သုံးရလွယ်ကူစေသည့် Link များ

စစ်အာဏာသိမ်း နှစ် ၃၀ အကြာ


၁၉၈၈ စစ်တပ်အာဏာသိမ်းစဉ်
၁၉၈၈ စစ်တပ်အာဏာသိမ်းစဉ်

တိုင်းပြည်ဂျောက်ထဲ ကျတော့မယ့် အခြေအနေမျိုးကို ကယ်တင်ဖို့အတွက် ၁၉၈၈ စက်တင်ဘာလမှာ အာဏာသိမ်းခဲ့ရ တာပါလို့ မြန်မာ့တပ်မတော်က ပြောဆိုခဲ့တာဟာ စစ်တပ်က အာဏာကိုချုပ်ကိုင်လိုတဲ့ ဆန္ဒကြောင့် ဖြစ်တယ်ဆိုတာကို ဒီကနေ့အခြေအနေတွေက မီးမောင်းထိုးပြနေတယ်လို့ မြန်မာ့နိုင်ငံရေးမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတွေနဲ့ သမိုင်းပညာရှင်တချို့က ပြောဆိုလိုက်ကြပါတယ်။ စစ်တပ် အာဏာသိမ်း အနှစ်(၃၀)ပြည့်နေ့မှာ ပြောဆိုလိုက်ကြတာပါ။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၈၈၈၈ လူထုအုံကြွမှုကြီးအတွင်း သွေးရိုးသားရိုးမဟုတ်တဲ့ မငြိမ်မသက်မှုတွေ ပေါ်လာပြီးနောက် ၁၉၈၈ စက်တင်ဘာ(၁၈)ရက် ညနေပိုင်း ဒီကနေ့လို နေ့မျိုးမှာ စစ်တပ်က အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်က အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင် ဖြစ်ပြီး၊ အခုတော့ ကွယ်လွန် သွားပြီဖြစ်ပါတယ်။ တိုင်းပြည်ဂျောက်ထဲ ကျတော့မယ့် အခြေအနေကို ကယ်တင်ဖို့ အာဏာသိမ်းခဲ့ရတာပါလို့ အာဏာသိမ်း စစ်ခေါင်းဆောင် တွေကပြောခဲ့တာပါ။ စစ်ခေါင်းဆောင်တွေက တိုင်းပြည်ကိုတကယ်ပဲ ကယ်တင်ခဲ့တာပါလား။ ဖျက်သိမ်းထားပြီဖြစ်တဲ့ NCGUB အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးဖြစ်ခဲ့သူ ဒေါက်တာ တင့်ဆွေက အခုလိုမြင်ပါတယ်။

"အဲဒီအချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေက တရားဝင် အကြောင်းပြချက်ပေးပါတယ်၊ (ဂျောက်ထဲကျဖို့) လက်နှစ်လုံးအလိုမှာ ကယ်တင်ခဲ့တယ် ဆိုတာချည်းပါပဲ။ ဒီကနေ့ နှစ် ၃၀ ကြာတဲ့အခါမှာ ပြန်သုံးသပ်ရင် သူတို့ အကြောင်းပြချက်တွေဟာ မမှန်ဘူးဆိုတာကို ပိုပြီးတော့ သိသာလာတယ်ခင်ဗျာ။ တိုင်းပြည်အတွက် ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကြည့်ရင် စစ်တပ်အာဏာသိမ်းလို့ တိုးတက်လာတယ်လို့ ကျနော်တို့ မပြောနိုင်ပါဘူး။ စစ်တပ်အာဏာသိမ်းလို့ နိုင်ငံရေးစနစ် မမှန်ခဲ့တဲ့အတွက် ကျနော်တို့ ဒီထက်စောပြီးတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်မယ်ဆိုရင် ကျနော်တို့က ဒီအာဆီယံ အဆင့်လောက်တော့ ရောက်နိုင်တဲ့အနေအထားပေါ့။ အာဏာမသိမ်းဘူးဆိုရင် တိုင်းပြည်ကဆက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှု ရှိနိုင်တယ်။ ဒါကြောင့်စစ်တပ်က အာဏာသိမ်းချင်လို့ ရမယ်ရှာပြီးတော့ အကြောင်းပြတာလို့ ကျနော်ကတော့ မြင်ပါတယ်ခင်ဗျ။"

၈၈၈၈ မှာကျောင်းသားခေါင်းဆောင်ဖြစ်ခဲ့သူ ဦးမိုးသီးဇွန်ကလည်း လွန်ခဲ့တဲ့ အနှစ်(၃၀)က တိုင်းပြည်ကို အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင် တွေရဲ့ပြောစကားကို လက်ရှိအခြေအနေတွေနဲ့ နှိုင်းယှဉ်သုံးသပ်ရင် အလွယ်တကူ သိနိုင်တယ်လို့ ဆိုပါတယ်။

"စစ်တပ်က အာဏာသိမ်းတဲ့အခါမှာ သူတို့ပြောတဲ့စကားက ဘာရှိလဲဆိုတော့ နိုင်ငံတော်တည်ငြိမ်ရေး၊ လုံခြုံရေး အချုပ်အခြာအာဏာ ခိုင်မြဲရေးဆိုတဲ့ ကြွေးကြော်သံတွေပေါ့ ။ အခုကျနော်တို့ အနှစ်(၃၀) ပြန်ကြည့်မယ်ဆိုရင် သူတို့ပေးထားတဲ့ ကတိတွေ ကြွေးကြော်သံတွေကရော ဒီနေ့ ပြည့်ပြီလားဆိုတာ ပြန်ကြည့်ရင် သိသာသွားပြီ။ အခု ရခိုင်ပြည်နယ်မှာ ဖြစ်တဲ့အရေးကို ပြန်ကြည့်ပါ။ ဘာမှ တည်ငြိမ်မှုမရှိတော့ဘူး ၊ မြန်မာပြည်က နိုင်ငံတကာဖိအားပေးမှုကို ခံနေရတယ်။ တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ထားပေမယ့် ၁၄ ဖွဲ့လောက်က ဆက်ပြီး တိုက်နေတုန်းဖြစ်နေတယ်။ အခုလူတဦးချင်းကို လုပ်ကြံသတ်ဖျက်ခံရတာတွေ ၊ မတရားတယောက်နဲ့တယောက် ကလည့်စားချေတာတွေ ၊ အဓမ္မပြုကျင့်တာတွေဆိုရင် တိုင်းပြည်မှာရော လူတဦးချင်းမှာရော တည်ငြိမ်လုံခြုံမှုမရှိတော့ဘူး။ စစ်တပ်က အာဏာသိမ်းတယ် နှစ် ၃၀ကြည့်လိုက်တဲ့အခါမှာ မြန်မာပြည်အခြေအနေဟာ တတိုင်းပြည်လုံးဟာ ပြည်သူတဦးချင်းမှာရော တနိုင်ငံလုံးမှာရော တမျိုးသားလုံးမှာရော ဘယ်သူ့မှာ လုံခြုံမှုမရှိတော့ဘူး အဲဒါ အလွန်ဝမ်းနည်းစရာကောင်းတဲ့ အချက်ဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ ၁၉၆၂ မှာတကြိမ် ၁၉၈၈ မှာတကြိမ် စစ်တပ်က နှစ်ကြိမ်အာဏာသိမ်းခဲ့ပြီး ဒါတွေဟာ စစ်တပ်က အာဏာကိုချုပ်ကိုင်လိုတဲ့ ဆန္ဒတခုထဲကြောင့် ဖြစ်တယ်ဆိုတာပေါ်လွင်ကြောင်း ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာနေတဲ့ သမိုင်းပညာရှင် ဒေါက်တာအောင်ခင်က ထောက်ပြ ပါတယ်။

"သူတို့က အာဏာလိုချင်လို့ သိမ်းတာပဲ တိုင်းပြည်ကို ကယ်တင်ဖို့ သိမ်းတာမဟုတ်ပဲ။ သူတို့လုပ်တာနဲ့ သူတို့ပြောတာနဲ့က တခြားစီပဲ ။ တကယ်တမ်းတော့ ၈၈ မှာ အာဏာသိမ်းတာ တပြည်လုံးက အာဏာရှင်စနစ်ကို မကြိုက်တော့ဘူး အခုနောက်ဆုံးပိတ်အနေနဲ့ကတော့ အစိုးရလည်းမရှိတော့ဘူး ၊ ဘာမှမရှိတော့တာ ဗိုလ်နေဝင်းက အာဏာသိမ်းခိုင်းတော့ ဗိုလ်စောမောင်တို့က သိမ်းရတာပေါ့လေ။ သူတို့ အဲဒီအချိန်အထိက ဗိုလ်နေဝင်းခိုင်းတဲ့အတိုင်း လုပ်နေရတာ ။ နောက် စစ်တပ်ထဲမှာ ဗိုလ်နေဝင်းဆီကဟာကို ဗိုလ်သန်းရွှေက လုယူသွားတာပေါ့နော် ဒါပဲ။ စစ်တပ်က နိုင်ငံရေးလုပ်စားလာတာကြာပြီ နိုင်ငံရေးလုပ်စားတဲ့စစ်တပ်ပေါ့ဗျာ။ အဲဒီတော့ သူပြောတာတွေကတော့ ကယ်တင်တယ်ဆိုတာတွေက ဝါဒဖြန့်တာပဲ ။ ဘယ်တုန်းကမှ ကယ်တင်တာမဟုတ်ဘူး။ အဲဒီတော့ ကယ်တင်တယ်ဆိုရင် တိုင်းသူပြည်သားကြိုက်တဲ့အစိုးရကို လက်ခံရမှာပေါ့။ သူတို့က တိုင်းသူပြည်သားကြိုက်တဲ့အစိုးရမှမဟုတ်ပဲ သူတို့က ဘယ်အစိုးရတက်တက် ငါတို့က ရာသက်ပန် အာဏာရှိတဲ့ အဖွဲ့အစည်းဖြစ်နေတာပေါ့။ အဲဒီကတည်းက ကယ်တင်တာ ဘယ်ဟုတ်တော့မလဲ။"

၈၈ စက်တင်ဘာ(၁၈)ရက်နေ့မှာ အာဏာသိမ်းပြီး နောက်တနေ့ကစလို့ ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်နှိမ်နင်းမှုအတွင်း လူ(၃)ထောင် လောက် သေဆုံးခဲ့ရတယ်လို့ ခန့်မှန်းထားကြပါတယ်။ စစ်တပ်က ဦးဆောင်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အရေးပါတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာန ၃ခုကို စစ်တပ်က ချုပ်ကိုင်ထားတာကြောင့် မြန်မာနိုင်ငံဟာ အပြည့်အဝ ဒီမိုကရေစီ ရသေးတဲ့ နိုင်ငံတခုမဟုတ်ကြောင်း နိုင်ငံတကာပညာရှင်တွေက ထောက်ပြကြပါတယ်။

စစ်အာဏာသိမ်း နှစ် ၃၀ အကြာ
please wait

No media source currently available

0:00 0:05:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG