုကျူးလွန်သူတွေကို ထိထိရောက်ရောက်အရေးယူနိုင်ရေး နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့ Mr. Koumjian ကို မြန်မာကိစ္စမှာ ကုလသမဂ္ဂ တာဝန်ပေးလိုက်တာဟာ လေးနက်မှန်ကန်ကြောင်း HRW လူ့အခွင့်အရေးအဖွဲ့ကြီးက ဗွီအိုအေကိုပြောပါတယ်။

မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

အမေရိကန်နိုင်ငံသား Nicholas Koumjian ကို (Independent Investigative Mechanism) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌအဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မနေ့ က ရွေးချယ် ခန့်အပ်လိုက်ကြောင်း ကုလအတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း အခုလိုပြောသွားပါတယ်။

"၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က လူ့အခွင့်အရေးကောင်စီမှာ ဖွဲ့စည်းခဲ့ပြီး ကုလသမဂ္ဂအထွေထွေညီလာခံက ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံတွင်း နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကို အရေးယူကိုင်တွယ်နိုင်ရေး တရားဝင်မှတ်တမ်းယူမယ့် အဖွဲ့ ရဲ့ ပထမဆုံး ဥက္ကဌအဖြစ် Mr. Koumjian ကို ခန့်အပ်လိုက်ပါတယ်။ Mr. Koumjain ဟာ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ရှေ့နေအဖြစ် နှစ်ပေါင်း ၃၅ နှစ်ကျော်တာဝန်ယူထမ်းဆောင်ခဲ့တဲ့အပြင် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးမှာ နှစ်ပေါင်း ၂၀နီးပါး အတွေ့အကြုံရှိခဲ့သူဖြစ်ပါတယ်။"

အမေရိကန် ဒေါ်လာ သန်း (၆၀)ကျော် အကုန်အကျခံမယ့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ကို ဖွဲ့စည်းဖို့ လူ့အခွင့်အရေးကောင်စီမှာ ပြီးခဲ့တဲ့နှစ်က ဆုံးဖြတ်ချက် ချမှတ်ကတည်းက မြန်မာအစိုးရက ကန့်ကွက်လာခဲ့တဲ့အတွက် အခုလို အဖွဲ့ရဲ့ ဥက္ကဌ အဖြစ် Nicholas Koumjian ကို တာဝန်ပေးတာကိုလည်း ဆက်လက်ကန့်ကွက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဗွီအိုအေကိုပြောပါတယ်။

“ ကျနော်က လက်မှမခံတာဗျာ ဘယ်သူလက်ခံခံ ကျနော်ကတော့ လက်မခံဘူး FFM တုန်းကလည်း ကျနော်လက်မခံဘူး။ Human Rights Council ကနေ သူ့လုပ်ပိုင်ခွင့်ကို ဘောင်ကျော်ပြီးတော့လုပ်တဲ့ဟာ ပိုက်ဆံပဲ ဖြုန်းတာပဲ။ အစကတည်းက ကျနော်တို့ Human Rights Council resolution ကိုလည်း ကျနော်တို့ လက်မခံဘူး ၊ ကျနော်တို့ အသိအမှတ်လည်းမပြုဘူး။ ပူးပေါင်းဆောင်ရွက်ဖို့လည်း မရှိပါဘူး။”

မြန်မာစစ်တပ်ကနေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကြီးမားပြင်းထန်လှတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို အခုချိန်ထိ မြန်မာအစိုးရဘက်က အရေးယူအပြစ်ပေးခြင်းမရှိသေးတဲ့ အပေါ်မှာ ကုလသမဂ္ဂဘက်က ဖိအားပေးဆောင်ရွက်လာနေတဲ့အနေအထားရှိနေပေမဲ့လည်း မြန်မာဘက်က လက်ခံမှာမဟုတ်ဘူးလို့ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။

“ Pressure ကတော့ နဂိုကလည်း ပေးနေတာပဲ အခုလည်း ထပ်ထပ်ပြီးတော့ ပေးနေတာပေါ့နော်။ ဒါကတော့ သိသာပါတယ်။ ပေးနေလည်း ကျနော်တို့က ကိုယ့်လုပ်ထားတဲ့ အစီအမံနဲ့ သွားရမှာပဲ ။ ကျနော်တို့က ICOE လည်းဖွဲ့ထားပြီးပြီ။ ကျနော်တို့ mechanism နဲ့ပဲ ကျနော်တို့သွားတယ်။ တပ်မတော်ကလည်း သူ့ရဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ထားတယ် အဲဒီတော့ ဒါနဲ့ ပတ်သက်လို့ ကျနော်တို့က ကိုယ်လုပ်နေတဲ့အတိုင်းပဲ ကျနော်တို့ သွားပါမယ်လို့ပြောချင်ပါတယ်။”

ကုလသမဂ္ဂဘက်ကတော့ မြန်မာတပ်မတော်ခေါင်းဆောင်တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်ကျူးလွန်မှု၊ စစ်ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးဖို့ လိုအပ်နေကြောင်း ၂၀၁၇ခုနှစ် ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး မစ်ရှင်းရဲ့အစီရင်ခံစာမှာဖေါ်ပြထားတာပါ။ ဒါကြောင့် အခုလို နောက်တဆင့် အဖြစ် မြန်မာစစ်တပ်က ကျူးလွန်တဲ့ရာဇဝတ်မှုတွေအပေါ် နိုင်ငံတကာတရားရုံးတရုံးရုံးကနေ အရေးယူနိုင်ဖို့ တိတိကျကျ မှတ်တမ်းတင်မယ့် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌအဖြစ် Nicholas Koumjian ကို ကုလအတွင်းရေးမှူးချုပ်က ခန့်အပ်တာကို ကြိုဆိုကြောင်း နယူးရောက် အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးရဲ့ အာရှရေးရာ တာဝန်ခံ Brad Adams က ဗွီအိုအေကိုပြောပါတယ်။

“နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးမှာ တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးနိုင်ဖို့ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခဲ့ပြီး အရည်အချင်းပြည့်ဝတဲ့ အတွေ့အကြုံအများကြီးရှိခဲ့သူ တဦးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အခုလို ခန့်အပ်လိုက်တဲ့အတွက် ကျနော်တို့ အလွန်ပဲ ကျေနပ်အားရမိပါတယ်။ သူက ကမ္ဘောဒီးယားကိစ္စမှာတုန်းကလည်း တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးနိုင်အောင် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ရ ရိုဟင်ဂျာတွေကို ညှင်းပန်းဖိနှိပ်မှုတွေအတွက် တာဝန်ရှိသူ တဦးချင်းစီအလိုက် အရေးယူနိုင်ရေးနဲ့ ရာဇဝတ်မှုကျူးလွန်တဲ့ မှတ်တမ်းအထောက်အထားတွေကို နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ စတင်ပြီး မြန်မြန်ဆန်ဆန် နဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

ဒီလိုမျိုး မြန်မြန်ဆန်ဆန်ဖြစ်လာဖို့ ဆောင်ရွက်ခြင်းအား လူမျိုးတုန်းသတ်ဖြတ်မှုအထိ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ပြစ်မှုအတွက် တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး ကုလသမဂ္ဂအနေနဲ့ ဘယ်လောက်အထိ အလေးထားဆောင်ရွက်နေသလဲဆိုတာ ရိုဟင်ဂျာအသိုင်းအဝိုင်းအနေ နဲ့သိလာမှာဖြစ်သလို၊ မြန်မာစစ်တပ်အနေနဲ့ ကုလသမဂ္ဂဘက်က ခြေလှမ်းတွေကို သတိထားဖို့ လိုတယ်လို့ Brad Adams က အခုလိုပြောပါတယ်။

“အခုလို ကုလသမဂ္ဂရဲ့ဆောင်ရွက်မှုဟာ အလွန်လေးနက်ကြောင်း မြန်မာစစ်တပ်အနေနဲ့ သိဖို့ အရေးကြီးပါတယ်။ တာဝန်ရှိသူတွေကို နောက်တဆင့်အနေနဲ့ အရေးယူနိုင်ရေး ဆောင်ရွက်လာတာဖြစ်ပါတယ်။ အခုလိုမျိုး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေး ရေးအဖွဲ့ရဲ့ကြိုးစားမှုရလာဒ်အဖြစ် တာဝန်ရှိတဲ့ ပုဂ္ဂိုလ် တဦးချင်းစီရဲ့ နာမည်တွေကို သက်သေအထောက်အထားတွေနဲ့ ဖေါ်ထုတ်ခံရမှာဖြစ်ပြီး တကယ်လို့ နိုင်ငံတကာတရားရုံးက ကိုင်တွယ်ပြီးဆိုရင် ဒီလူတွေအနေနဲ့ တရားရုံးမှာရင်ဆိုင်ရမယ်ဆိုတာ မြန်မာအစိုးရနဲ့ စစ်တပ်အနေနဲ့ သိထားသင့်ပါတယ်။”

Nicholas Koumjian ဟာ ၂၀၁၃ခုနှစ် နိုဝင်ဘာလကတည်းက ကမ္ဘောဒီးယားဆိုင်ရာ အထူးတရားရုံး ရဲ့ နိုင်ငံတကာ တွဲဖက် ရှေ့နေ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ ဒီမတိုင်ခင် ICTY ယူဂိုစလားဗီးယား နိုင်ငံဟောင်းဆိုင်ရာ နိုင်ငံတကာခုံရုံးမှာလည်း အမှုလိုက်ရှေ့နေ အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ ဒါအပြင် Mr. Koumjian ဟာ အရှေ့တီမောမှာ ကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေ စုံစမ်းစစ်ဆေးရေးမှာလည်း လက်ထောက် ရှေ့နေချုပ်အဖြစ်ထမ်းဆောင်ခဲ့သလို၊ Bosnia နဲ့ Herzegovina ဆိုင်ရာ နိုင်ငံတကာတရားရုံးရဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ ဌာနမှာ နိုင်ငံတကာရှေ့နေအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ နောက် Sierra Leone ဆိုင်ရာ အထူးတရားရုံးမှာလည်း Nicholas Koumjian ဟာ အဓိက အမှုလိုက်ရှေ့နေဖြစ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုမှာတော့ အစိုးရရှေ့နေအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ မြောက်ကိုရိုလိုင်းနားတက္ကသိုလ်ကနေ ဥပဒေဆိုင်ရာ ဒေါက်တာဘွဲ့ရခဲ့ပြီး ကာလီဖိုးနီးယားပြည်နယ် UCLA တက္ကသိုလ်ကနေ Business Administaration မာစတာဘွဲ့ရခဲ့တဲ့ Mr. Koumjian ဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနဲ့ အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေးလောကမှာ အတွေ့အကြုံအပြည့်အဝရှိသူလည်းဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့အနေနဲ့ လုပ်ဆောင်ရမယ့်တာဝန်တွေကတော့ ၂၀၁၂ခုနှစ် ကစပြီး ရခိုင်ပြည်နယ်က ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်မှုတွေနဲ့ အခြားတိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သက်သေအထောက်အထားတွေကို အခိုင်အမာ စုစည်းပြီး မှတ်တမ်းအဖြစ် ထိန်းသိမ်းထားပြီးနောက် မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာ ရာဇဝတ်မှုတရားရုံးကို လွဲှဲအပ်တာ ဒါမှမဟုတ် နိုင်ငံတကာ ရာဇဝတ်ခုံရုံးတရုံးကိုဖွဲ့စည်းတဲ့အခါမှာ အချက်အလက်တွေကို အဆင်သင့်တင်ပြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG